DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
စစ်အာဏာရှင်တပ်က မြိုင်ရေနံမှော်များကို မသိမ်းနိုင်လျှင် ဖျက်ဆီးပစ်ရန် ရည်ရွယ်နေ
သုတချမ်းသာ
·
July 30, 2026
မြိုင်မြို့နယ်က စစ်ရှောင်ပြည်သူများ။ (Photo : KMT)
မြိုင်မြို့နယ်က စစ်ရှောင်ပြည်သူများ။ (Photo : KMT)
Donate to DVB

စစ်အာဏာရှင်တပ်က မြိုင်မြို့နယ်ထဲက ရေနံမှော်တွေကို မသိမ်းယူနိုင်ရင်တောင် ဖျက်ဆီးပစ်ဖို့ ရည်ရွယ်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

ဇူလိုင် ၂၆ ရက်နေ့မှာ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ထဲက ဒေသကာကွယ်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရေနံမှော်တွေအနီး ၆ မိုင်အကွာဝန်းကျင်အကွာအထိ စစ်အာဏာရှင်တပ်တွေ ရောက်ရှိခဲ့ပြီး ဖိအားပေး တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့တာပါ။ 

မေလကုန်ပိုင်းကနေ အခု ဇူလိုင်လကုန်ပိုင်းအထိ မြိုင်နယ်ထဲကို ဝင်ရောက်လာတဲ့ စစ်ကြောင်းတွေက ဒေသခံပြည်သူ ၃၀ ထက်မနည်းသတ်ဖြတ်ခဲ့တာပါ။

မြိုင်ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တယောက်က “အခုလို စစ်ကြောင်းထိုးတာက ပြည်သူတွေ ဒုက္ခရောက်အောင်ရော အနေအထားနဲ့ ပုံစံမျိုးနဲ့ သူတို့က လာပြီးတော့ တော်လှန်ရေးကိုလည်း ရွပ်ရွပ်ချွံချွံ မလုပ်နိုင်အောင်လို့ ရည်မှန်းချက်နဲ့ ဒီကောင်တွေ စစ်ကြောင်းထိုးလာတာ ဖြစ်တယ်၊ ကျနော်တို့ မှော်ဒေသကိုလည်း ဖျက်ဆီးဖို့ရာ လာမယ်လို့လည်း ခန့်မှန်းထားတာတွေ ရှိတယ်၊ ရွာပေါင်း ၃၀ ကျော်လောက်တော့ ထွက်ပြေးနေရတယ်၊ အခုလက်ရှိကတော့ စစ်ကြောင်းတွေက တရွာဝင် တရွာထွက် ဝင်နေတာဖြစ်တဲ့အတွက်က အခုလက်ရှိ ပြည်သူတွေကိုလည်း ကျား၊ မ မရွေး သတ်ဖြတ်တာတွေလည်း ရှိတယ်ဗျ၊ စိတ်မနှံ့တဲ့သူတွေကိုလည်း သတ်ဖြတ်တာတွေ ရှိတယ်ဗျ” လို့ ပြောပါတယ်။

NLD အစိုးရလက်ထက်တုန်းက ပေါက်နဲ့ မြိုင်နယ်အစပ်မှာရှိတဲ့ ရေနံမှော်တွေကနေ နှစ်စဉ် ငွေကျပ်ဘီလီယံချီပြီး အခွန်ငွေရရှိခဲ့တာပါ။ ဒီလို ဝင်ငွေကောင်းတဲ့လုပ်ငန်းတွေကြောင့် ဒေသကာကွယ်ရေးအဖွဲ့တွေ အင်အားကောင်းနေတာလို့ စစ်အာဏာရှင်တပ်က ယူဆပြီး ရေနံမှော်တွေကို သိမ်းယူတာ၊ မီးရှို့ဖျက်ဆီးဖို့ ကြိုးစားတာတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက အသာစီးယူထားခဲ့တာ ဖြစ်ပါတယ်။

မကွေးဒေသခံနိုင်ငံရေးသမားတယောက်က “စကစ ဘက်က ဒီနယ်မြေတွေကို PDF ထောက်ပို့ အဓိကလုပ်တယ်လို့ ယူဆတယ်။ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအလုံးအရင်းထိုးဖို့ရှိတယ်လို့ သတင်းရတယ်ပေါ့လေ၊ ကျန်တဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးတဲ့ပုံစံနဲ့တော့ တူမယ် မထင်ဘူး၊ ဘာလို့ဆို ကာကွယ်ရေးအဖွဲ့တွေက အပြင်းအထန်ကာကွယ်မယ်လို့ သိရတယ်၊ ဆိုးဆိုးရွားရွား စစ်ရေးထိတွေ့မှုတွေ ဖြစ်မယ်လို့ ကျနော်တို့ ကြိုတင်ခန့်မှန်းထားတယ်။ ရေနံလုပ်ငန်းရှင်တွေ ရှိတယ်၊ ရေနံဆက်စပ်ပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်း စားသောက်ဆိုင်အပါအဝင် ဝန်ဆောင်မှုပေးတဲ့ ဆိုင်တွေလည်း ရှိတယ်။ တာဝန်ရှိတဲ့သူတွေက အတတ်နိုင်ဆုံး ရှောင်ကြဖို့တော့ ကြိုပြီးတော့ သတိပေးထားတယ်လို့တော့ သိရတယ်။ ရေနံမှော်တွေထဲမှာတော့ လူဦးရေက သိန်းနဲ့ချီပြီးရှိတာပဲ၊ ထိတွေ့တိုက်ပွဲဖြစ်တဲ့ ကာလတွေမှာတော့ သာမန်ပြည်သူတွေက တိမ်းရှောင်ကြရမှာဆိုတော့ အဲဒီနယ်မြေက တော်တော်လေးတော့ ဒုက္ခရောက်သွားမှာပေါ့” လို့ ပြောပါတယ်။ 

ပခုက္ကူခရိုင်ထဲက စစ်အာဏာရှင်စစ်ကြောင်းတွေ၊ စခန်းတွေနဲ့ ပျူစောထီးရွာတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက မေလကုန်ပိုင်းကစပြီး ဖိအားပေးတိုက်ခိုက်ခဲ့တာပါ။ မေ ၂၃ ရက်နေ့မှာ မြိုင်နယ်၊ သရက်ကန်ပျူစောထီးရွာကို ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပြီး ဇွန် ၄ ရက်နေ့မှာ ပေါက်နယ်၊ ကုက္ကိုစုပျူရွာနဲ့ ပေါက်နယ်၊ ရေပြာရဲစခန်းကိုပါ ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူခဲ့ပါတယ်။ 

ဇွန် ၂၃ ရက်နေ့မှာ စစ်ကောင်စီရဲ့ Mi-17 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၁ စီးကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့အထိ တော်လှန်ရေးအင်အားစုတွေဘက်က အသာစီးယူခဲ့ပါတယ်။ 

အဲဒီနောက်ပိုင်းမှာတော့ စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းနဲ့ မကွေးတိုင်း ပေါက်နဲ့ မြိုင် နယ်အစပ်က ရေနံမှော်တွေကို တိုက်ခိုက်ဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013