DVB Logo
Home
မြန်မာသတင်း
ရေကာတာစီမံကိန်းနှင့် ပြည်တွင်းစစ် ရပ်ရန် အဖွဲ့ ၉ ဖွဲ့ တောင်းဆို
DVB
·
July 4, 2011
ရေကာတာစီမံကိန်းနှင့် ပြည်တွင်းစစ် ရပ်ရန် အဖွဲ့ ၉ ဖွဲ့ တောင်းဆို
Donate to DVB

တရုပ်အစိုးရထံ ရေကာတာစီမံကိန်းကို ရပ်ဆိုင်းပေးဖို့နဲ့ သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ ပြည်တွင်းစစ်ရပ်စဲပေးဖို့ တောင်းဆိုထားတဲ့ ပန်ကြားချက် နှစ်စောင်ကို ပြည်တွင်းအခြေစိုက် အဖွဲ့ ၉ ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။


တရုတ်နိုင်ငံအနေနဲ့ မိမိတို့ကိုယ်ကျိုးစီးပွား တခုတည်းကို ကြည့်ပြီး ရေကာတာစီမံကိန်းကို ဆောင်ရွက်မနေဘဲ ဧရာဝတီမြစ်ကို မှီတင်းနေထိုင်ကြတဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးကို ငဲ့ကွက်ပြီး ရေကာတာစီမံကိန်းကို ရုပ်သိမ်းပေးဖို့ ကြေညာချက်တစောင်ကို ပြည်တွင်းအခြေစိုက်အဖွဲ့ ၉ ဖွဲ့က ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချမှုများ ရပ်တန့်ပေးဖို့၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဦးသိန်းစိန်အစိုးရဘက်မှ ပူးပေါင်းရပ်တည်ပေးကာ ၀င်ရောက်စွက်ဖက်နေမှုများအား ရပ်တန့်ပေးဖို့ စတဲ့တောင်းဆိုထားချက်တွေ ရေးသားထားကြောင်း အခြေခံပညာကျောင်းသားများသမဂ္ဂမှ ကိုနိုင်လင်းက ပြောပါတယ်။

“ဧရာဝတီမြစ်ကို မှီခိုနေတဲ့ မြန်မာပြည်သူတွေရဲ့ ဘ၀ကိုလည်း စာနာမှုမရှိဘဲ လျစ်လျူရှုထားကြတယ်။ တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူလူထုကို ငဲ့ညှာပြီးတော့ လုံးဝရုပ်သိမ်းပေးဖို့ မြန်မာပြည်သူတွေကိုယ်စား ကျနော်တို့ အင်အားစုများက တရုတ်အစိုးရကို ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်တယ်။”

အဲဒီပန်ကြားချက်ကို တရုတ်-မြန်မာ နှစ်ဘာသာနဲ့ ထုတ်ပြန်ထားပြီး တရုတ်ပြည်သူတွေကိုလည်း မြန်မာပြည်သူတွေကိုယ်စား တရုတ်အစိုးရထံ တောင်းဆိုပေးဖို့ ပန်ကြားထားတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ မကြည်သာတင့်က ပြောပါတယ်။

“တရုတ်အစိုးရဟာဆိုရင် မြန်မာအစိုးရနဲ့ အဆက်အသွယ်တွေ လုပ်တယ်။ ပြီးတော့ ကြံ့ဖွံ့ပါတီနဲ့လည်း ပါတီချင်းအဆက်အသွယ်လုပ်တယ်။ အဲဒီအခါမှာ ကျမတို့ကလည်း အိမ်နီးချင်း တရုတ်ပြည်သူတွေကို ကျမတို့ ခံစားမှုတွေကို တင်ပြပြီးတော့ ပြည်သူချင်းဆက်သွယ်မှုလေးကို စတင်လုပ်တာပါ။ နောင်ကိုလည်း တရုတ်ပြည်သူတွေနဲ့ မြန်မာပြည်သူတွေ ဆက်သွယ်ရေးတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ဆက်လက်ပြီး သမ္မတဦးသိန်းစိန်အစိုးရရဲ့ ကချင်ဒေသ ထိုးစစ်ဆင်စစ်ပွဲတွေဟာ လက်တလော ရေကာတာစီမံကိန်းကြောင့် ဖြစ်ပေမယ့် အခြေခံအကြောင်းရင်းကတော့ အစိုးရအဆက်ဆက် တိုင်းရင်းသားလူမျိုးစုတွေအပေါ် တန်းတူအခွင့်အရေးမပေးခဲ့ဘဲ ဆင်နွှဲနေတဲ့ ပြည်တွင်းစစ်ကြောင့် ဖြစ်ကြောင်းနဲ့ အဲဒီပြည်တွင်းစစ်တွေကို ရပ်စဲပေးဖို့ တောင်းဆိုထားတဲ့ ကျေညာချက်တစောင်ကိုလည်း ပူးတွဲထုတ်ပြန်ထားပါတယ်။

အခု ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ တိုင်းရင်းသားများနဲ့ စစ်အုပ်စုကြား ပြဿနာသက်သက်မဟုတ်ဘဲ မြန်မာပြည်သူလူထုအားလုံးနဲ့ သက်ဆိုင်တဲ့ မြန်မာနိုင်ငံဒီမိုကရေစီရေးတိုက်ပွဲပြသနာဖြစ်ကြောင်း အလေးပေးတင်ပြထားကာ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးကို အဖွဲ့ ၉ ဖွဲ့က ပူးတွဲပြီး အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ ရခိုင်ကျောင်းသားများသမဂ္ဂမှ ခိုင်ရာဇာလင်းက ပြောပါတယ်။

“ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီက ခေါင်းနဲ့ပန်းဖြစ်တာကြောင့် ဒီမိုကရေစီ မရှိရင် ငြိမ်းချမ်းရေးဆိုတာလည်း မရနိုင်ဘူး။ ငြိမ်းချမ်းရေးမရှိဘဲနဲ့လည်း ဒီမိုကရေစီ မရနိုင်ဘူးဆိုတာကို ယုံကြည်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးကို နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုနဲ့အတူ ပြည်တွင်းပြည်ပ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ အင်အားစုများအားလုံးနဲ့ ပြည်သူတရပ်လုံးကနေ အင်တိုက်အားတိုက် လှုပ်ရှားဆောင်ရွက်နေတယ်ဆိုတာကိုလည်း မီးမောင်းထိုးပြလိုက်တာပါ။”

ဒီကြေညာချက် နှစ်ခု ထုတ်ပြန်တဲ့ အဖွဲ့၉ ဖွဲ့ကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ ရက္ခအလင်းတန်း၊ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်များအင်အားစု၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ၂၀၀၇ မျိုးဆက်ကျောင်းသားများသမဂ္ဂ၊ ရခိုင်ကျောင်းသားများ သမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များသမဂ္ဂ၊ အခြေခံပညာကျောင်းသားများသမဂ္ဂ စတဲ့အဖွဲ့တွေဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013