DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲအပေါ် မစိုးရိမ်ရန် ဦးတင်အေး ပြော
DVB
·
November 8, 2015
ရွေးကောက်ပွဲအပေါ် မစိုးရိမ်ရန် ဦးတင်အေး ပြော
Donate to DVB

ရွေးကောက်ပွဲအပေါ် ဘာမှ မစိုးရိမ်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မဲရုံတွေမဖွင့်ခင် နာရီပိုင်းအလိုမှာ ပြောပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့က သမ္မတ ဦးသိန်းစိန် မဲပေးမယ့် နေပြည်တော်နယ်မြေထဲက မဲရုံမှာ စစ်ဆေးရင်းနဲ့ အခုလို ပြောလိုက်တာပါ။

ဦးတင်အေးက ဒီလိုပြောပေမယ့် မဲစာရင်း မတိကျတာကြောင့် နိုင်ငံအနှံ့မှာ မဲပေးခွင့်မရသူတွေ ရှိနေသလို၊ ကြိုတင်မဲကိစ္စတွေနဲ့ ပတ်သက်လို့ အတိုက်အခံ အန်အယ်လ်ဒီ အမတ်လောင်းတွေက အမှုဖွင့် တိုင်ကြားချက်တွေ၊ တချို့နယ်တွေမှာ အတိုက်အခံ အမတ်လောင်းတွေကို ခြိမ်းခြောက်တိုက်ခိုက်ခံရတဲ့ အဖြစ်တွေ ရှိခဲ့ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ၂ ရက်အလို နိုဝင်ဘာ ၆ ရက်နေ့မှာ  သမ္မတ ဦးသိန်းစိန်ကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မစိုးရိမ်ကြဖို့ အစိုးရအဖွဲ့ကရော၊ စစ်တပ်ကပါ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာသွားမယ်လို့ ထပ်လောင်း ကတိပြုခဲ့ပါတယ်။

ဒီနေ့ နိုင်ငံအနှံ့မှာ မဲဆန္ဒရှင် သန်း ၃၀ နီးပါး မဲပေးကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်အသီးသီးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက လေးပုံတပုံ အသင့် နေရာယူထားတာကြောင့် အခု ရွေးကောက်ပွဲဟာ လွှတ်တော်အသီးသီးရဲ့ လေးပုံသုံးပုံအတွက် ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

အကြိုစစ်တမ်းတွေအရ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ပြတ်ပြတ်သားသား အနိုင်ရဖွယ်ရှိပေမယ့် အာဏာရပါတီက ၂၀၁၀ ရွေးကောက်ပွဲတုန်းကလိုမျိုး မဲမသမာနည်းလမ်းတွေကို သုံးပြီး အနိုင်ယူသွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။

အခု ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီအနေနဲ့ မဲဆန္ဒနယ် အားလုံးထဲက ၇၀ ရာခိုင်နှုန်း နီးပါးလောက်မှာ အနိုင်ရမှသာ လွှတ်တော်မှာ အများစု လွှမ်းမိုးနိုင်မှာဖြစ်ပြီး ပါတီကတင်တဲ့ သမ္မတ ဦးဆောင်တဲ့ အစိုးရသစ်ကို ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၅ ရာခိုင်နှုန်း အနိုင်ရရုံနဲ့ လွှတ်တော်မှာ အဆင်သင့်ရှိနေတဲ့ တပ်မတော်အမတ်တွေနဲ့ ပေါင်းပြီး လွှတ်တော်ရဲ့ အများစု ဖြစ်လာပါလိမ့်မယ်။

ကြံ့ခိုင်ရေးက အနိုင်ရရင် လက်ရှိ သမ္မတ ဦးသိန်းစိန်ကိုပဲ သမ္မတအဖြစ် ရွေးချယ်ဖို့ လျာထားပြီး ဖွဲ့စည်းပုံအရ သမ္မတဖြစ်ခွင့် ပိတ်ပင်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အန်အယ်လ်ဒီက အစိုးရဖွဲ့နိုင်ရင် အုပ်ချုပ်ရေးအဖွဲ့ကို သူကပဲ  ဦးဆောင်ပဲ့ကိုင်သွားမယ်လို့ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013