DVB Logo
Home
မြန်မာသတင်း
တောင်ကြီးမြို့နယ်တွင် ကြံ့ခိုင်ရေးနှင့် ပအိုဝ်းပါတီကို ကြိုတင်မဲများ ထည့်ခိုင်းနေ
DVB
·
November 7, 2015
တောင်ကြီးမြို့နယ်တွင်  ကြံ့ခိုင်ရေးနှင့် ပအိုဝ်းပါတီကို ကြိုတင်မဲများ ထည့်ခိုင်းနေ
Donate to DVB

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ကျေးရွာအုပ်စုတချို့မှာ  ကြိုတင်မဲကောက်ခံနေရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ ပအိုဝ်းအမျိးသားအဖွဲ့ချုပ်ပါတီကိုသာ အတင်း မဲထည့်ခိုင်းနေတယ်လို့ ရွာသားတွေက ပြောပါတယ်။

တောင်ကြီးမြို့ တောင်ဘက် ၈ မိုင်အကွာ ထီဖောင်းကျေးရွာအုပ်စုထဲမှာ ရွာသူကြီးတွေက ရွာသားတွေကို အိမ်တအိမ်မှာ လာစုခိုင်းပြီး ကြိုတင်မဲ ကောက်ခံရာမှာ သူတို့ထည့်စေချင်တဲ့ အဆိုပါ ပါတီတွေကိုပဲ မဲထည့်ခိုင်းတယ်လို့ ထီဖောင်းအုပ်စု မဲရုံအမှတ် ၁ ကိုယ်စားလှယ် ဦးမောင်အေးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ကျေးရွာအုပ်စုထဲမှာ မနေ့ညကစပြီး ကြိုတင်မဲကောက်တယ်။ သူကြီးအိမ်မှာ လာစုပြီးထည့်ရတာ၊ ကြိုတင်မဲဆိုတာ ကျနော်တို့သိထားတာက မသွားနိုင် မလာနိုင်တဲ့ လူအိုတွေ မကျန်းမာတဲ့လူတွေပဲ အရင်ထည့်ရတာလေ၊ အခုဟာက လူကောင်းတွေလည်းပါတယ်။ အဲဒီ မဲထည့်တဲ့နေရာကို လမ်းကောင်းကောင်းလျှောက်ပြီး လာနိုင်တာပဲ။ ပြီးတော့ ကြံ့ခိုင်ရေးပါတီနဲ့ နဂါးပါတီ (ပီအန်အို) တခုခုကိုပဲ ထည့်ရမယ်လို့ ပြောတယ်တဲ့၊ ရွာသားတွေပြန်ပြောပြတာ။ အဲဒီကြိုတင်မဲကောက်တာကို ကျနော်တို့ မဲရုံကိုယ်စားလှယ်ကိုလည်း အသိမပေးဘူး။”

မနေ့ညက ကြိုတင်မဲထည့်တဲ့ထဲမှာ ညိုမီးရွာက လူ ၁၀၀ နီးပါး၊ သရက်ပင်ရွာက ၂၀ ကျော် ပါသွားပြီး သက်ဆိုင်ရာသူကြီးနဲ့ ကျောင်းဆရာ၊ ဆရာမတွေပါတဲ့ အဖွဲ့ကတဖွဲ့ ၃ ယောက်ခွဲပြီး ကြိုတင်မဲ ကောက်ယူတာလို့ ဆိုပါတယ်။

ထီဖောင်းကျေးရွာအုပ်စုထဲမှာ ထီဖောင်း၊ ထီဟန်ဆွေး၊ တံတားမီးလောင်၊ ဂနိုင်လာ၊ ဂနိုင်ကြက်မီး၊ နောင်ဘို့ စတဲ့ ကျေးရွာပေါင်း ၂၀ ကျော် ပါဝင်ပါတယ်။

အလားတူ တောင်ကြီးမြို့ တောင်ဘက် ၁၂ မိုင်အကွာ နောင်ကားကျေးရွာအုပ်စုထဲမှာလည်း ပအိုဝ်းပါတီတွေကိုပဲ မဲထည့်ဖို့ ရွာသူကြီးတွေက ပြောကြောင်း ဒေသခံရွာသူ နန်းစိုးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ညနဲ့ ဒီနေ့ပေါ့ ကြိုတင်မဲတွေ ထည့်နေကြတယ်၊ ရွာသူကြီးအိမ်မှာ သွားထည့်ရတယ်၊ သူကြီးက နဂါးပါတီပဲထည့်လို့ ပြောတယ်တဲ့။ ဘာဖြစ်လို့လဲဆို နဂါးက ပအိုဝ်းပါတီ၊ နင်တို့ သေရေးရှင်ရေး အခက်အခဲရှိရင် တခြားပါတီက ကူမှာမဟုတ်ဘူး၊ ပအိုဝ်းပါတီကိုပဲ ထည့်ကြလို့ပြောတယ်၊ နောင်ကား၊ နောင်ပစ်၊ ဖာမွန်း၊ ထီဖောင်း ဒီတကြောလုံးပဲ နဂါးပါတီပဲထည့်ဖို့ လူကြီးတွေက ပြောတယ်ရှင့်။”

လွယ်ကောင်းရွာက မဲရုံကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးထွန်းငယ်ကတော့   ကြိုတင်မဲကောက်ရာမှာ သူကိုယ်တိုင် ပါဝင်စောင့်ကြည့်ခဲ့တဲ့အတွက် ဘယ်သူမှ ဟိုပါတီ၊  ဒီပါတီ အတင်းထည့်ခိုင်းတာတွေ မလုပ်ရဲဘူးလို့ ပြောပါတယ်။

လုံးကောင်ကျေးရွာက ရွာသားတဦးကတော့ သူဟာ ပအိုဝ်းဖြစ်တဲ့အတွက် ပအိုဝ်းပါတီကိုသာ ထည့်မှာဖြစ်ကြောင်း၊ သူတို့ရွာသူကြီးကလည်း အဲဒီလိုပဲ ပြောထားတယ်လို့ ဆိုပါတယ်။

တောင်ကြီးမြို့နယ်ထဲက ကျေးရွာအုပ်စုတွေမှာ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းပါတီတွေဖြစ်တဲ့ ကျားခေါင်းပါတီနဲ့ ကျားဖြူပါတီ စတဲ့ ပါတီ ၆ ပါတီက ကိုယ်စားလှယ်လောင်းတွေ ယှဉ်ပြိုင် အရွေးခံကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013