
စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲဆက်တိုက်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ တောင်းရမ်းစားသောက်သူ အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းနဲ့စာရင် အခုနှစ်ပိုင်းတွေထဲ ပိုများလာတယ်လို့ ဒေသတွင်းနေထိုင်သူတွေက ပြောပါတယ်။
ရခိုင်ဒေသမှာ စစ်ရေးပဋိပက္ခတွေနဲ့ သဘာဝဘေးတွေပါ ကြုံနေရတာဖြစ်ပြီး စစ်အာဏာရှင်တပ်က ရခိုင်ဒေသကို ကုန်သွယ်ရေး၊ စီးပွားရေး၊ ကုန်စည်လမ်းကြောင်းတွေ အပါအဝင် ဆက်သွယ်ရေးပါ ဖြတ်တောက်ထားခဲ့လို့ ပြည်သူတွေဟာ ဆင်းရဲကျပ်တည်းမှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရကြရတာပါ။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစလို့ တောင်းရမ်းစားသောက်သူတွေ ဒေသတွင်း အတွေ့များလာပြီး အခု ၂၀၂၆ ခုနှစ်နှောင်းပိုင်းမှာဆိုရင် ပိုတိုးလာတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်အရေး ကူညီပေးနေသူတယောက်က ပြောပါတယ်။
“တောင်းရမ်းစားသောက်တဲ့ အရေအတွက်က တိုးပါတယ်။ ဒီနှစ်တွေထဲမှာ ပိုတိုးလာတယ်။ အများအားဖြင့်တော့ စစ်ဘေးရှောင်တွေထဲကပေါ့။ ကလေးတွေ များတယ်။ လူကြီးတွေလည်း ပါတယ်။ ဒါကတော့ ပြောရခက်ပါတယ်။ အလုပ်မရှိလို့ ဆိုတာထက် တချို့ကျတော့လည်း အလုပ်လုပ်လို့ ရပေမဲ့ အလုပ်လုပ်လို့ရတဲ့ ပိုက်ဆံက တောင်းလို့ရတဲ့ ပိုက်ဆံလောက်မရတော့ တောင်းဖို့လမ်းကို ရွေးကြတာလည်း ရှိတယ်။”
လက်ရှိ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်စခန်းတွေမှာ တောင်းရမ်းသူအများစုဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းက စခန်းတခုမှာ တောင်းရမ်းစားသောက်သူ တယောက်၊ နှစ်ယောက်လောက်သာ ရှိခဲ့ပေမဲ့ လက်ရှိမှာတော့ စခန်းတခုက အိမ်ထောင်စု ၅ ပုံ ၁ ပုံလောက်ဟာ တောင်းရမ်းစားသောက်နေရတယ်လို့ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတခုရဲ့ တာဝန်ခံတယောက်က ပြောပါတယ်။
“တောင်းတဲ့ထဲမှာ တချို့ကျတော့ အမြဲတောင်းတာရှိတယ်။ တချို့ကျတော့လည်း အဆင်မပြေတဲ့နေ့ တောင်းကြတာ ရှိပါတယ်။ အမြဲတောင်းတာကတော့ ကလေးတွေ။ တချို့လူတွေက စားစရာ လုံးဝမရှိတော့ဘူး။ သူများဆီကလည်း ချေးငှားမရတော့တဲ့ အခြေအနေမှာမှ တောင်းကြတာရှိတယ်။ အဲဒီလိုလူတွေက ပိုများပါတယ်။”
ရခိုင်မှာ တောင်းရမ်းစားသောက်သူ အရေအတွက်တိုးလာတာဟာ စစ်အာဏာရှင် ထိန်းချုပ်ဒေသမှာရော အာရက္ခတပ်တော်ထိန်းချုပ်ဒေသမှာပါ ဖြစ်ပေါ်နေတာဖြစ်ပြီး ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုနဲ့ အလုပ်အကိုင် ရှားပါးမှုနဲ့လည်း ဒေသခံတွေ ကြုံတွေ့နေပါတယ်။
ပြည်နယ်တခုလုံးမှာ ကုန်စည်ဈေးအမြင့်ဆုံးဖြစ်နေတဲ့ စစ်အာဏာရှင်ထိန်းချုပ်တဲ့ ကျောက်ဖြူမြို့နယ်မှာ ဆိုရင်လည်း မြို့တွင်း တောင်းရမ်းစားသောက်သူ အရေအတွက်ဟာ သိသိသာသာ တိုးလာနေတယ်လို့ ကျောက်ဖြူဒေသခံတယောက်က ပြောပါတယ်။
“ကျောက်ဖြူမှာ အရင်တုန်းက တောင်းရမ်းသူမရှိသလောက်ပဲ။ ခုနောက်ပိုင်း ကလေး၊ လူကြီး အရွယ်စုံ တောင်းရမ်းလာကြတယ်။ ကလေးတွေ ပိုများတယ်။ ကုန်ဈေးနှုန်းတွေတက် အလုပ်ကိုင်က မရှိ၊ ထွက်ပေါက်မရှိနဲ့ ပိုက်ဆံရှိသူတွေတောင် ချွေတာရတဲ့အခြေနေမှာ အခြေခံလူတန်းစားတွေအတွက်ကျတော့ ငတ်မသေဖို့ ဒီလမ်းကို အရွေးများလာကြတာပါပဲ။”
ရခိုင်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာကလည်းက ဒုတိယအကြိမ်မြောက် တကျော့ပြန်တိုက်ပွဲဟာ ၃ နှစ်လောက် ရှိလာပြီး အာရက္ခတပ်တော်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ရရှိထားပါတယ်။
ဒီ ၃ နှစ်တာကာလအတွင်းမှာ ရခိုင်ပြည်နယ်တခုလုံး အတိုင်းအတာအရ ကုန်စည်ပြတ်လပ်တာ၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်တာနဲ့ အလုပ်အကိုင် ရှားပါးမှုတွေဟာ တဟုန်ထိုးမြင့်တက်ခဲ့ပြီး ပြည်သူတွေ ဆင်းရဲကျပ်တည်းလာချိန်မှာ တောင်းရမ်းစားသောက်သူ အရေအတွက်ဟာလည်း ပိုတိုးလာနေတာ ဖြစ်ပါတယ်။











