DVB Logo
Home
မြန်မာသတင်း
ဦးသိန်းညွန့်အုပ်စု နိုင်ငံရေးပါတီထောင်ပြီ
DVB
·
July 4, 2011
ဦးသိန်းညွန့်အုပ်စု နိုင်ငံရေးပါတီထောင်ပြီ
Donate to DVB

အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက ခွဲထွက်ခဲ့ကြတဲ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ် ၅ ဦး ပါဝင်တဲ့အဖွဲ့ဟာ ဒီကနေ့မှာ အမျိုးသားဒီမိုကရေစီပါတီသစ် NEW NATIONAL DEMOCRACY PARTY (NNDP) ဆိုတဲ့အမည်နဲ့ ပါတီထူထောင်ခွင့် လျှောက်ထားလိုက်ပြီ ဖြစ်ပါတယ်။

[caption id="attachment_12069" align="alignleft" width="300" caption="ဦးသိန်းညွန့်"][/caption]

ဦးသိန်းညွန့် အပါအ၀င် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်  ၅ ဦးနဲ့အတူ လူငယ် ဟစ်ဟော့အဆိုတော် ရသအပါအ၀င် ထူထောင်သူ အယောက် ၂၀ စာရင်းကို တင်ပြပြီး နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေး ကော်မရှင်မှာ လျှောက်ထားခဲ့တာ ဖြစ်တယ်လို့ ဦးသိန်းညွန့်က ဆိုပါတယ်။

“ဒီနေ့ ကော်မရှင်ရုံးမှာ ကျနော်တို့ အမျိုးသားဒီမိုကရေစီ ပါတီသစ်ကို တည်ထောင်သူ အယောက် ၂၀ ပေါ့။ ဥပဒေ နည်းဥပဒေနဲ့ အညီ သတ်မှတ်ထားတဲ့ ပုံစံနဲ့သွားရောက်ပြီးတော့ တင်ပါတယ်။ အခု အယောက် ၂၀ မှာ ၁၂ ယောက်က နှစ်ပေါင်း ၂၀ ကျော်လုံးလုံး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ လုပ်ခဲ့တဲ့သူတွေ။ ၉၀ ခုနှစ် ရွေးကောက်ပွဲ အတွေ့အကြုံ ရှိခဲ့ပြီးတော့ ၂၀၁၀ မှာလည်း ပါဝင်ခဲ့တဲ့သူတွေ ဖြစ်နေတယ်။ ကျန်တဲ့သူတွေ အားလုံးကလည်း ရသအပါအ၀င်ပေါ့။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကျနော်တို့နဲ့ လက်တွဲပြီးတော့ မိုးထဲလေထဲမှာ ပါဝင် ပတ်သက်ခဲ့ပြီးတော့ တယောက်နဲ့တယောက် သစ္စာရှိပြီးတော့ နိုင်ငံရေးကို နောက်ကျောကနေ ဓားနဲ့မထိုးမယ့်သူတွေနဲ့ ပါတီကို တည်ထောင်တာပါ။”

အမျိုးသားဒီမိုကရေစီပါတီသစ်နာမည်နဲ့ ပါတီထူထောင်ခွင့် လျှောက်ထားတဲ့ အပေါ်ကိုလည်း ဦးသိန်းညွန့်က အခုလိုပြောပါတယ်။

“၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း အမျိုးသားဒီမိုကရေစီ အင်အားစုဆိုတဲ့ နာမည်က ကျနော်ရွေးပေးခဲ့တာပါ။ အဖွဲ့ချုပ်က မေ ၆ ရက်နေ့မှာ ဥပဒေကြောင်းအရ ပါတီဖျက်သိမ်းလိုက်တယ်လို့ ခံယူထားတဲ့ လူတွေနဲ့ ကျနော်တို့ ရွေးကောက်ပွဲလမ်းကြောင်း ၀င်ဖို့ပေါ့။ အဲဒီတုန်းကလည်း ကျနော်လုပ်ခဲ့တာပါ။ သို့သော်လည်း ရွေးကောက်ပွဲနိုင်ပြီး ၁၀ ရက်မှာ ကျနော့်ကို သူတို့ ထုတ်ပယ်ခဲ့တယ်။ ဒါသူတို့အပိုင်းပေါ့။ အဲတော့ ကျနော်ကလည်း အခု အမျိုးသားဒီမိုကရေစီ ပါတီသစ်ကို တည်ထောင်တာကလည်း ရွေးကောက်ပွဲလမ်းကြောင်းကို သွားဖို့ပါ။ ဒီတခါတော့ သစ္စာရှိတဲ့လူ၊ မကောက်ကျစ်တဲ့လူ၊ နိုင်ငံရေးကို နောက်ကျောက ဓားနဲ့မထိုးမယ့်လူတွေနဲ့ နှစ်ပေါင်း ၂၀ သစ္စာရှိတဲ့ လူတွေနဲ့ အခြေခံထားပြီးတော့ ဖွဲ့ထားတာပါ။”

အခုထူထောင်ထားတဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်မှာတော့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲအနိုင်ရ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်နဲ့အတူ လသာလွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်အပါအ၀င် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးကျော်နဲ့ ဒေါ်စန်းစန်းမြင့်တို့ပါဝင်ထားပါတယ်။

အမျိုးသားဒီမိုကရေစီပါတီသစ်အနေနဲ့ တနိုင်ငံလုံးအတိုင်အတာနဲ့ ၀င်ရောက် ယှဉ်ပြိုင်နိုင်မယ့် နိုင်ငံရေးပါတီအဖြစ်ထူထောင်မှာ ဖြစ်ပြီး မကြာခင်မှာကျင်းပဖို့ရှိနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ရန်ကုန်တိုင်းထဲက ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့  မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်မြေတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပြီလို့လည်း ဦးသိန်းညွန့်က ဆိုပါတယ်။

ဦးသိန်းညွန့်ဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတုန်းကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရသူ တဦးဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာလည်း အဲ့ဒီ မဲဆန္ဒနယ်မြေကပဲ ထပ်မံ ရွေးကောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013