DVB Logo
Home
မြန်မာသတင်း
၂၀၁၅ ရွေးကောက်ပွဲ ဆန္ဒမဲပေးကြမည့် ပြည်သူ့ရင်ခုန်သံ
DVB
·
November 7, 2015
၂၀၁၅ ရွေးကောက်ပွဲ ဆန္ဒမဲပေးကြမည့် ပြည်သူ့ရင်ခုန်သံ
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပတော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ မဲပေးကြမယ့် ပြည်သူတွေရဲ့ ရင်ခုန်သံကို မေးမြန်းထားပါတယ်။

ဦးသောင်းတင် ( ထန်းတပင်ကျေးရွာ။ ဟင်္သာတမြို့နယ်)

“ကျနော်တို့ရဲ့ ၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲဟာ သမိုင်းဝင်သော ရွေးကောက်ပွဲကြီး တခုဆိုတာကိုလည်း ကျနော်တို့က ထင်မိပါတယ်။ ဘာလို့လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ ကျနော်တို့ အသက်အရွယ်ရောက်တဲ့အချိန်မှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတခုကို ကြုံခဲ့ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း တချက်ကြုံခဲ့ပါတယ်။ သို့သော် အဲဒီရဲ့ ရွေးကောက်ပွဲတွေထက် တန်ဖိုးအရှိဆုံးသည် ၂၀၁၅ ရွေးကောက်ပွဲဟာ သမိုင်းဝင် မော်ကွန်းတင်လောက်တဲ့ ပွဲတပွဲဖြစ်မယ်လို့ ကျနော်တို့က ယုံကြည်လက်ခံပါတယ်။ ကျနော်တို့ဆီမှာတော့ ဘယ်ပါတီ၊ ညာပါတီ ထည့်ရယ်လို့တော့ မဟုတ်ပါဘူး။ ပြည်သူတရပ်အနေနဲ့ ပါဝင်ဆင်နွှဲ့ခွင့်ရတဲ့ လွတ်လွတ်လပ်လပ်နဲ့ အစိုးရသစ်ကြီးတခုကို ပေါ်ပေါက်လာဖို့အတွက် ပေးရတဲ့နေရာမျိုးမှာ အမှားမှားအယွင်းယွင်းတွေ ဖြစ်သွားမှာကိုပဲ ပူပန်မိပါတယ်။ ”

ကိုမျိုးသက်ကျော် (အထူးရဲ ဒူးယားရဲစခန်း၊ ဟင်္သတမြို့နယ်)

“ဒီပတ်ဝန်းကျင်မှာ လက်ရှိ ကျနော်တို့ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ ကော်မရှင်အဖွဲ့တွေ၊ ပါတီဝင်တွေနဲ့လည်း တယောက်နဲ့တယောက်ပြသနာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံးကလည်း ဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်းနဲ့ ဖြစ်စေချင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်နေတယ်။ အဲတော့ ကျနော်တို့ကလည်း လုံခြုံရေးပိုင်းမှာကော သူတို့ စိချမ်းချမ်းသာသာနဲ့ ဖြစ်ဖို့အတွက်ကို ကျနော်တို့ဖက်ကနေပြီးတော့ တာဝန်ယူဆောင်ရွက်သွားမယ်။”

ဒေါ်ခင်ညွှန့်မူ (ပဲခူးမြို့)

“ဒီရွေးကောက်ပွဲကတော့ အများပြည်သူဆန္ဒအတိုင်း မှန်မှန်ကန်ကန်လေး ဖြစ်စေချင်ပါတယ်။ ပြည်သူက မဲအများဆုံးပေးတဲ့ပါတီကို ဟိုဒင်းမယ်ဆိုလို့ရှိရင်လည်း  အဲဒီပါတီက မှန်မှန်နဲ့ မဲတွေရရှိပြီးတော့ အောင်နိုင်စေချင်တာပေါ့။ အဓိကကတော့ ပြည်သူတွေက သူတို့ ပြောင်းလဲပေးနိုင်မဲ့ပါတီကို သူတို့ အားကိုးတာပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် မဲပေးတုန်းက အမှားအမှန်တခုပဲ ပေးရတာဆိုတော့ မဲပုံးတပုံးပဲ ထည့်ရတာပေါ့။ အခုဟာက မဲ ၃ ပုံးထည့်ရမယ်ဆိုတော့ လူကြီးတွေအနေနဲ့ ရှုပ်ထွေးပြီးတော့ မှားမှာ စိုးရတယ်။”

ကိုထွန်းထွန်းဝင်း (မိတ္ထီလာ)

“အရင်တုန်းက ကျနော်မဲပေးခဲ့ဖူးပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းကပါ။ ဒီပွဲကတော့ ရင်တော့ တော်တော်ခုန်ရတဲ့ပွဲပဲ။ ကြည့်ရတဲ့အနေအထားအရ အဓိက မဲတွေက အခုချိန်ထိထောင် ၃ ကြိမ်မြောက်ထိထောင် နာမည်တွေ မပါတာတွေက ရှိနေတာဆိုတော့ အဓိက ပြသနာတွေက ရင်ခုန်ရတယ်လို့ ပြောရမှာပေါ့။ ၂၀၁၂ တုန်းကတော့ အခုလောက်ကြီး မဟုတ်ဘူး။ အခုဥစ္စာကတော့ တကယ့်ကို အန်အယ်လ်ဒီက နိုင်မယ်ဆိုရင် တကယ်ပြောင်းလဲလိမ့်မယ်လို့ ကျနော်က ယူဆထားတာ။  အဓိကကတော့ ပြောင်းလဲမှုလေး တခုဖြစ်စေချင်တယ်။ မှန်မှန်ကန်ကန်လေး ဖြစ်စေချင်တာပေါ့။ ဒါပေမယ့် မှန်ကန်မယ့် ရွေးကောက်ပွဲတော့ မဖြစ်လောက်ဘူးလို့ ကျနော်ထင်တယ်။”

ဒေါ်ပြုံးယဉ် (သာစည်)

“အန်တီက ၉၀ တုန်းက မဲပေးဖူးပါတယ်။ ၉၀ တုန်းကတော့ လွယ်ကူတယ်။ အခုဟာက နည်းနည်း ခက်တယ်။ အမှားများနိုင်တဲ့ပုံစံမျိုးပေါ့။ ၉၀ တုန်းကဆိုရင် ကျမတို့က မဲစာရွက်ကို ယူသွားတယ်။ မဲခန်းထဲ ရောက်လို့ရှိရင် မဲပုံထဲကို ထည့်ရတယ်။ အခုဟာကကျတော့ စနစ်နဲ့ မဲစာရွက်ထုတ်ရတယ်။ နည်းနည်း ခက်ခဲတယ်ပေါ့နော်။ အမှားများနိုင်တာပေါ့။ သေချာ စိစစ်ပြီးလုပ်မှသာလျှင် ရမှာပေါ့။ အန်တီကတော့ အကောင်းဆုံးပဲဖြစ်ချင်တာပေါ့။  ”

ဦးကျော်မင်းစိန် (ဘားအံ)

“အန်ကယ်ကတော့ စင်ကာပူကလူတွေကို အားကျလို့ ညသွားစောင့်အိပ်မလားလို့။ အရင် ၂၀၁၂ တုန်းက ပေးတာကလည်း အမှန်ခြစ်ပဲ ပေးဖူးတာလေ။ အခုကတော့ တော်တော်လေး အားရစရာ ကောင်းတယ်။ ဗဟုသုတဖြစ်စရာကောင်းတဲ့ ရွေးကောက်ပွဲပဲ။ အခင်းအကျင်းတွေ ကတော့ ဒီလောက်ထိ ညစ်ပတ်တဲ့ကြားထဲကနေပြီး ဒေါ်စုတို့ အဖွဲ့ကတော့ ကောင်းကောင်းမွန်မွန်လုပ်နေတာကို။ ဒို့ကတော့ ခွတ်ဒေါင်းပဲလေ။”

ဒေါ်စန်းစန်းတင် (မင်္ဂလာတောင်ညွန့်မြို့နယ် အမက ၁၄ မဲရုံဝန်ထမ်း)

“မဲပေးရမယ့် ခံစားချက်ကို ပြောရမယ်ဆိုရင် ကျမတို့ ကောင်းကောင်းမွန်မွန်နေရမယ်။ နောက်ကျောလုံမယ်၊ သားသမီးတွေလည်း ကောင်းကောင်းမွန်မွန် နေရမယ်။ အစစအရာရာ ပြောင်းလဲသွားမယ်လေ။ အဲဒါကြောင့် ထည့်မှာပါ။”

ကိုလှဇော်  (ထိုင်းနိုင်ငံ ကန်ချနဘူရီရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား)

“ကျနော်က မကွေးတိုင်း ဆင်ပေါင်ဝဲကပါ၊ မဲတော့ပေးချင်တယ်။  ဒါပေမယ့် ထိုင်းနိုင်ငံမှာ ရောက်နေတဲ့အခါကျတော့ သူဌေးက အခွင့်အရေး မပေးဘူး။ အခက်အခဲရှိတယ် ။ ဒီမှာက သံရုံးကလည်း မဲအတွက်ကို လာပြောခြင်းဆိုခြင်းမရှိကြဘူး။ လူတွေကလည်းမဲနဲ့လည်း အလှမ်းဝေးတယ်လေ။ မြန်မာပြည်ပြန်ပြီး မဲပေးမယ့်လူ  ဒီပတ်ဝန်းကျင်မှာတော့ အတော်လေးရှားတယ်။  ဒီမှာက အလုပ်သမားပေါင်း ၅၀၀ လောက်ရှိတယ် မဲပေးမယ့်သူက အယောက် ၁၀၀မှာ ၁ယောက်တောင်မရှိပါဘူး။ မဲပေးခွင့်မရဘူးဆိုတော့ အများကြီးဆုံးရှူံးထာပေါ့။ အစိုးရက မနိုင် နိုင်မယ့်နည်းနဲ့ ရအောင်လုပ်မှာပဲ။ ကျနော်တို့ မလာဘူးဆိုရင် ကျနော်တို့ မှတ်ပုံတင်တွေ ခုတုံးလုပ်ပြီးတော့ မဲတွေထည့်မှာစိုးရိမ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013