DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း ၃ မြို့နယ်တွင် အန်အယ်လ်ဒီပါတီ အခက်တွေ့နိုင်
DVB
·
November 6, 2015
ရန်ကုန်တိုင်း ၃ မြို့နယ်တွင် အန်အယ်လ်ဒီပါတီ အခက်တွေ့နိုင်
Donate to DVB

ရန်ကုန်တိုင်း ၄၅ မြို့နယ်အတွင်း အဖွဲ့ချုပ်အနေနဲ့ အခက်အခဲတွေ့နိုင်တဲ့ မြို့နယ် ၃ ခုလောက် ရှိတယ်လို့ ရန်ကုန်တိုင်း အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်၊ အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးစိုးမြင့်ထိန်က ပြောပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းလောက်ပဲ လိုတော့တဲ့အချိန်မှာ သူက ခုလို ပြောဆိုလိုက်တာဖြစ်ပြီး ရန်ကုန်တိုင်းထဲက ကျောက်တန်း၊ ကိုကိုးကျွန်းနဲ့ လှိုင်သာယာမြို့နယ်တို့မှာ ၀င်ပြိုင်မယ့် အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေ အခက်တွေ့နိုင်တယ်လို့ ပြောဆိုလိုက်တာပါ။

"ကျောက်တန်းမှာ ကြိုတင်မဲနဲ့ ပတ်သက်ပြီးတော့ ကော်မရှင်ရုံးမဟုတ်ဘဲနဲ့ အိမ်မှာ သွားထားတဲ့ အနေအထားလေးတွေ ရှိတယ်၊ ကိုကိုးကျွန်းမှာကျ ရွှေ့ပြောင်းမဲပေးနိုင်တဲ့ အနေအထားမျိုးတွေ ရှိနေတယ်။ အဲ့ဒီမှာ သန်လျက်စွန်းတို့၊ ဟိုင်းကြီးကျွန်းတို့လို နေရာ ၅ နေရာလောက်က အဲ့ဒီမှာလည်း မဲပေးတယ်။ ဒီဘက်တခါလာ မဲပေးတယ်၊ အဲ့ဒါမျိုးတွေ ဖြစ်ပွားနေတယ်။ လှိုင်သာယာမှာလည်း အလားတူပါပဲ။ ကြိုတင်မဲနဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ နောက် မဲစာရင်းအပို ပါနေတဲ့ကိစ္စတွေ၊ ကျုးကျော်တွေ အများကြီး နေနေတဲ့ကိစ္စတွေ၊ အဲ့ဒါတွေက တော်တော်များများ ဖြစ်နေတယ်။"

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အဖွဲ့ချုပ်အနေနဲ့ သက်ဆိုင်ရာကော်မရှင်ထံ ကန့်ကွက်တင်ပြထားတယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ပါတီကြီး ၂ ခုဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့အဖွဲ့ချုပ်တို့က မြို့နယ် ၄၅ ခုစလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်ကြပြီး ပါတီလတ်တွေဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၊ အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ အမျိုးသားဒီမိုကရေစီပါတီသစ်နဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) စတဲ့ ပါတီကိုယ်စားလှယ်တွေလည်း နေရာအနှံ့ ပါဝင်ယှဉ်ပြိုင်ကြပါတယ်။

ဒါ့အပြင် ဒေါ်ညိုညိုသင်း၊ ဦးဖုန်းမြင့်အောင် စတဲ့ လက်ရှိ အမတ်တွေကလည်း တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေအနေနဲ့ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

တိုင်းအတွင်း ၄၅ မြို့နယ်၊ မဲပေးနိုင်သူပေါင်း ၅ သန်းလောက်ရှိပြီး  လှိုင်သာယာမြို့နယ်မှာ မဲပေး နိုင်သူပေါင်း ၄ သိန်း ၅ သောင်းကော်ျနဲ့ တိုင်းအတွင်း အများဆုံးအရေအတွက် ဖြစ်ပါတယ်။ ကိုကိုးကျွန်းမှာတော့ မဲပေးနိုင်သူ ၁၂၀၀ လောက်ပဲရှိပြီး အနည်းဆုံး ဖြစ်ပါတယ်။

Info Digest ဂျာနယ်ရဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ထင်ရှားသူများ စာရင်းဖော်ပြချက်အရ ရန်ကုန်တိုင်းထဲ ၀င်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေထဲမှာ လက်ရှိလွှတ်တော်ဒုဥက္ကဋ္ဌတွေဖြစ်တဲ့ ဦးမြညိမ်းနဲ့ ဦးနန္ဒကျော်စွာ၊ လက်ရှိ ၀န်ကြီးတွေဖြစ်တဲ့ ဦးအုန်းမြင့်၊ ဦးခင်မောင်စို၊ ဒေါက်တာသန်းအောင်တို့ ပါဝင်ပါတယ်။

ဒါ့အပြင် လက်ရှိအမတ်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်၊ ဒေါက်တာခင်ရွှေ၊ ဒေါက်တာမြတ်ဉာဏစိုး၊ ဦးသိန်းညွန့်၊ ဦးခိုင်မောင်ရည်၊ တခါ ၀ါရင့် နိုင်ငံရေးသမားကြီး ဦးသုဝေ၊ ဘလော့ဂါ ဦးနေဖုန်းလတ်၊ ကွယ်လွန်သူ ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီး ဒေါ်သန်းသန်းနု၊ စာရေးဆရာ ဟိန်းလတ်နဲ့ လင်း(ဆေး-၁) စသူတို့ဟာလည်း ရန်ကုန်တိုင်းအတွင်း ၀င်ပြိုင်ကြမယ့် ထင်ရှားသူတွေထဲ ပါဝင်ကြပါတယ်။

စစ်တပ်က ဒုတိယသမ္မတအဖြစ် ရွေးကောက်မယ့်သူလို့ သတင်းထွက်နေတဲ့ ကာကွယ်ရေးဦးစီးချုပ် (ရေ) အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရသက်ဆွေကလည်း ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013