DVB Logo
Home
Lead Story
ရာနှုန်းပြည့်မဲပေးမှ အသေအချာ ပြောင်းမည်
DVB
·
November 6, 2015
ရာနှုန်းပြည့်မဲပေးမှ အသေအချာ ပြောင်းမည်
Donate to DVB

အခုရက်ပိုင်း နေပြည်တော်မိုင်တိုင် ၂၂၅ မှာ ကြုံခဲ့ရတဲ့ အတွေ့အကြုံသစ်တခုကတော့ ကိုယ့်အသက်  ၅၀ အတွင်း ပထမဆုံးပဲ ဖြစ်တယ်။ မြန်မာပြည်မယ် လှည်းလမ်းကြောင်းနဲ့ သဲချောင်းတွေအတွင်း ဆိုင်ကယ်မောင်းပြီး ခရီးသွားနေကြတာ ကိုယ်တိုင် ကြုံတွေ့လိုက်ရတယ်။ အင်တာနက်အွန်လိုင်းပေါ်မှာ ချောင်းထဲ မောင်းသွားတဲ့ကားတွေ့ဖူးပြီး အထူးအဆန်းဖြစ်ခဲ့တယ်။ ကိုယ်တိုင်အတွေ့အကြုံကတော့ တကယ့်ကို အန္တရာယ်နဲ့ နီးပြီး ကံကောင်းထောက်မလို့သာ မတော်တဆမှု တခုခု မဖြစ်ခဲ့တာပါပဲ။ အောက်တိုဘာလကုန်ပိုင်း ၁ ရက်  နေပြည်တော် ဥတ္တရသီရိမြို့နယ်ထဲက သရက်ချောင်းရွာ၊ တက်ရှိန်းနဲ့ တက်သိန်းရွာဘက်တွေ သွားတဲ့ ပါတီ စည်းရုံးရေးခရီးတခုအတွင်း လိုက်လေ့လာမိတာကတော့ ဘ၀မှာ မှတ်မှတ်ရရပါပဲ။

အဲဒီနေ့က နေပြည်တော်က ထွက်ကတည်းက ၁၀ နာရီလောက်ရှိပြီး ပါတီကိုယ်စားလှယ်က သူ့အလုပ်နဲ့ ၂ နေရာလောက် ၀င်ထွက်လိုက်တော့ နေပြည်တော် ၂၂၅ မိုင်ကို မွန်းတည့်ကျော်မှ ရောက်တယ်။ အမြန်လမ်းဘေးမှာ ဆိုင်ကယ် ၃ စီး နဲ့ လူငယ် ၃ ယောက် လာစောင့်နေပြီး စီးလာတဲ့ကားပေါ်ကနေ သူတို့ဆိုင်ကယ်နောက်ခုံပေါ် တက်လိုက်ကြတယ်။ စထွက်ကတည်းက လက်တဖ၀ါးသာသာ လှည်းလမ်းကြောင်းပေါ်မှာ ဆိုင်ကယ်မောင်းရတယ်။ အတက်အဆင်းတွေနဲ့ တောင်ပေါ်လမ်းလဲ လက်ဝါးသာသာ လမ်းပေါ်ပဲ ဖြတ်ရတယ်။ မလွယ်ပါလားဆိုတော့ ဆိုင်ကယ်လူငယ်က ရှေ့မှာကြုံရမယ့် သဲချောင်းနဲ့ သဲလမ်းပေါ် မောင်းရတာ ပိုခက်တယ်လို့ ဆိုတယ်။ သဲချောင်းနဲ့ သဲထုပေါ် ဆိုင်ကယ်ဖြတ်မောင်းတော့ မောင်းတဲ့သူတွေက ခြေထောက်နှစ်ဘက်ပါ ကြက်ယက်သလို ယက်ပြီးမောင်းကြရတယ်။ မိနစ် ၂၀ လောက်ကြာတဲ့ ဒီသည်းထိတ်ရင်ဖို ဆိုင်ကယ်လမ်းဖြတ်သန်းပြီး သရက်ချောင်းရွာရောက်တော့ ဒီနယ်မြေ ရောက်ဖူးပြီး အခုလို ဖြတ်သန်းဖူးတဲ့ အတူပါ ပါတီအောင်နိုင်ရေးကိုယ်စားလှယ်က လမ်းက ၁ နှစ်အတွင်း အတော်ဆိုးသွားပါလားလို့ မသက်မသာနဲ့ မှတ်ချက်ပေးပြောတာလဲ ကြားရပါတယ်။

အဲဒီဘက်က ရွာခံတွေက အိုးစည်ဒိုးပတ်တွေတီး ကခုန်ပြီးပါတီကိုယ်စားလှယ်လောင်းကို ၀မ်းမြောက်ဝမ်းသာ ကြိုကြတယ်။ ဒီထဲ အိမ်ထောင်ရှင်အမျိုးသမီးတွေနဲ့ အဘွားအရွယ်တွေ အများစု ပါဝင်ကြတာ သတိပြုမိတယ်။ မေးစမ်းကြည့်တော့ ရွာကအမျိုးသားတွေက ဒီအချိန် တောထဲဆင်းနေကြတာကြောင့်လို့ ပြောတယ်။ လယ်ထဲဆင်း အလုပ်လုပ်နေကြတာလားဆိုတော့ ဟုတ်တယ်တဲ့။ ကိုယ်စားလှယ်လောင်းကတော့ သူ့စည်းရုံးရေးပွဲကို အမျိုးသမီးတွေ လာတက်ကြတာများတဲ့အပေါ် ကျေနပ်နေတယ်၊ သူတို့တွေကမှ သတင်းစကားပြန်ပြီး ဖောက်သည်ချ ကြမှာလေလို့ သူက မှတ်ချက်ပေးတယ်။

ကိုယ်စားလှယ်လောင်းကို မဲဆွယ်စည်းရုံးပေးတဲ့ ပါတီအောင်နိုင်ရေးကော်မတီဝင်က မကောင်းတဲ့ ရွာလည်လမ်းနဲ့ လျှပ်စစ်မီးရနေတာဟာ ဘယ်သူဘယ်အဖွဲ့အစည်းလုပ်ပေးလို့မှ ရတာမဟုတ်ဘဲ ပြည်သူ့ဘဏ္ဍာနဲ့ အစိုးရက သူ့တာဝန်အတိုင်း လုပ်ပေးရတာဖြစ်တဲ့အကြောင်း၊ ဘယ်ကျေးဇူးရှင် တဦးတယောက်ကမှ လာလုပ်ပေးတာ မဟုတ်ဘဲ ပြည်သူ့ဘဏ္ဍာနဲ့သာ လုပ်ပေးထားတာ ဖြစ်ကြောင်း လူထုကို ဇောင်းပေး ဟောပြောတယ်။ ဒီဘက်ခြမ်း လာစည်းရုံးသွားတဲ့ ပြိုင်ဘက်ပါတီက ရွာလမ်းနဲ့ မီးရတာ သူတို့ပဲ လုပ်ပေးသလိုလို ပြောဟောသွားလို့ သူက ချေပဟောပြောနေတာလို့ သိရတယ်။ လက်ခုပ်သံတဖျောင်းဖျောင်းနဲ့ အားပေးနေတဲ့ ပရိသတ်ကြည့်ပြီး ရွာခံပါတီဝင်တယောက်ကို အသာလက်တို့ကာ ဒီဘက်ခြမ်းရွာတွေရော ပြိုင်ဘက်ပါတီက ရန်စတဲ့ ပြောဆိုလုပ်ကိုင်မှုမျိုး ရှိလားလို့ မေးစမ်းကြည့်မိတယ်။ သူက ကျနော်တို့ ပြောထားပြီးသား၊ ပေးတာယူ ကျွေးတာစား ယီးတီးယားတားတော့ မလုပ်နဲ့လို့။ မာန်ပါပါနဲ့ သူပြောနေသံကြားတော့ ဟောပြောပွဲမတိုင်မီ ရွာဦးဘုန်းကြီးမိန့်တာ ပြေးသတိရမိတယ်။ အရှင်ဘုရား ဒီရွာဘက် ဘယ်ပါတီအားကောင်းသလဲ ဆိုတော့ ဒီရွာကို အန်အယ်လ်ဒီပါတီ စည်းရုံးရေးလာစရာ မလိုပါဘူးဗျာလို့ ခပ်ပြုံးပြုံးမိန့်တယ်။

မညီမညာရွာလယ်လမ်းပေါ်မှာ တိုက်ခံအိမ် တလုံးစ နှစ်လုံးစ တွေ့ရပြီး အိမ်အတော်များများကတော့ ခနော်နီခနော်နဲ့နေဖြစ်ရုံပဲဖြစ်တာ တွေ့ရတယ်။ ဒေသခံတွေက လယ်လုပ်ကြတာ များပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လုပ်သလောက် အကျိုးမရှိဘူး။ အဓိကကတော့ ထွက်တဲ့သီးနှံကို ဈေးကွက်အမှီ မတင်နိုင်တော့ ရသင့်တဲ့ အကျိုးအမြတ် မရကြဘူး။ ရွာမှာ သားဖွားဆရာမတယောက်ပဲရှိပြီး တခုခုအရေးပေါ်ရင် အနီးဆုံးဖြစ်တဲ့ တောင်ညိုတိုက်နယ်ဆေးရုံကို ပြေးရတယ်။ လှည်းလမ်းက သွားရင် ၁ နာရီခွဲလောက်၊ မကောင်းတဲ့ကားလမ်းက သွားရင် ၃ နာရီလောက် အနည်းလေးကြာတယ်။ ရွာခံတွေ မေးစမ်းကြည့်လို့ သိရတာတွေ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်က ဆရာမောင်ထင်ရဲ့ လယ်သမားကြီး ငဘတို့၊ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ဆင်ဖြူကျွန်းအောင်သိန်းရဲ့ တောင်သူ ကိုဆေးရိုးတို့ ဘ၀တွေနဲ့ အတူတူပါပဲလားလို့ မှတ်ချက်ချမိတယ်။

ဒါကြောင့်လဲ လူထုက ပြောင်းချင်နေကြပြီ။ အပြောင်းအလဲကို အကြီးအကျယ် လိုလားကြောင်း အန်အယ်လ်ဒီရဲ့ စည်းရုံးရေးပွဲတွေမှာ လူထုအားနဲ့ အထင်အရှားပြနေကြပြီ။ ရန်ကုန်သုဝဏ္ဏမှာလုပ်တဲ့  အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲ တက်လာတဲ့ ပရိသတ်ကြီးက တနိုင်ငံလုံးမှာ ရှိတဲ့ လူထုကြီးရဲ့ ပြောင်းလဲလိုမှုကို ကိုယ်စားပြု ပြသလိုက်တာပဲလို့ ပြောလို့ရတယ်။ လူထုဟာ သူတို့ဘ၀တွေ တနည်းနည်းနဲ့ တိုးတက်ဖို့ အကြီးအကျယ် မျှော်လင့်နေကြပြီ။ လူထုဆန္ဒကို မျက်ကွယ်ပြုပြီး အာဏာငမ်းငမ်းတက်နေသူ တွေကို လူထုက နိုဝင်ဘာ ၈ ရက်မှာ မဲပေးဖြုတ်ချကြတော့မှာ သေချာနေပြီ။ ကိုယ့်ဘ၀ပတ်ဝန်းကျင် တခုခုပြောင်းဖို့ အန်အယ်လ်ဒီကို ရာနှုန်းပြည့် မဲပေးကြစို့။ ၁၀၀ ရာနှုန်းအပြည့် မဲပေးကြမှ အသေအချာ ပြောင်းမယ်ဆိုတာလဲ မေ့မထားကြဖို့ တိုက်တွန်း လိုက်တယ်။ တဆက်ထဲ အခုရက်ပိုင်း ကြိုတင်မဲပေးကြတော့ မဲပုံးတွေ လုံခြုံမှုမရှိဘူးဆိုတဲ့အသံ တပြိုင်နက် ထွက်ပေါ်လာတာ သတိပြုမိတယ်။ မဲ မသမာမှုတွေ လုပ်လာရင် လူတိုင်းလိုလို လက်ထဲမှာရှိတဲ့ ဖုန်းတွေနဲ့ မှတ်တမ်းတင်ပြီး အွန်လိုင်းတင်ကြပါ၊ မီဒီယာကို ဖြန့်ဝေပါလို့ တိုက်တွန်းတယ်။ ဒီလို အသိရှိရှိ ၀ိုင်းကြ၀န်းကြမှ တကယ့်အပြောင်းအလဲကို ရနိုင်မယ်။

မောင်ကျောင်း(စမ်းချောင်း)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013