DVB Logo
Home
မြန်မာသတင်း
သူရဦးရွှေမန်း ပါတီကထုတ်ပယ်ခံရသည့်သတင်း ကောလာဟလဟုဆို
DVB
·
November 4, 2015
သူရဦးရွှေမန်း ပါတီကထုတ်ပယ်ခံရသည့်သတင်း ကောလာဟလဟုဆို
Donate to DVB

သူရဦးရွှေမန်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် အဖြစ်က ထုတ်ပယ်လိုက်တယ်ဆိုတဲ့ သတင်း ကောလဟလသာ ဖြစ်ကြောင်း ပါတီ ပြည်သူ့ ဆက်ဆံ ရေးဌာနက ဌာနမှူး ဦးကျော်သူရက ပြောကြားလိုက်ပါတယ်။

သူရဦးရွှေမန်းဟာ အခုအချိန်အထိ ပါတီဝင်အဖြစ် ရှိနေဆဲဖြစ်ပြီး အဆိုပါ သတင်းမမှန်ကန်ကြောင်းကို ပါတီက ဒီနေ့ညနေ တရားဝင်ထုတ်ပြန်ကြေညာပေးဖို့ရှိတယ်လို့လည်း ဦးကျော်သူရက ပြောပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ပူးတွဲတာဝန်ထားသူ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးကလည်း သူရ ဦးရွှေမန်းဟာ  လွန်ခဲ့တဲ့ ၂ရက်လောက်အထိ ပါတီဝင်အဖြစ်ရှိနေ ဆဲပဲလို့  ပြောပါတယ်။

“လွန်ခဲ့တဲ့ ၂ ရက်လောက်မှာတော့ သူပါတီဝင်ပဲ။ ကျနော်ဒီဥစ္စာကို ခင်ဗျားတို့ သိတဲ့ အတိုင်းပဲ ကျနော်သိတယ်။ ဒါပူးတွဲဥက္ကဋ္ဌ တယောက်အနေနဲ့ လုပ်လို့ ရတာမဟုတ်ဘူး။ ဒါဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့၊ သူ့ရဲ့ကော်မီတီဝင်တွေ အများကြီးရှိပါတယ်။ ဒီဥစ္စာတွေ အကုန်လုံးနဲ့ ဆုံးဖြတ်မှာပေါ့နော်” လို့ ပြောပါတယ်။

လွှတ်တော်နာယက သူရဦးရွှေမန်းကို ပါတီကနေ ထုတ်ပယ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ဒီကနေ့ ဟင်္သာတမြို မှာ မဲဆွယ်စည်းရုံး ခရီးထွက်နေတဲ့ ပါတီ ပူးတွဲဥက္ကဋ္ဌ   ဦးဌေးဦးကို ဒီဗွီဘီ သတင်းထောက်က တွေ့ဆုံမေးမြန်းရာမှာပြောကြားခဲ့တာပါ။

သူရဦးရွှေမန်းအနေနဲ့လည်း ဒီကိစ္စ ပါတီက ဆက်သွယ်အကြောင်းကြားလာခြင်းမရှိသေးပဲ ပုံမှန်အတိုင်း မဲဆွယ်စည်းရုံးနေနေတုန်းပဲလို့ သူရဦးရွှေမန်းရဲ့  ညွှန်ကြားရေးမှူး ဦးအောင်ကိုဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ခုအချိန်ထိမသိသေးဘူးခင်ဗျ၊ ပါတီကနေပြီးတော့  တရားဝင် စာပို့တာတို့၊  သူ့ကိုယ်ရေးအရာရှိဆီကို  အကြောင်းကြားစာတို့၊ ဘာတို့ ဘာမှ မသိရသေးဘူး။ ခုချိန်အထိတော့ ကျနော်တို့ဆီကို ပါတီကနေ အကြောင်းမကြားသေးဘူး၊ ပါတီကနေ စာပို့တာတို့ ဆက်သွယ်လာတာတို့ ခုချိန်ထိ မရှိသေးဘူး။ သူရဦးရွှေမန်းကတော့ ဖြူးမှာပဲရှိနေပါတယ်၊ သူ့နယ်မြေတွေ စည်းရုံးရေးနယ်မြတွေ သွားပြီး ပုံမှန်ပြည်သူ လူထုတွေကို တွေ့နေပါတယ်။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး  သူရဦးရွှေမန်းအနေနဲ့လည်း သူ့ရဲ့လူမှုကွန်ရက်ကနေ သတင်း ထုတ်ပြန်ဖွယ် ရှိတယ်လို့လည်း ပြောပါတယ်။

ပါတီဗဟိုကော်မတီဝင်တဦးဖြစ်သူ ချောင်းဦးမြိုနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောလှထွန်းကလည်း ဒီကိစ္စပါတီက တရားဝင်ထုတ်ပြန်တာမရှိဘူးလို့ ပြောပါတယ်။

“ကျနော်တောင်မသိသေးဘူးဗျ။ ကျနော်တော် သေချာဂဃနဏ မသိသေးပါဘူး။ ပါတီ ကတော့ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးဘူးလို့ ကြားပါတယ်။ ထုတ်ပယ်တယ်ဆိုရင်တော့ နည်းနည်းရှုပ်ထွေးသွားမှာပေါ့ဗျာ။ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်အနေနဲ့ ၀င်ပြိုင်ထားပြီးသားဖြစ်တဲ့အတွက် တကယ်လို့ ထုတ်လိုက်မယ်ဆိုရင် ရှုပ်ထွေးသွားမှာပေါ့။ ဒီသတင်းက ကျနော်ကတော့ မဖြစ်နိုင်ဘူးလို့ထင်တယ်။ ကျနော်တို့ဆီမှာတော့ တရားဝင် အကြောင်းကြားတာတို့ အသိပေးတာတို့ မရှိသေးပါဘူး”လို့ ဒီဗွီဘီကိုပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က  သူရဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီ ပူးတွဲ ဥက္ကဋ္ဌ တာဝန်ကနေ ဖယ်ရှားလိုက်ပြီး  ဒု- ဥက္ကဋ္ဌ ဦးဌေးဦးကို  အစားထိုးခန့် အပ်လိုက်တာဖြစ်ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဟောင်း သူရ ဦးရွှေမန်းကတော့  ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းတဲ့အတွက် သူ ပါတီဥက္ကဋ္ဌ အဖြစ်ကနေ ဖယ်ရှားခံရတာ ဖြစ်နိုင်တယ်လို့ ကညွတ်ကွင်းမှာ မဲဆွယ် စည်းရုံး ဟောပြောခဲ့ပြီးနောက် ခုလို ပါတီက ထုတ်ပယ်ခံရတယ်ဆိုတဲ့ သတင်းထွက်လာတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013