DVB Logo
Home
ပညာရေး/နည်းပညာ
မြန်မာအစိုးရအသစ်အတွက် ပညာရေးစိန်ခေါ်ချက် ၁၀ ရပ်
DVB
·
November 4, 2015
မြန်မာအစိုးရအသစ်အတွက် ပညာရေးစိန်ခေါ်ချက် ၁၀ ရပ်
Donate to DVB

နှစ် ၅၀ ကျော် ကာလအတွင်း ပညာရေးစနစ်ကို မဟာဗျူဟာပျောက်၊ ဦးတည်ရာမဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ကြအပြီး နောက်တက်လာမယ့် မြန်မာအစိုးရအသစ်ဟာ ပညာရေးပြဿ နာ  အကြီးကြီးတွေနဲ့ ဆိုးမွေတချို့ကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

လာမယ့်အပတ် နိုဝင်ဘာ ၈ ရက်၊ ၂၀၁၅ နေ့ဟာ မြန်မာနိုင်ငံရဲ့ ထူးခြားလှတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ရာဖြစ်တယ်။ ဒီဘက်ခေတ်မှာ ပြည်တွင်းပြည်ပက စိတ်ဝင်စားမှုအရှိဆုံး ရွေးကောက်ပွဲလို့ ဆိုနိုင်ပါတယ်။ ပြောင်းလဲဖို့ရာအတွက် မျှော်လင့်ချက်တွေ ပြင်းထန်နေချိန်မှာ ကျင်းပတဲ့ ပါတီစုံရွေးကောက်ပွဲအပေါ်မှာ စိုးရိမ်မှုများနဲ့ အငြင်းပွားဖွယ်များကလည်း ရှိနေပြန်ပါတယ်။ ဖက်ဒရယ်စနစ်နဲ့ အလှမ်းဝေးနေသေးပြီး ပြင်ဆင်ဖို့ လိုအပ်နေဆဲ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာဟာ ၅ နှစ် အစိုးရသက်တမ်း တခုပြီးဆုံးလို့ လာခဲ့ပါပြီ။ ဒီသက်တမ်းအတွင်းမှာ ပြုပြင်ပြောင်းလဲမှုအချို့ လုပ်နိုင်ခဲ့တယ်လို့ အစိုးရက တွင်တွင်ပြောနေပေမယ့် သိသာထင်ရှားတဲ့ ပြည်သူဗဟိုပြု ရလဒ်ကောင်းများကတော့ လုံးဝ မပီပြင်သေးပါဘူး။ အထူးသဖြင့် ကမ္ဘာ့အနိမ့်ဆုံး အခြေအနေဆိုးမှာ ရှိနေဆဲ ပညာရေးကဏ္ဍမှာ အရေအတွက်ပိုင်းမှာကော၊ အရည်အသွေးပိုင်းမှာပါ စိန်ခေါ်မှုတွေဟာ ဒုနဲ့ဒေးပါ။ ပညာရေးစနစ်ဟာ ဒီမိုကရက်တိုင်းဇေးရှင်းဖြစ်စဉ်နဲ့ ဖက်ဒရယ်စနစ်ကို ထောက်ကူပံ့ပိုး အားဖြည့်ဖို့ရာအတွက်လည်း များစွာ ပြုပြင်ရပါဦးမယ်။

သိပ်မဝေးသေးတဲ့ နှစ် ၃၀ ပညာရေးစီမံကိန်းရဲ့ မရှုမလှ ကျဆုံးခန်းကိုဖြင့် စာဖွဲ့လို့ရယ် မကုန်နိုင်ပါဘူး။ လွတ်လပ်ရေးရပြီးနောက် ခေတ်တိုင်းရဲ့ နိဂုံးပိုင်းမှာ အရှိုက်ကို အလဲထိုးခံခဲ့ရတာဟာ ပညာရေးစနစ်ပါပဲ။ လွတ်လပ်ခါစတိုင်းပြည်မှာ ပြည်တော်သာခေတ် ဘ၀သစ်ဖန်တီးမှု ပညာရေးစနစ်ဟာ “အဆုံးသတ် မကောင်းခဲ့ပါ” ဆိုပြီး မဆလခေတ်မှာ အခြေခံပညာဦးစီးဌာနရဲ့ ညွှန်ချုပ်တာဝန်ယူခဲ့ဖူးသူ ဦးသန်းဦးက သူ့ရဲ့ ပညာရေးသမိုင်းစာအုပ်မှာ တကြောင်းတည်းသော အဆိုးမြင်ကောက်ချက်ကို မရဲတရဲ ချခဲ့တယ်။ မဆလခေတ်မှာ “ရိက္ခာ” လျော့နည်းလာနေပေမယ့် “သိက္ခာ” နဲ့ အသက်ရှင်သန်နိုင်ခဲ့ကြတဲ့အတွက် ကျောင်းဆရာများဟာ ပညာရေး အရည်အသွေးကို ပီတိတချို့နဲ့ ကျားကန်၊ ထိန်းထားနိုင်ခဲ့တယ်လို့ ဆိုရမယ်။ သို့ပေတဲ့ “ရိက္ခာရော၊ သိက္ခာပါ မရှိတော့ပြီ” ဆိုပြီး ပညာရေးဇာတ်လိုက် ကျောင်းဆရာများရဲ့ ငိုချင်းရှည်ဟာ အနှစ် ၂၀ ကျော် ကြာခဲ့ပါပြီကော။ ကျောင်းက ပီတိနဲ့ မမျှတတော့လို့ ကျူရှင်ပီတိ၊ ၀ိုင်းပီတိနဲ့ စခန်းသွားနေခဲ့ရပြီ။

ဒီဘက်ခေတ်မှာတော့ နိုင်ငံ့တာဝန် တနေ့ ရှစ်နာရီအပြင် အခြားသော အလုပ် ၂ ခု၊ ၃ ခုကိုပါ လုပ်နိုင်စွမ်းရှိတော့ မြန်မာကျောင်းဆရာများဟာ ကမ္ဘာပေါ်မှာ အံ့ဖွယ်တပါးပါပဲ။ ရလဒ်အနေနဲ့ ကျောင်းပညာရေးရဲ့ အနှစ်သာရတွေ ပျောက်ကွယ်လုနီးပါး အဖြစ်ဆိုးလို့ ဆိုနိုင်မယ် ထင်ပါတယ်။ ရှေးမျိုးဆက်များထက် နောက်မျိုးဆက်များရဲ့ အတွေးအမြင်နဲ့ အသိပညာဟာ နိမ့်ကျနေခဲ့ရပြီလို့ ဗြိတိန်အမတ်များရဲ့ မြန်မာနိုင်ငံပညာရေးစစ်တမ်း ၂၀၁၄ ခုနှစ်မှာ ထောက်ပြထားပါတယ်။

ယူနက်စကိုရဲ့ ၂၀၀၆ - ၂၀၁၂ ခုနှစ်များ စာရင်းအရ ပညာရေးအသုံးစရိတ် အနိမ့်ဆုံးတိုင်းပြည် ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံးမှာ ရှိနေခဲ့တယ်။ အမျိုးသားဝင်ငွေ ဂျီဒီပီရဲ့ ၀ ဒသမ ၇၈ ရာခိုင်နှုန်း (၀.၇၈%) ကိုပဲ ပညာရေးအတွက် အသုံးပြုခဲ့တယ်လို့ ဖော်ပြထားခဲ့တယ်။ “ဗောင်းတော်ငြိမ့်၊ စိတ်တော်သိ” နီးရာဓါးကြောက်၊ အပါးတော်မြဲ ပညာရှင်များဟာလည်း တုံဏှိဘာဝေ နေထိုင်ခဲ့ကြတယ်။ အကျိုးဆက်အနေနဲ့ ပညာရေးမှာ အလွန်အမင်း အဂတိတရား လိုက်စားမှုတွေရယ်၊ ခွဲခြားဆက်ဆံမှုတွေရယ်၊ “ရွှေအိုးရှိမှ ပညာရ”၊ “မအောင်မရှိ ငါ့တပည့်”၊ “မတတ်သူက မသိသူကို သင်ပေး” ဆိုတဲ့ စကားပုံအသစ်တွေရယ်ပါပဲ။ ပညာရေးအသုံးစရိတ်နဲ့ ပညာရေးအရည်အသွေးဟာ တိုက်ရိုက်အချိုးကျနေကြောင်းကို “ဦးနင်း ပဲ့ထောင်၊ ပဲ့နင်း ဦးထောင်” ပုံစံမျိုးနဲ့ ပြောင်းလဲနေတဲ့ ပညာရေးဝန်ကြီးဌာနဟာ ဒီနေ့ထက်ထိ လေ့ကျက်မိပုံ မပေါ်သေးပါဘူး။

အာရှဘဏ်ရဲ့ အစီရင်ခံစာအရ နှစ်စဉ် အစိုးရကျောင်းတက်ရောက်သူ ၁ ဒသမ ၁ သန်း ရှိတဲ့အထဲမှာ ၁၀ တန်းစာမေးပွဲအထိ ပညာပြီးဆုံးအောင် တက်ရောက်နိုင်သူဟာ တသိန်းကျော်မျှသာ ရှိနေတယ်။ ကလေးငယ် ၄ ရာခိုင်နှုန်းဟာ ကျောင်းတက်ဖို့ မွေးဖွားလာခဲ့တာ မဟုတ်သလို ကျောင်းအတွင်းနံရံကို မမြင်ဘူးတဲ့သူတွေပါပဲ။ ကျောင်းထွက်နှုန်းဟာလည်း ကြောက်ခမန်းလိလိပါ။ သူငယ်တန်းစတက်တဲ့ ကလေးငယ် ၂၅ ရာခိုင်နှုန်းလောက်ဟာ ၄ တန်းအောင်တဲ့အခါ ရာသက်ပန် ကျောင်းပြီးဆုံးခဲ့ရပြီ။ ဒီကိန်းဂဏာန်းများရဲ့ ခြိမ်းခြောက်နေမှုဟာ နိုင်ငံအတွက် အမျိုးသားလုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအရပါ စိုးရိမ်စရာ အကောင်းဆုံးလို့ ပြောနိုင်ပါတယ်။

၁၉၇၄၊ ၇၆ ခုနှစ်များနဲ့ ၁၉၈၈၊ ၁၉၉၆၊ ၂၀၀၇၊ ၂၀၁၅ ခုနှစ် ကျောင်းသားသမိုင်းဝင် ဒီမိုကရေစီ အရေးတော်ပုံတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ အစိုးရများနဲ့ ကျောင်းသားတွေဟာ သံသရာမှာပါ ရန်ဘက်တွေ ဖြစ်လာခဲ့တော့တယ်။ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာသိ၊ မြန်မာသိ သမိုင်းဝင် ပညာရေးလှုပ်ရှားမှုကြီးဖြစ်တဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လေးပွင့်ဆိုင် ပညာရေးရလဒ်များကို အစိုးရဟာ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တယ်။ ငြိမ်းချမ်းစွာနဲ့ စုဝေး ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းတွေကို အစိုးရဟာ အင်အားအလွန်အကျွံ အသုံးပြုပြီး အကြမ်းဖက် ဖြိုခွင်းခြင်း၊ မတရား ဖမ်းဆီးချုပ်နှောင်ထားခြင်းတို့ဟာ ပြုပြင်ပြောင်းလဲမှု စာမျက်နှာ နံပါတ် ၁ ကို အင်မတန်ပဲ အရုပ်ဆိုး၊ အကျည်းတန်လွန်းစေခဲ့ပြီ။

နှစ် ၅၀ ပညာရေးစနစ်ရဲ့ “တခမ်းတနား ကျဆုံးခန်း” မှာ အဓိကတရားခံတွေကိုတော့ ဝေးဝေးပြေးကြည့်စရာ မလိုပါဘူး။ ပညာရေး အတိတ်သမိုင်းကိုတော့ နှောင်းသုတေသီများရဲ့ လက်ထဲမှာ ဒီမျှလောက်နဲ့ အပ်ခဲ့ပါရစေ။

× × ×

ဒီနေရာမှာ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲပြီးနောက် တက်လာမယ့် အစိုးရအသစ်အတွက် မြန်မာနိုင်ငံရဲ့ ပညာရေးဆိုင်ရာ စိန်ခေါ်ချက် ၁၀ ချက်ကို ဆက်လက်ဆွေးနွေးပါရစေ။ ပါတီများရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းတွေထဲမှာတော့ ယေဘုယျဆန်လွန်းလှတဲ့ ပညာရေးပေါ်လစီတချို့ကိုသာ တွေ့မြင်နေရသေးတယ်။ စိန်ခေါ်မှုတွေကို ဆွေးနွေးမှာဖြစ်လို့ ရွေးကောက်ပွဲမှာ အောင်စိတ်နဲ့ အာဏာယူ အစိုးရဖွဲ့ဖို့ တက်ကြွနေတဲ့သူတွေကို အပျော်မလွန်ဖို့ ဘရိတ်အုပ်သလိုမျိုး ဖြစ်ခဲ့ရင်တော့ ကြိုတင် တောင်းပန်ပါတယ်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲနောက်ပိုင်း အာဏာရတဲ့ပါတီနဲ့ အစိုးရဟာ မရောင်ရာဆီလူး၊ ဝေ့လည်ကြောင်ပတ်၊ သံသရာရန်ငြိုးဖွဲ့ လျှောက်လုပ်နေမယ့်အစား အစိုးရအဆင့်ကသာလျှင် အကောင်အထည်ဖော်နိုင်မယ့် ပညာရေးလုပ်ငန်းကြီးတွေကို အာရုံစိုက်သင့်ပါတယ်။

(၁) “သမဂ္ဂနဲ့ လက်တွဲကူ၊ ပညာရေး မူမှန်သမျှ၊ အောင်ပွဲရ” ဆောင်ပုဒ်သစ်ကို ကျင့်သုံးလို့ ပေါ်လစီအသစ်၊ ချည်းကပ်မှုပုံစံအသစ်၊ ဆက်ဆံရေးပုံစံအသစ်တွေနဲ့ မြန်မာအစိုးရအသစ်ဟာ ကျောင်းသားသမဂ္ဂများ၊ စီဘီအိုများ၊ NNER၊ ကျောင်းဆရာ ဆရာမများ အဖွဲ့ချုပ်တို့နဲ့ လက်တွဲဆောင်ရွက်သင့်ပါတယ်။ ဖမ်းဆီခံထားရတဲ့ ကျောင်းသားများနဲ့ ၀န်းရံပြည်သူများကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်။ ဒါဟာ သံသရာရန်ငြိုးကို ပြေပျောက်စေဖို့တင်မကဘဲ “အကျိုးတူ ညှိနှိုင်း၊ ပူးပေါင်းဆောင်ရွက်တတ်ရေး” ဆိုတဲ့ ကလေးဗဟိုပြု ပညာရေးဒဿနကို နောင်လာနောင်သားများနဲ့ လက်ရှိ စာသင်ခန်းထဲက တပည့်များအတွက် လက်တွေ့စံနမူနာ ပြသရာလည်း ရောက်မယ်။ ကျောင်းသားများနဲ့ ဆရာ ဆရာမများဟာ ပြဿ နာမဟုတ်ဘဲ “အဖြေဖြစ်တယ်” ဆိုတာကို အစိုးရအသစ်ဟာ သဘောပေါက်လိုက်စမ်းပါ။

(၂) ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင် ပြောင်းလဲမှုနဲ့ သနားစဖွယ်၊ အုံနဲ့ကျင်းနဲ့  အဝေဖန်ခံနေရဆုံး ဖြစ်နေတဲ့ ပညာရေးဝန်ကြီးဌာနဟာ “ဘက်စုံပြောင်းလဲမှု” ကို အွန်ပေပါအရသာမက၊ လက်တွေ့ စာသင်ခန်းများထဲအထိ ဟန်ချက်ညီ လုပ်ဆောင်သင့်တယ်။ ကလေးဗဟိုပြုသင်နည်းတွေကို ဂျိုင်ကာ၊ ယူနီဆက်တို့နဲ့ စမ်းသပ်ကြည့်ခဲ့တယ်။ ကလေးဗဟိုပြု သင်ရိုးညွှန်းတမ်း၊ ဖတ်စာ၊ ဘတ်ဂျက်၊ စဉ်ဆက်မပြတ် စစ်ဆေးမှု၊ ဂုဏ်ပြုမှုနဲ့ ကွပ်ကဲကြပ်မတ်မှုတို့ဟာ နောက်က တဆက်တည်း ပါမလာတဲ့အတွက် ဆရာများရဲ့ စိတ်ဓာတ်နဲ့ အကျင့်၊ ၀မ်းစာနဲ့ ဂုဏ်သိက္ခာကို အလေးအမြတ် မပြုခဲ့တဲ့အတွက် ပညာရေးဟာ နောက်ကြောင်းပြန်လှည့်လို့ ၁၉ ရာစုမှာ သောင်တင်နေခဲ့ရပြီ။ ICT ကျွမ်းကျင်ပြီး စာပေပုံမှန်ဖတ်ရှုလေ့လာတဲ့ ပရော်ဖက်ရှင်နယ် ကျောင်းဆရာ ပျိုးထောင်ရေးဟာ စိန်ခေါ်ချက်များစွာ ရှိနေပါတယ်။ ကလေးများရဲ့ ဉာဏ်ရည် ဉာဏ်သွေးတွေ၊ ဝေဘန်ပိုင်းခြား ဆန်းစစ်တွေးခေါ်မှုတွေ၊ နိုးကြားတက်ကြွမှုတွေ၊ စွန့်ဦးတီထွင် ဖန်တီးမှုတွေကို  ဖျက်ဆီးပစ်နေခဲ့တဲ့ “ကျက်ဖြေနဲ့ ကျက်ဘွဲ့” စနစ်ကြောင့် နိုင်ငံကိုလည်း “ကျက်နိုင်ငံ” အဆင့် ရောက်စေခဲ့ပြီ။

(၃) ဖက်ဒရယ်စနစ်တို့၊ ဒီမိုကရေစီစနစ်တို့ကို ပါတီကြီးတွေနဲ့ အမတ်လောင်းတွေဟာ စင်မြင့်တွေပေါ်ကနေ ကြက်တူရွေးသဖွယ် ရွတ်ဖတ်သရဇ္ဈာယ် တတ်လာတာကိုတော့ ချီးကျူးရမလားပဲ။ သို့ပေတဲ့ ဖက်ဒရယ်ပညာရေးတို့၊ ဒီမိုကရေစီပညာရေးတို့ကို ဘယ်လိုမူဝါဒများနဲ့ ရှေ့ဆက်စခန်းသွားမှာလဲ။ တိုင်းရင်းသားပညာရေးစနစ်၊ ဒုက္ခသည်များနဲ့ ရွှေ့ပြောင်းလူထုအတွက် “ကလေးအခွင့်အရေး အခြေပြု၊ ကလေးဗဟိုပြု ပညာရေးပေါင်းကူး” စနစ်၊ “တိုင်းရင်းသား ကလေးဗဟိုပြု ပညာရေးစနစ်” တွေကို ပြည်နယ်အစိုးရများ တာဝန်ယူ ဆောင်ရွက်သင့်ပါတယ်။ “ဗဟိုဦးစီးချုပ်ကိုင်မှုကို လျှော့ချပစ်ဖို့” အစိုးရအသစ်ဟာ ၀န်လေးမနေသင့်ပါဘူး။ လေးပွင့်ဆိုင်မှာ သဘောတူညီထားခဲ့ကြတဲ့ အမျိုးသားပညာရေးကော်မရှင် ဖျက်သိမ်းရေးဟာလည်း အစိုးရအသစ်အတွက် ခေါင်းခဲစရာ ဖြစ်လာတော့မယ်။ ဒေသန္တရအဆင့်၊ ပြည်နယ်အဆင့်ကိုသာ အခြေခံပညာရေး အခွင့်အာဏာနဲ့ သြဇာကို ၁၀၀ ရာခိုင်နှုန်း ရဲရဲကြီး လွှဲအပ်လိုက်စမ်းပါ။ ဒီစန်ထရယ်လိုက်ဇေးရှင်းကြောင့် ပညာရေးဟာ နေ့ချင်းညချင်း လူမွေးသူမွေး ပြောင်လာပါလိမ့်မယ်။

(၄) ပုဂ္ဂလိက ပညာရေးစနစ်ဟာ မူဝါဒချို့တဲ့စွာနဲ့ စခန်းသွားနေရဆဲပါပဲ။ ဈေးကွက်ဝင် ပုဂ္ဂလိပညာရေးစနစ်အပေါ်မှာ မုဒိတာ မပွားနိုင်ကြတာဟာဖြင့် စဉ်းစားစရာ ရှိလာပါတယ်။ ပိုလို့ စိုးရိမ်စရာကောင်းတာကတော့ ပုဂ္ဂလိကစနစ်နဲ့ အစိုးရကျောင်းပညာရေး စနစ်များရဲ့ အကြားက “ကွာဟချက်” များဟာ တနေ့တခြား ကြီးမားလို့ လာနေတယ်။ အရည်အသွေးပိုင်းမှာ ဘယ်လို အတုယူ ထိန်းညှိနိုင်မလဲ။ အရေအတွက်အရကော ပုဂ္ဂလိကျောင်းထွက် ဘယ်နှစ်ရာခိုင်နှုန်းဟာ ဒီတိုင်းပြည်မှာ ဆက်လက်နေထိုင်လို့ မြန်မာ့လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်မလဲ။ ပုဂ္ဂလိစနစ်နဲ့ အစိုးရစနစ်တို့အကြား အပြန်အလှန် လေးစားမှုနဲ့ ဆက်သွယ်ပေါင်းကူး ညှိနှိုင်းရတော့မယ်။ ပိုပြီး လိုအပ်နေတာကတော့ တိုင်းရင်းသားကျောင်း၊ ကွန်မြူနတီကျောင်း၊ ကျောင်းပြင်ပ ပညာရေး၊ ကိုယ်ထူကိုယ်ထကျောင်းများကို အစိုးရက တရားဝင် အသိအမှတ်ပြုပြီး ထိထိရောက်ရောက် ပံ့ပိုးကူညီပေးဖို့ပါပဲ။

(၅) နိုင်ငံတော်အဆင့်က အမျိုးသားသင်ရိုးညွှန်းတမ်း၊ စံနှုန်းများ အညွှန်းဘောင် Framework လောက်ကိုပဲ ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်စနစ်တို့နဲ့ လိုက်လျောညီထွေ ပြုစုပြဋ္ဌာန်းပေးသင့်တယ်။ သင်ရိုးဟာ ခေတ်မီ၊ မျှတ၊ ကျယ်ပြန့်စေသင့်တယ်။ အမျိုးသားအမွေအနှစ်ကို ထိန်းသိမ်းဖို့၊ တိုင်းရင်းသားဘာသာစာပေနဲ့ ယဉ်ကျေးမှုတွေ ရှင်သန်ဖို့၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကျင့်စဉ်တွေ ရင်ဘတ်ထဲရောက်ဖို့ ခေါင်းစဉ်တွေကို ထည့်သွင်းရတော့မယ်။ အစိုးရနဲ့ ၀န်ကြီးဌာနက ဖတ်စာအုပ် ထုတ်ဝေရောင်းစားနေမယ့်အစား ပုဂ္ဂလိက ပညာရေးအဖွဲ့အစည်းများနဲ့ ကုမ္ပဏီများကို လွှဲအပ်သင့်နေပြီ။ ပညာရေးဟာ ဈေးကွက်စီးပွားရေးစနစ်နဲ့ ဟန်ချက်ညီဖို့ အပူတပြင်း လိုအပ်နေပြီ။

(၆) တိုင်းပြည်မှာ ၁၀ နှစ်အထက် လုပ်သက်ရှိတဲ့ ကျောင်းဆရာ ရာခိုင်နှုန်းဟာလည်း ကမ္ဘာ့မှာ အနိမ့်ဆုံးဖြစ်နေတယ်။ ကလေးထွက်နှုန်းနဲ့ ကျောင်းဆရာထွက်နှုန်း အပြိုင်ဖြစ်နေဆဲပါ။ လုပ်သက်ရှိပြီး ၀ါသနာနဲ့ အတတ်ပညာ ပေါင်းစပ်လို့ ဘ၀ကို ဖွဲ့စည်းထားတဲ့ ကျောင်းဆရာများ လုပ်ငန်းခွင်တည်မြဲရေးနဲ့ စား၊ ၀တ်၊ နေရေး လူတန်းစေ့ရေးဟာ အစိုးရအသစ်ရဲ့ ပညာရေးမူဝါဒ အောင်မြင်မှုအတွက် အခရာဖြစ်လိမ့်မယ်။ ပညာရေးကို သွေးသစ်လောင်းဖို့ရာလည်း အပူတပြင်း လိုအပ်နေတယ်။ လူဟောင်းအများစုဟာ မူဟောင်းတွေကို ဖက်တွယ်ထားတဲ့ ပညာရေး အန္တရာယ်ထောင်ချောက်ကို အစိုးရအသစ်ဟာ ဘယ်လို ကျော်လွှားနိုင်မလဲ။

(၇) ပညာရေးကို စစ်မှုပြုထားတာဟာဖြင့်ရင် အသွင်သဏ္ဌာန်အရကော၊ အနှစ်သာရအရပါ အရုပ်ဆိုး အကျည်းတန်လှတယ်။ အစိုးရသစ်ဟာ “ပညာရေး ဗဟိုပြု အစိုးရအသစ်” ဖြစ်ဖို့ဆိုရင် ပညာရေးဦးဆောင်မှုပိုင်းနဲ့ အဆင့်ဆင့်တိုင်းမှာ မိုးကျရွှေကိုယ် ယူနီဖောင်းချွတ်များရဲ့ အခန့်သား နေရာယူတဲ့စနစ်ကို နိဂုံးချုပ်ပေးရပါလိမ့်မယ်။

(၈) လှည်းနေလှေအောင်း မြင်းဇောင်းမကျန်၊ နိုင်ငံတ၀ှမ်းလုံးမှာရှိနေတဲ့ ကလေးတိုင်း အရည်အသွေးပြည့်မီတဲ့ အခြေခံပညာရေး ပြီးဆုံးအောင်မြင်အောင် (၁၀ တန်းအောင်တဲ့အထိ) တာဝန်ယူရပါလိမ့်မယ်။ အခုလက်ရှိမှာ ဒီအတွက် အရေအတွက်ရော၊ အရည်အသွေးကိုပါ အခြေခံပညာရေးမှာ ဆထက်တိုးလို့ လုပ်ဆောင်နိုင်စွမ်းရှိတဲ့ ၀န်ကြီးဌာနဖြစ်ဖို့ အစိုးရအသစ်ဟာ ကြိုးစားရပါလိမ့်မယ်။ ဒါဟာ အစိုးရအသစ်ရဲ့ နိုင်ငံရေးအာဂျင်ဒါ နံပါတ် (၁) လည်း ဖြစ်သင့်ပါတယ်။

(၉) သက်မွေးပညာ၊ အဆင့်မြင့်ပညာရေးနဲ့ တက္ကသိုလ်ကဏ္ဍ စိန်ခေါ်မှုတွေထဲမှာ “တက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်” autonomy ပဲ ဖြစ်ပါတယ်။ ဗဟိုချုပ်ကိုင်မှု တင်းကျပ်လှတဲ့ စနစ်ထဲမှာ တက္ကသိုလ်များဟာ မဟာဗျူဟာ ပျောက်ဆုံးခဲ့ရပြီး ကိုယ့်ထမင်းကိုယ်စားပြီး ဘကြီးနွားကျောင်း နေခဲ့ရတဲ့ အဖြစ်မျိုးကို ကြုံကြိုက်ခဲ့ကြရပါတယ်။ ၀ါသနာ ဗီဇနဲ့ စာပေ တတ်ကျွမ်းမှုအပေါ်မှာ အခြေခံတဲ့ တက္ကသိုလ်ဝင်ခွင့်စနစ်ကိုလည်း ပြောင်းလဲရပါမယ်။ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရများ၊ ပုဂ္ဂလိက၊ အလှူရှင်များနဲ့ စီးပွားရေးလုပ်ငန်းများနဲ့ ဖက်စပ်လို့ လွတ်လပ်တဲ့ တက္ကသိုလ်ပညာရေးစနစ်ကိုလည်း အဦးအစ ပျိုးထောင်ပေးသင့်ပါတယ်။ ပြည်နယ်များနဲ့ ဒေသတွင်း စီးပွားရေးလုပ်ငန်းများ၊ စက်မှုဇုန်များနဲ့ ချိတ်ဆက်ထားတဲ့ သက်မွေးပညာရေး technical and  vocational education - TVET သင်တန်းတွေ (ရာထောင်ချီ) အများကြီး လိုအပ်နေပါသေးတယ်။ TVET ရဲ့ တန်ဖိုးကိုလည်း လူထုသိမြင်လာအောင် အစိုးရအသစ်ဟာ ကြိုးပမ်းရပါဦးမယ်။ “ဘွဲ့ရမှ လူဖြစ်တယ်” ဆိုတဲ့ အတွေးအမြင် အလွဲအမှားဟာ TVET အတွက် အကြီးမားဆုံး အနှောင့်အယှက် ဖြစ်ပါလိမ့်မယ်။ ဒါဟာ အမျိုးသားကုန်ထုတ်လုပ်မှု တိုးတက်စေဖို့နဲ့ တဦးချင်းစီရဲ့ ဘ၀အရည်အသွေး အတွက်လည်းပဲ ဖြစ်ပါတယ်။ “uneducated graduate ဘွဲ့ရ ပညာမတတ်” နဲ့ “graduate unemployment ဘွဲ့ရ အလုပ်မရှိ” ပြဿနာကိုလည်း အစိုးရသစ်ဟာ ချက်ချင်းပဲ ရင်ဆိုင်ရပါဦးမယ်။ ကောလိပ်နဲ့ တက္ကသိုလ်များရဲ့ ဥပဓိရုပ် ခန့်ညားရုံတင်မကဘဲ တက္ကသိုလ်များရဲ့ အရည်အသွေးနဲ့ အသက်ဟာ ပညာရှင်လွတ်လပ်ခွင့် Academic freedom နဲ့ သုတေသနဖြစ်တဲ့အတွက် ဘတ်ဂျက်လိုအပ်ပါတယ်။

(၁၀) အမျိုးသားပညာရေးဥပဒေမှာ “ပညာရေးအသုံးစရိတ်ကို နိုင်ငံတော် အသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်းအထိ ရောက်ရှိရေးအတွက် ရည်မှန်းထားချက်” ဟာဖြင့် မုဒိတာပွားစရာပါပဲ။ သို့ပေတဲ့ ဘယ်တော့၊ ဘယ်ရာစုနှစ်မှာ ရောက်မှာလဲ။ တပြည်လုံး အမြန်ဆုံး မုဒိတာပွားနိုင်စေဖို့ ပညာရေး အသုံးစရိတ်ကို ချက်ချင်းလက်ငင်း ၂၀ ရာခိုင်နှုန်း အသုံးပြုလိုက်စမ်းပါ။ ဒါဟာ ပညာရေးပြုပြင်ပြောင်းလဲမှုများအတွက် အဓိကမောင်းနှင်အား အင်ဂျင်ပါပဲ။ ပညာရေးဂီယာပြောင်းဖို့ တွန်းအားပါ။ အဂတိတရားလေးပါး ကင်းရှင်းသော ပညာရေးစနစ်အတွက် လမ်းစလည်း ဖြစ်ပါလိမ့်မယ်။ အရည်အသွေးအတွက်ကော၊ အရေအတွက်အရပါ တိုးတက်လာစေဖို့ အခရာကျနေတယ်။ အချိန်ပိုကြေး၊ ကျောင်းလခ၊ ဆရာကန်တော့ကြေး၊ ယူနီဖောင်းကြေး၊ ကျုရှင်ကြေးတွေကို အစိုးရအသစ်က ပေးပေးပါ။ မုန့်ရောင်းစားနေရတဲ့ အတန်းပိုင်ဆရာမရဲ့ ဈေးဗန်းကိုလည်း အစိုးရအသစ်ကပဲ တဗန်းလုံး ၀ယ်လိုက်စမ်းပါ။ အစိုးရသစ်ဟာ စစ်မှန်တဲ့ “မြို့မေတ္တာ” ကို အင်းစတန့် ချက်ချင်း ခံယူ ပိုင်ဆိုင်ရပါလိမ့်မယ်။

× × ×

အနှစ်ချုပ်အားဖြင့် စိန်ခေါ်မှုတွေကို ပိုင်းဖြတ်ကြည့်မယ်ဆိုရင် - ပညာရေးရဲ့ အဆင့်တိုင်းမှာ အရည်အသွေးပြည့်မီဖို့၊ ပညာရေးဘတ်ဂျက်ကို အဆများစွာ တိုးမြှင့်ပေးဖို့နဲ့ အားလုံးအတွက် လက်လှမ်းမီတဲ့ ပညာရေးဖြစ်ဖို့တို့လို့ ဆိုရပါမယ်။

ပညာရေးဟာ ဘာကြောင့် အရေးကြီးသလဲ ဆိုတာကို အစိုးရအသစ်ဟာ သင်ခန်းစာ နံပါတ် (၁) အနေနဲ့ ဦးဆုံးလေ့လာသင့်ပါတယ်။ တကယ်တော့ ပစ္စုပ္ပန်နဲ့ အနာဂတ် လူ့အဖွဲ့စည်းအတွက် ပြင်ဆင် လေ့ကျင့်ပေးတဲ့၊ အခြေခံအုတ်မြစ်ချတဲ့ နေရာဖြစ်လို့ သိပ်ကိုမှ အရေးကြီးလှပါတယ်။ ကောင်းမွန်တဲ့ ပညာရေးကြောင့် ငြိမ်းချမ်း၊ ဝေစည် တိုးတက်နိုင်သလို၊ ဆိုးဝါးလှတဲ့ ပညာရေးကြောင့်ပဲ ပျက်စီး၊ ဆုံးရှုံး၊ ဆုတ်ယုတ်နိုင်ပါတယ်။ “ပညာရေးသည် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှု”၊ “ပညာရေးသည်ပင် နိုင်ငံတော်ဖြစ်၏”၊ “ပညာရေးသည် ငြိမ်းချမ်းရေးဖြစ်သည်”၊ “စဉ်ဆက်မပြတ် တသက်တာပညာရေး”၊ ဆိုတဲ့ ပညာအတွေးအမြင်တွေကို ဗဟိုပြုထားတဲ့ “ပညာသမူဟ အစိုးရ” ကို မြန်မာနိုင်ငံက လိုအပ်နေတယ်။

၂၁ ရာစု ပညာခေတ်မှာ အစိုးရတရပ်ရဲ့ အောင်မြင်မှု တိုင်းတာနိုင်သော အဖိုးတန် ပေတံတချောင်းကတော့ ပညာရေးအောင်မြင်မှုပဲဖြစ်တယ်။ ဒီအတွက် တက်လာမယ့် အစိုးရဟာ ပညာရေးကဏ္ဍရဲ့ ဆိုးမွေတွေကို ချေဖျက်လို့၊ စိန်ခေါ်မှု အကြီးကြီးတွေကို “နိုင်ငံရေးစေတနာ”  political will ရှေ့ထားပြီး ရဲရဲဝံ့ဝံ့ ရင်ဆိုင် ဖြေရှင်းပေးနိုင်ဖို့ ဆန္ဒပြု မျှော်လင့်ပါတယ်။

သိန်းနိုင် (မောက္ခပညာရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013