
ရခိုင်ပြည်နယ်၊ မောင်တောမြို့အဝင်နဲ့ စစ်အာဏာရှင်တပ်ရဲ့ တပ်စခန်း ဌာနချုပ်ဟောင်းတွေကို ဇူလိုင် ၁ ရက် ည ၁၀ နာရီဝန်းကျင်မှာ စစ်တပ်က လေကြောင်းကနေ လေယာဉ်အုပ်စုလိုက်သုံးပြီး အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မောင်တောဒေသခံတွေက ပြောပါတယ်။
မောင်တောမြို့ရှိ စစ်အာဏာရှင်တပ်ရဲ့ အမှတ် ၅ နယ်ခြားစောင့်တပ် ဌာနချုပ်ဟောင်းနေရာ အပါအဝင် ၃ မိုင်ရပ်ကွက်နဲ့ မြို့အဝင် မုခ်ဝအနီးပတ်ဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ မောင်တောမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“ဗုံးကြဲတာက လေယာဉ်အုပ်စုလိုက် သုံးပြီး ကြဲချသွားတာ။ မြို့ဝင် မုခ်ဝ၊ ၃ မိုင်ရပ်ကွက်နဲ့ နခခ-၅ တို့ကို ကြဲချသွားတာလို့ ကနဦး သိရတယ်။ ညအချိန်ဆိုတော့ ဘယ်နေရာဆိုတာ အတိအကျ မပြောနိုင်သေးဘူး။ ဂျက်ဖိုက်တာရော Y-12 တွေနဲ့ပါ သုံးပြီးတော့ ဗုံးအလုံး ၂၀ ကျော် ကြဲချသွားတာ။ လေယာဉ် အနည်းဆုံး ၄ စီးထက်မနည်းနဲ့ ဗုံးကြဲသွားတာ။ ဗုံးကြဲနေတုန်း အတော်လေးကို ကြောက်ဖို့ကောင်းတယ်။ အထိအခိုက်တွေကတော့ မသိရသေးဘူး။”
ဇွန် ၂၄ ရက်ကလည်း မောင်တောမြို့၊ အမှတ်-၇ ရပ်ကွက်ရှိ နယ်စပ်လူငယ်ဒေသ ဖွံ့ဖြိုးရေးကျောင်းအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသူ ၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို နောက်ထပ် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဇူလိုင် ၁ ရက်ကလည်း စစ်အာဏာရှင်တပ်က ဘူးသီးတောင်မြို့ အခြေစိုက် စကခ-၁၅ နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကလေး ၂ ယောက် အပါအဝင် ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ဇူလိုင် ၁ ရက် တရက်တည်းမှာ ရခိုင်က နယ်စပ်မြို့တွေဖြစ်တဲ့ မောင်တောနဲ့ ဘူးသီးတောင်မြို့တွေရှိ သူ့တို့ရဲ့ တပ်စခန်းဟောင်းတွေနဲ့ အနီးပတ်ဝန်ကျင်နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေအကြား လေကြောင်းအန္တရာယ် အထူးစိုးရိမ်နေကြတယ်လို့ ဘူးသီးတောင်ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“မနေ့ မနက်ပိုင်းမှာ ဘူးသီးတောင်ကို လေယာဉ် အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ညအချိန်မှာ မောင်တောမြို့နယ်အတွင်း ထပ်မံဗုံးကြဲခဲ့တယ်လို့ သိရတယ်။ အခု ဗုံးကြဲတာက အရင်ကလို တကြိမ်ဗုံးကြဲပြီးရင် ပြန်သွားတာမျိုးမဟုတ်ဘဲ လေယာဉ်တွေအများကြီးနဲ့ အကြိမ်ကြိမ်လာပြီး ဗုံးကြဲတိုက်ခိုက်လာတာကြောင့် လေကြောင်းအန္တရာယ်က အရမ်းကို ကြောက်ဖို့ကောင်းလာတယ်။”
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်က ဆုံးရှုံး မြို့ ရွာတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်လာနေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဟာ ဆက်တိုက် မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်ရဲ့ မြို့ ရွာတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် လေကြောင်းအန္တရာယ် အမြဲသတိရှိကြဖို့လည်း အာရက္ခတပ်တော်ဘက်က အထူးတိုက်တွန်းထားပါတယ်။











