DVB Logo
Home
မြန်မာသတင်း
တပ်မတော်တပ်ရင်းဌာနချုပ် အပစ်ခံရမှု ကွင်းဆင်းစစ်ဆေးရန် ရှမ်းပြည်တပ်မတော် တောင်းဆို
DVB
·
November 3, 2015
တပ်မတော်တပ်ရင်းဌာနချုပ် အပစ်ခံရမှု ကွင်းဆင်းစစ်ဆေးရန် ရှမ်းပြည်တပ်မတော် တောင်းဆို
Donate to DVB

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်ထဲက အစိုးရ တပ်မတော်တပ်ရင်း ဌာနချုပ်ကို အက်စ်အက်စ်အေ/အက်စ်အက်စ်ပီပီ ရှမ်းပြည်တပ်မတော်က ပစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ဖြစ်ရပ်မှန်ကို သိရှိဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ကွင်းဆင်းစစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။

သူတို့အဖွဲ့ဟာ မြ၀တီသတင်းဌာနက နိုဝင်ဘာ ၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားသလို မိုင်းနောင်မြို့ ၀ိန်းကောင်ရွာမှာရှိတဲ့ အစိုးရ တပ်မတော် တပ်ရင်းဌာနချုပ်ကို လုံးဝ ပစ်ခတ်တိုက်ခိုက်ခြင်းမရှိ၊ စတင်တိုက်ခိုက်ဖို့ မူဝါဒလည်းမရှိ၊ တပ်ဖွဲ့ဝင်တွေကိုလည်း ညွှန်ကြားထားတာ မရှိတဲ့အတွက် ဖြစ်ရပ်မှန်ကို လာရောက်စစ်ဆေးကြဖို့ တောင်းဆိုတယ်လို့  အက်စ်အက်စ်အေ/အက်စ်အက်စ်ပီပီရဲ့ စစ်ရေးဆိုင်ရာ အရာရှိ ဗိုလ်မှူး စိုင်းသက်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

"ကျနော်တို့ ငြိမ်းချမ်းရေးယူခဲ့စဉ်ကတည်းက စပြီး အစိုးရတပ်မတော်ကို စိတ်လိုလက်ရ စတင်ပြီး သွားတိုက်တာမရှိဘူး။ ကနေ့အထိ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေရတာပဲရှိတယ်။ ဒီလ ၆ ရက်နေ့ကတည်းကစပြီး ကျနော်တို့ အပြင်းအထန် ထိုးစစ်ဆင်တာကို ခံနေရတယ်။ အစိုးရတပ်က ကျနော်တို့တပ်ရဲ့ ၄ မိုင်ကျော်အကွာ ကျူမောက်ခေါဝ်ရွာနား ရောက်နေပြီ။ ယုတ္တိရှိရှိ စဉ်းစားကြည့်ပါ၊ ကျနော်တို့ ဘယ်မှ ထွက်သွားလို့မရပါဘူး။ မိုင် ၂၀ ကျော်ဝေးတဲ့ ၀ိန်းကောင်ကိုရောက်ဖို့ အနည်းဆုံး ၆ နာရီကြာတယ်။ ဒီကြားထဲမှာ မိုင်းထန်၊ မိုင်းစန်၊  ၀ိန်းကောင်ဘက်မှာ အစိုးရတပ်မတော် တပ်ရင်းတပ်ဖွဲ့တွေ ရှိနေတယ်။ သူတို့က တောင်ကုန်း တောင်မြင့်တွေမှာ နေရာယူပြီး ကျနော်တို့ဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းပြီးထုနေတာ၊ သွားလိုက်ရင် တိုက်ပွဲဖြစ်မှာပေါ့။ အဲဒီ သတင်းစာမှာပါတဲ့အတိုင်းဆိုရင် အရာရှိ အရာခံတွေ ဘယ်နှစ်ဦးသေလဲ၊ ဘယ်နှစ်ဦးဒဏ်ရာရလဲ၊ ဘယ်သူလဲ၊ ဘာတွေပျက်စီးသွားလဲဆိုတာ လာစစ်ဆေးစေချင်ပါတယ်။ ရွာသားတွေကိုလည်း မေးမြန်းလို့ရပါတယ်။ ပြီးရင် ကျနော်တို့ကို အထင်မမှားအောင် ပြန်ပြီး ထုတ်ပြန်ပေးဖို့ တောင်းဆိုတယ်။"

ဒီတောင်းဆိုချက်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီမတိုင်ခင်ကလည်း အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ၀န်ကြီး ဦးခင်မောင်စိုးဆီကိုရော၊ ဒုတိယဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်းဆီကိုပါ အချိန်နဲ့တပြေးညီ အစီရင်ခံထားပေမယ့် တစုံတရာ အကြောင်းပြန်ကြားလာတာ မရှိသေးဘူးလို့ ဆိုပါတယ်။

တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးဖို့ အဆင်မသင့်သေးတဲ့ သူတို့ကို အစိုးရတပ်က သတ်မှတ်ထားတဲ့နေရာထက် ကျော်လွန်တယ်လို့ စွပ်စွဲပြီး နေ့တိုင်းလို ထိုးစစ်ဆင်နေကြောင်း၊ မိုင်းကောဝ်ပစ်ခတ်မှုမှာလည်း သူတို့ကို ထိုးစစ်ဆင်နိုင်ဖို့ အကြောင်းပြချက် ဖန်တီးခြင်းသာဖြစ်ကြောင်း ဗိုလ်မှူး စိုင်းသက်ထွန်းက ပြောသွားပါတယ်။

တလနီးပါးကြာမြင့်တဲ့ ဒီပစ်ခတ်တိုက်ခိုက်မှုတွေကြားမှာ ကျေးသီး၊ မိုင်းရှူးနဲ့ မိုင်းနောင်မြို့နယ် ၃ ခုထဲမှာရှိတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က ရွာသူရွာသားပေါင်း ၆၀၀၀ ကျော် အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာဒေသကို ရွှေ့ပြောင်းခိုလှုံနေရတယ်လို့ ပြည်ပအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က နိုဝင်ဘာ ၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လက်နက်ကြီး ကျည်သင့်တာကြောင့် နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံးပြီး လူ ၄ ဦး ဒဏ်ရာရကြောင်း၊ ၀မ်ဟိုင်းရွာက သားအမိ ၂ ဦးနဲ့ ၀ိန်းကောင်ရွာသား ၁ ဦးမှာ အိမ်ကို လက်နက်ကြီးကျရာက ကျည်သင့်ခဲ့ပြီး ဟိုင်းပါဒုက္ခသည်စခန်းမှ အဖိုးကြီးတဦးမှာတော့ နေရင်းရွာက လယ်ယာစိုက်ခင်းတွေကို ပြန်ကြည့်စဉ် လမ်းမှာ သေနတ်နဲ့ အပစ်ခံရတာလို့  အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါကြောင့် ပြည်သူတွေကို ထိခိုက်နစ်နာစေတဲ့ အစိုးရရဲ့ ထိုးစစ်ဆင်မှုတွေကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ပြည်သူတွေရဲ့ ဒုက္ခတွေကို အစိုးရအနေနဲ့ တာဝန်ယူဖို့၊ နိုင်ငံတကာအနေနဲ့လည်း နေပြည်တော်စစ်တပ်ရဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချပြီး တိုင်းရင်းသားနယ်မြေရှိ ထိုးစစ်တွေ မရပ်မချင်း အထောက်အပံ့တွေကို ရပ်ဆိုင်းဖို့ တိုက်တွန်းကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013