DVB Logo
Home
မြန်မာသတင်း
သာယာဝတီထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူ ၄ ဦး ထပ်တိုး
DVB
·
November 3, 2015
သာယာဝတီထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူ ၄ ဦး ထပ်တိုး
Donate to DVB

နိုင်ငံရေးအကျဉ်းသားတွေကို ရွေးကောက်ပွဲမတိုင်ခင် ပြန်လွှတ်ပေးဖို့အတွက် သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူထဲက အစာငတ်ခံ ဆန္ဒပြသူ ၄ ဦး ထပ်မံတိုးလာပါတယ်။

နိုင်ငံရေးအကျဉ်းသားအားလုံးကို ရွေးကောက်ပွဲမတိုင်ခင် ပြန်လွှတ်ပေးဖို့အတွက် သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက အောက်တိုဘာ ၂၃ ရက်နေ့က စတင် အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့မှာတော့ သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗကသကျောင်းသား ကိုသန်းထိုက်၊ ကိုမျိုးထက်ပိုင်နဲ့ ကိုမျိုးမြတ်စံတို့က စတင် အစာငတ်ခံ ဆန္ဒပြပါတယ်။

မနေ့ နိုဝင်ဘာ ၂ ရက်နေ့ကစပြီး ဗကသကျောင်းသား ကိုကျော်စွာလင်း၊ ကိုဆွေလင်းထွန်း၊ ကိုမာနော်နဲ့ ကိုဖြိုးဓနတို့က တတိယအသုတ်အနေနဲ့ စတင် အစာငတ်ခံ ဆန္ဒပြနေတာ ဖြစ်ပါတယ်။

မနေ့က စတင်ဆန္ဒပြနေတဲ့ တောင်ငူ ဗကသ ကျောင်းသားခေါင်းဆောင် ကိုဖြိုးဓနက “ကျနော်တို့ကတော့ ကိုအောင်မှိုင်းဆန်း အစကတည်းက တောင်းဆိုထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြေက်ရေးဆိုတဲ့ ခေါင်းစဉ်ပေါ်မှာပဲ ကျနော်တို့ တည်တယ်။ သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသားတွေတောင်မှ ၈ ရက်တည်းနဲ့ ပြန်လွှတ်နိုင်သေးတာပဲ။ နောက်ပြီး လူ့ကျင့်ဝတ်တွေ ချိုးဖောက်တဲ့၊ ကိုယ်ကျင့်တရားမရှိတဲ့ သူခိုး၊ ဂျပိုး၊ ခါးပိုက်နှိုက်တဲ့ သူတွေတောင်မှပဲ ပြန်လွှတ်ပေးနိုင်သေးတာပဲ။ ကျနော်တို့လို နိုင်ငံရေးအကျဉ်းသားတွေ၊ ဘယ်သူ့ကိုမှ ဖျက်လိုဖျက်ဆီး မလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကျတော့ ဘာလို့ မလွှတ်နိုင်တာလဲ။ အဲဒီအတွက် ကျနော်တို့က နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် ကိုအောင်မှိုင်းဆန်းလိုပဲ ကျနော်တို့ အနောက်ကနေ လိုက်ပြီးတော့ အစာငတ်ခံ တောင်းဆိုတာ ဖြစ်ပါတယ်” လို့ ဒီကနေ့ သာယာဝတီထောင်မှာ ရုံးထုတ်ချိန် ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ပြောဆိုခဲ့တာပါ။

အောက်တိုဘာ ၂၃ ရက်နေ့ကတည်းက အစာငတ်ခံ ဆန္ဒပြနေတဲ့ ကိုအောင်မှိုင်းဆန်းကတော့ လက်ရှိ သူ့ရဲ့ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်လို့ ဇနီးသည် မလဲ့က ပြောပါတယ်။

“သူကတော့ ဆက်လက်ပြနေတုန်းပဲ။ ဒီနေ့ဆိုရင် ၁၂ ရက်မြောက်နေ့ပေါ့။ ကျန်းမာရေး အခြေအနေကတော့ အရင်ကထက်စာရင် နည်းနည်းလေး စိုးရိမ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူးတာတွေ ရှိလာတယ်။ ပျို့တာ အန်တာတွေ ရှိလာတယ်။ သူ့ကိုတော့ အခုလက်ရှိ အခြေအနေအထိကတော့ ထောင်ဆေးရုံမှာပဲထားတယ်။ တိုက်ကို ပြန်မပို့သေးဘူး။ ဒါပေမယ့် သူ့ကျန်းမာရေးအတွက် တချက်စိုးရိမ်ရတာက ထောင်ဆေးရုံက ၂ ထပ်ရှိတယ်လေ။ သူ့ကို အပေါ်ထပ်မှာထားတော့ မျက်နှာသစ်၊ ရေချိုးတယ်ဆိုရင် အပေါ်ကနေ အောက်ကိုဆင်းပြီး လုပ်ရတယ်။ လှေကားလည်း အမတ်ကြီး၊ ဒီနောက်ပိုင်းမှာ သူ့ကျန်းမာရေးက စိုးရိမ်ရတဲ့အတွက် အရမ်းစိုးရိမ်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ပေးမချင်း ဆက်လက် အစာငတ်ခံ ဆန္ဒပြမှာဖြစ်ပြီး ထောင်တွင်းမှာ တခုခုဖြစ်သွားရင် အစိုးရရဲ့တာဝန်သာ ဖြစ်တယ်လို့လည်း အစာငတ်ခံ ဆန္ဒပြတဲ့ ကျောင်းသားတွေက ပြောပါတယ်။

ဒီကနေ့ သာယာဝတီ အကျဉ်းထောင်တွင်းမှာ ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေကို ရုံးထုတ်ခဲ့ပေမယ့် စစ်ဆေးမှုတွေမလုပ်ဘဲ လာမယ့် နိုဝင်ဘာ ၁၁ ရက်မှာ ပြန်ချိန်းထားတယ်လို့  ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

ထောင်တွင်းမှာ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၅၁ ဦးထဲက ၃၀ လောက်ဟာ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှာဖြစ်ပြီး ကျန်သူတွေကတော့ ရွေးကောက်ပွဲကို မယုံကြည်လို့ဆိုပြီး သပိတ်မှောက်တဲ့အနေနဲ့ မပေးဘူးလို့လည်း ဦးလှမျိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013