
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် စက်သေနတ်နဲ့လည်း ပစ်ခတ်တာကြောင့် ထိခိုက်ဒဏ်ရာရသူ ၅ ယောက်ရှိတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက အတည်ပြုပါတယ်။
စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းမှာ တိုက်လေယာဉ် ၁ စင်းက အရင်လာပြီး ဗုံးကြဲတာ၊ စက်သေနတ် ပစ်ခတ်ခဲ့ပြီး နောက်မိနစ်ပိုင်းအတွင်းမှာ Y 12 နဲ့ တကြိမ်ကို ဗုံး ၄၊ ၅ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ၅ ယောက် ထိခိုက်မိတယ်လို့ သိရပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက “တိုက်လေယာဉ်ကနေ ပုံစံ ၃ မျိုးလောက် လုပ်သွားတယ်၊ ဝဲတယ် ကြဲတယ်၊ ပွိုင့် 8 စက်သေနတ်နဲ့ပစ်တယ်။ နောက်ပြီး Rocket တွေနဲ့ပစ်တယ်။ Y 12 နဲ့က ၅ ကြိမ် ပတ်ပြီးတော့မှ တကြိမ်ကို ၄ လုံး၊ ၅ လုံး ဗုံးသီးချတယ်။ ထိခိုက်ရတာက ကလေးငယ်အပါအဝင် ၅ ဦးပေါ့နော်” လို့ ပြောပါတယ်။
စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကိုလည်း လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ဒေသခံနဲ့ စစ်ရှောင်ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလထဲမှာ မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့နယ်တို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ စက်သေနတ်နဲ့ပစ်တာတို့ကြောင့် ပြည်သူတွေ ထိခိုက်မိတေ၊ သေဆုံးတာတွေလည်း ရှိနေပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးပါတယ်။
စက်တင်ဘာ ၁၆ ရက်က ဒီးမော့ဆိုအနောက်ခြမ်းကို အသေခံဒရုန်းနဲ့ဗုံးကြဲတာကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။










