DVB Logo
Home
မြန်မာသတင်း
မဲဆန္ဒရှင် သက်သေခံလက်မှတ်များ နိုင်ငံတ၀န်း စတင်ထုတ်ပေး
DVB
·
November 2, 2015
မဲဆန္ဒရှင် သက်သေခံလက်မှတ်များ နိုင်ငံတ၀န်း စတင်ထုတ်ပေး
Donate to DVB

နိုဝင်ဘာလ ၈ ရက် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူတွေ  ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေဖို့နဲ့ မဲပေးရာမှာ လွယ်ကူမြန်ဆန်စေဖို့အတွက် မဲဆန္ဒရှင် သက်သေခံ လက်မှတ်တွေကို စတင်ထုတ်ပေးပြီ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁ ရက်ကနေ ၇ ရက်အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ရုံးတွေမှာ ထုတ်ပေးနေတာဖြစ်ပြီး  မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေမှာ မဲရုံအမှတ်၊ မဲစာရင်းအမှတ်စဉ်၊ မဲဆန္ဒရှင်ရဲ့အမည်၊ ကျား/မ၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ အဖအမည်၊ အမိအမည်နဲ့ နေရပ်လိပ်စာတွေ ပါဝင်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက် အတွင်းရှိ မဲဆန္ဒရှင်ပြည်သူတချို့ ကြိုတင်မဲပေးခဲ့ကြသလို နိုဝင်ဘာ ၈ ရက်နေ့ကျမှ မဲပေးဖို့ သက်သေခံ လက်မှတ်တွေ လာရောက်ထုတ်ယူခဲ့ကြတဲ့ မဲဆန္ဒရှင် အရေအတွက် ဒီကနေ့ မနက်ပိုင်းထိ ၁၀၀၀ လောက်ရှိနေပြီလို့ သိရပါတယ်။

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်က မဲဆန္ဒရှင် ဦးဝင်းသူကတော့ သူ့ရဲ့ မဲဆန္ဒရှင် သက်သေခံလက်မှတ်မှာ မွေးသက္ကရာဇ် ၁၆၈၄ ခုဆိုပြီး မှားယွင်းနေတဲ့အကြောင်းနဲ့ သူ့ရဲ့ မဲစာရင်းမှာ အခုတခေါက်နဲ့ဆိုရင် အမှားပါတာ ၃ ခါရှိနေပြီလို့ ပြောပါတယ်။

“ကျနော့်မဲစာရင်းက ပထမဆုံးကတော့ နာမည်၊ နောက် မှတ်ပုံတင်နံပါတ်မှာ မှားတော့ တခါပြင်တယ်။ ဒီဟာနဲ့ဆိုရင် ၃ ခါလောက်ရှိပြီဗျာ။ အခုဟာက သွားပြန်ထပ်လုပ်ရဦးမှာလား။ သူတို့ပြောတာကတော့ မှတ်ပုံတင်လည်းရတယ်။ စာရင်းမှာပါရင် ရတယ်လို့ပြောတယ်။ ဒါပေမယ့် ကျနော်က သိပ်မယုံကြည်လို့ ဆက်လုပ်ရမယ့် အခြေအနေတော့ ရှိတာပါ။ သူတို့ ကြေညာထားချက်အရဆိုရင် မှတ်ပုံတင်ရှိရင်ရတယ်၊ မဲစာရင်းမှာပါရင်ရတယ်လို့ ဆိုပေမယ့် မယုံလို့ သွားလဲရမှာပေါ့။”

ကရင်ပြည်နယ်မှာတော့ ဒီကနေ့ နိုဝင်ဘာ ၂ ရက်နေ့ကစပြီး ကျေးရွာ ရပ်ကွက်ကော်မရှင်ရုံးတွေမှာ စတင်ထုတ်ပေးနေပြီး မိသားစုတခုမှာ ကိုယ်စားတယောက် သွားထုတ်လို့ရတယ်လို့ ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

“သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ သွားပြီးထုတ်လို့ရပါတယ်။ ထုတ်တဲ့အခါမှာလည်း အိမ်ထောင်ဦးစီးပဲဖြစ်ဖြစ် သူ့အိမ်က အိမ်သားတဦးက သူ့အိမ်အတွက် ထုတ်ခဲ့လို့ရပါတယ်။ သက်သေခံလက်မှတ်ရဖို့ကတော့ မှတ်ပုံတင်တို့ ရှိရင်တော့ ယူသွားဖို့လိုပါတယ်။ ဟိုမှာတော့ သူတို့အရင် ပုံစံ ၁ နဲ့ မဲဆန္ဒရှင် သွင်းထားတဲ့စာရင်းနဲ့ သက်ဆိုင်ရာက ကြည့်ပါလိမ့်မယ်။ ပြီးတော့ စိစစ်ပြီး ထုတ်ပေးပါလိမ့်မယ်။ မထုတ်မနေရတော့ မဟုတ်ဘူး။ ဆိုလိုတာကတော့ မဲပေးလို့ရအောင်တော့ သွားပြီး ထုတ်သင့်တာပေါ့လေ။ အဲဒီသက်သေခံလက်မှတ် ထုတ်ခြင်းအားဖြင့် မဲပေးတဲ့နေရာမှာ လွယ်ကူပြီးတော့ မြန်ဆန်သွားတာပေါ့။”

ဒါပေမယ့် သက်သေခံ မဲလက်မှတ်မှာ မဲဆန္ဒရှင်ရဲ့ ဓာတ်ပုံနဲ့  ထင်ရှားတဲ့ အမှတ်အသားတွေ မပါဝင်တဲ့အတွက် ခုလို မှတ်ပုံတင်အစား သက်သေခံ မဲလက်မှတ်တွေ အသုံးပြုတာကြောင့် မဲစာရင်းမှာမပါတဲ့ လူပိုတွေ လာရောက်မဲပေးသွားမှာကို စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ ဇော်မြင့်မောင်က “သက်သေခံလက်မှတ်ပါရင် မဲပေးလို့ရမယ်လေ။ သက်သေခံလက်မှတ်မှာ ဓာတ်ပုံမပါဘူး။ လက်ဗွေပုံစံ မပါဘူး။ ထင်ရှားတဲ့ အမှတ်အသားမပါဘူး။ ကျနော်တို့ရဲ့ မှတ်ပုံတင်နံပါတ်မှာ ဒါတွေပါပြီးသား။ အဲ့တော့ ဖြစ်စဉ်ကြီးတခုလုံးက အရင်တုန်းကလည်း မှတ်ပုံတင်နဲ့ မဲပေးနေကြ။ ၁၉၉၀၊ ၂၀၁၀၊ ၂၀၁၂ ရွေးကောက်ပွဲတွေမှာ၊ အခုကြတော့မှ ဘာလို့ မှတ်ပုံတင်မလိုဘဲနဲ့လည်း မဲပေးနိုင်ပါတယ်လို့ ပြောလာတာလဲ။”

မန္တလေးတိုင်းဒေသကြီးမှာ မဲရုံပေါင်း ၅၃၀၀ ကျော်ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေက ၄၄ သိန်းကျော်ရှိတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ခုနောက်ဆုံးအကြိမ် ထုတ်ပြန်တဲ့ မဲစာရင်းမှာ လူပိုတွေ များလာတယ်လို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

“မဲစာရင်းတွေက တတိယအကြိမ်ထုတ်မယ့် မဲစာရင်းက ဒုတိယအကြိမ်ထုတ်တဲ့ မဲစာရင်းထက် ပုံစံ ၃ ကကြီးတို့ ပုံစံ ၃ ပြင်တာတို့နဲ့ ထပ်တိုးလာတဲ့အတွက် မဲဆန္ဒရှင်က ရုတ်တရက် များလာတာပေါ့လေ။ သောင်းချီပြီး များလာတာ။ ကျနော်တို့က ပထမဆုံးက ၉ လကနေ ၁၀ လပိုင်းမှာ ပုံစံ ၃ က တွေက ရုတ်တရက်များလာတော့ လက်ရှိ ၁ သိန်း ၃ သောင်းကနေ ၁ သိန်းခွဲ ဖြစ်လာတာဆိုတော့ ၂ သောင်းကျော် ပိုလာတာပေါ့။ ကျနော်တို့ မဲစာရင်းကို မှန်မှန်ကန်ကန်လုပ်မယ်ဆို ကြိုဆိုပါတယ်။ ဒါ နိုင်ငံသားရဲ့ ရပိုင်ခွင့်ကို ရအောင်လုပ်ပေးတဲ့အတွက် ကျနော်တို့က ကျေးဇူးတင်တယ်။ ဒါပေမယ့် တကယ်မရှိဘဲနဲ့ မဲစာရင်းတွေ ပိုလာတာမျိုး ဆိုရင်တော့ ကျနော်တို့အတွက် စိုးရိမ်ကြောင့်ကြဖြစ်တယ်။ ကျနော်တို့ မဟာအောင်မြေမှာ သုတေသနလုပ်ထားတာ ပျမ်းမျှ ရာခိုင်နှုန်းအားဖြင့် ၄၀ ရာခိုင်နှုန်း ပိုသွားတာ။ ကျနော်တို့အတွက်လည်း ဒီလူဟာ တကယ်ရှိတယ်၊ မရှိဘူးဆိုတာ ဘယ်လိုမှ သက်သေမပြနိုင်ဘူး။”

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ မဲစာရင်းမှန်ကန်ရေး အထောက်အကူဖြစ်စေဖို့၊ မဲစာရင်းပါကြောင်းနဲ့ မဲပေးခွင့်ရရှိကြောင်း သေချာခိုင်လုံစေဖို့နဲ့ မဲလက်မှတ်ထုတ်ယူရာမှာ လွယ်ကူမြန်ဆန်စေဖို့ စတာတွေအတွက် အကျိုးရှိစေမှာဖြစ်လို့ ခုလို သက်သေခံလက်မှတ်တွေ ထုတ်ပေးဖို့ စီစဉ်တာလို့ ဆိုပါတယ်။

ဒါပေမယ့် သက်သေခံလက်မှတ်တွေ ထုတ်ယူနိုင်တယ်ဆိုတာ သိရှိသူ နည်းပါးနေသလို စိတ်ဝင်စားသူလည်း နည်းပါးနေဆဲ ဖြစ်ပါတယ်။

မဲဆန္ဒရှင်တွေအနေနဲ့ အဆိုပါ သက်သေခံလက်မှတ်တွေ ထုတ်ယူခြင်းမပြုဘဲ ပုံမှန်အတိုင်း မှတ်ပုံတင်ပြပြီး မဲလာပေးနိုင်ပြီး ဆန္ဒမဲ ပေးပြီးသွားရင်တော့ သက်သေခံ လက်မှတ်တွေကို  ပြန်လည်အပ်နှံရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013