DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲဝင် အစိုးရအဖွဲ့ဝင်သတင်း နိုင်ငံပိုင်မီဒီယာဖော်ပြမှု ပြိုင်ဘက်ကို အသာစီးရဟုဆို
DVB
·
November 1, 2015
ရွေးကောက်ပွဲဝင် အစိုးရအဖွဲ့ဝင်သတင်း နိုင်ငံပိုင်မီဒီယာဖော်ပြမှု ပြိုင်ဘက်ကို အသာစီးရဟုဆို
1 / 2
Donate to DVB

ရုပ်မြင်သံကြား၊ ရေဒီယိုနဲ့ သတင်းစာတွေကို စောင့်ကြည့်ခဲ့တဲ့ Myanmar Institute for Democracy (MID) က သူတို့ရဲ့ ဒုတိယအကြိမ် မဏာမ အစီရင်ခံစာကို အောက်တိုဘာ ၃၀ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။

အဲဒီ အစီရင်ခံစာထဲမှာ နိုင်ငံတော်ပိုင် မီဒီယာတွေဟာ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် အစိုးရအဖွဲ့ဝင်တွေရဲ့ လှုပ်ရှားတာတွေကို အချိန်အများကြီး ဖော်ပြနေတုန်းပဲလို့ ဆိုပါတယ်။

နိုင်ငံရေးနဲ့ ရွေးကောက်ပွဲသတင်း ထုတ်လွှင့်ချိန်ရဲ့ ၉၈ ရာခိုင်နှုန်းလောက်ကို အစိုးရအဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်တာတွေကို ဖော်ပြခဲ့ပြီး ဒါဟာ ပထမအကြိမ် အစီရင်ခံစာတုန်းကထက် တိုးလာခဲ့တာပါ။

"နိုင်ငံပိုင်မီဒီယာတွေရဲ့ သတင်းကို ကြည့်လိုက်ရင် ဒီနိုင်ငံမှာ မကြာခင် ရွေးကောက်ပွဲ ရှိနေတယ်လို့တောင် မထင်ရဘူး" လို့ Democracy Reporting International က မီဒီယာစောင့်ကြည့်ရေး ပညာရှင် မစ္စတာ ရပ်စ်တို (Rasto Kuzul) က ပြောပါတယ်။

ရွေးကောက်ပွဲအတွက် နိုင်ငံပိုင်မီဒီယာတွေရဲ့ ဖော်ပြတာက ဘယ်လောက်အရေးပါတယ်ဆိုတာ ပြောဖို့ခက်ပေမယ့် ဒီမီဒီယာတွေကိုပဲကြည့်နေရတဲ့ သူတွေအဖို့ကတော့ အများကြီး အရေးကြီးတယ် လို့ သူက ဆိုပါတယ်။

တချို့ ရုပ်သံလွှင့်မီဒီယာတွေကပဲ ရွေးကောက်ပွဲနဲ့ နိုင်ငံရေး အကြောင်းအရာတွေကို ဖော်ပြပြီး ဒီဗွီဘီကတော့ ကိုယ်စားလှယ်လောင်းတွေရဲ့ စကားရည်လုဆွေးနွေးပွဲတွေကို ထုတ်လွှင့်ပြီး သူတို့ ပြောချင်တဲ့ အချက်အလက်တွေကို မဲဆန္ဒရှင်တွေကို သိစေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒုတိယအကြိမ် အစီရင်ခံစာ စောင့်ကြည့်ရေးကာလမှာတော့ အန်အယ်လ်ဒီပါတီအကြောင်းဖော်ပြတာ များလာခဲ့ပြီး အပြုသဘောဆောင်တာလည်း ပိုများတယ်လို့ ဆိုပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ရှင်းလင်းပွဲကို တက်ရောက်တဲ့ သတင်းထောက်တစ်ယောက်ကတော့ ဘယ်ပါတီက ပိုပြီး သတင်းဖြစ်စေသလဲဆိုပြီး မေးခွန်းထုတ်ခဲ့ပါသေးတယ်။

ရေဒီယိုတွေမှာတော့ မြန်မာ့အသံ၊ ချယ်ရီအက်ဖ်အမ်၊ စီးတီးအက်ဖ်အမ်၊ မန္တလေးအက်ဖ်အမ်နဲ့ ရွှေအက်ဖ်အမ်တွေဟာ လက်ရှိ အစိုးရကို ထောက်ခံတဲ့သဘော ရှိနေပြီး ဗွီအိုအေနဲ့ အာရ်အက်ဖ်အေက အန်အယ်လ်ဒီပါတီအကြောင်း အသားပေးဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။

"အစိုးရပိုင် သတင်းစာတွေကတော့ ပြောမနေနဲ့တော့။ သူတို့က ဘက်လိုက်နေတုန်းပဲ။ စိမ်းနေတုန်း၊ အစိမ်းဘက်ကို ယိမ်းနေတုန်းပဲ။ ပုဂ္ဂလိက မီဒီယာတွေကလည်း သူတို့သန်ရာဘက်ကို ယိမ်းနေကြတုန်းပဲ။ တချို့ ဘက်မျှအောင် ကြိုးစားနေတာတော့ ရှိပါတယ်" လို့ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း ဥက္ကဋ္ဌ ဦးသီဟစောက ပြောပါတယ်။

ပုံနှိပ်မီဒီယာတွေမှာလည်း နိုင်ငံပိုင်သတင်းစာတွေက အစိုးရလှုပ်ရှားတာတွေကို ဦစားပေးဖော်ပြပြီး အလဲဗင်း၊ ဆဲဗင်းဒေး၊ ဗွိုက်စ်၊ မက်ဆင်ဂျာနဲ့ ပြည်သူ့အရေးတို့က အန်အယ်လ်ဒီပါတီကို ထောက်ခံဖော်ပြကြတယ်လို့ ဆိုပါတယ်။

ဥရောပသမဂ္ဂရဲ့ စီမံကိန်းနဲ့ လုပ်ဆောင်နေတဲ့ ဒီစောင့်ကြည့်မှုကနေ နောက်ထပ်အစီရင်ခံစာ တစောင်ကို နိုဝင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ဦးမှာဖြစ်ပြီး နောက်ဆုံး အစီရင်ခံစာကိုတော့ ရွေးကောက်ပွဲအပြီး သုံးပတ်အကြာမှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013