DVB Logo
Home
Lead Story
အောင်ပွဲခံနှင့် စည်းလုံးညီညွတ်ရေး
DVB
·
October 30, 2015
အောင်ပွဲခံနှင့် စည်းလုံးညီညွတ်ရေး
Donate to DVB

ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ အင်အားအကြီးဆုံးပါတီကြီး ၂ ခုကြားတွင် ပြဿနာ အသီးသီးနဲ့ သူတို့ အခြေအနေများကို လူထုက စောင့်ကြည့်လျက်ရှိပါသည်။ ပြည်ခိုင်ဖြိုးပါတီဆိုလျှင် ဥက္ကဋ္ဌနေရာ အပြောင်းအလဲနဲ့ ပါတီတွင်း အာဏာလုပွဲများကြောင့် သူရဦးရွှေမန်း ဥက္ကဋ္ဌနေရာမှ ပြုတ်သွား၏။ သမ္မတ ဦးသိန်းစိန်က ဥက္ကဋ္ဌနေရာသည် သူ၏ မူလနေရာဖြစ်သည်ဟု ကြွေးကြော်ကာ ပါတီဥက္ကဋ္ဌနေရာ ပြန်ယူကာ ဒု-ဥက္ကဋ္ဌနေရာကို ယာယီပေးလိုက်သည်။ ယခုလည်း ဒု-ဥက္ကဋ္ဌ ဦးဌေးဦးက သူရဦးရွှေမန်း ပါတီမှ နုတ်ထွက်မည့်ကိစ္စနဲ့  ပတ်သက်ပြီး ပါတီမှ နုတ်ထွက်လျှင် ပါတီဝင်တဦး လျော့သွားခြင်းသာ ရှိပေမည်ဟု ဆိုသည်။ မိမိသဘောထားနဲ့ နုတ်ထွက်ခြင်းဖြစ်ပြီး ပါတီမှ ထုတ်ပယ်ခြင်း မဟုတ်ကြောင်း ပြောကြားသွားပါသည်။

သို့သော် အန်အယ်လ်ဒီ ပါတီတွင်မူ မြို့နယ်များမှ ပါတီဝင်များ တမြို့နယ်ပြီး တမြို့နယ် နုတ်ထွက်နေသည်ကို သတင်းစာများတွင် ဖတ်လိုက်ရပါသည်။ ယခုကြားရသည်မှာ ဧရာဝတီတိုင်းဒေသကြီးမှ တိုင်း၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကျေးအဆင့်ဆင့်မှ အလုပ်အမှုဆောင်အချို့ နုတ်ထွက်သွားခြင်းဖြစ်ပါသည်။ ယခု ရေးသားနေသည်မှာ ဒီမိုကရေစီပါတီတရပ်အတွက် မေတ္တာထားပြီး ရေးသားနေခြင်းဖြစ်သည်။ ပါတီဝင်များ နုတ်ထွက်နေသည်ကို ဝမ်းသာ၍ ရေးသားနေခြင်း မဟုတ်သည်ကို ပါတီ စီအီးစီများ သိစေလိုသည်။ အမှိုက်များ ရှင်းသွားပြီဟု မဆလခေတ်က ပါတီဝင်များကို ထုတ်ပယ်ကာ ပါတီတွင်း သန့်စင်ပွဲလုပ်သည်ဟု ဗိုလ်နေဝင်း လက်ခမောင်းခတ်သလို ယခုလည်း ဦးဉာဏ်ဝင်း၊ ဦးဝင်းထိန်နဲ့ ဦးဝင်းမြင့်တို့ လက်ခမောင်း မခတ်စေလို၍ သတိပေးရခြင်းဖြစ်သည်။ မိမိတို့ပါတီကို ထောက်ခံသူ အများကြီး ရှိနေသားပဲ။ ပါတီဝင် သန်းနဲ့ချီ ရှိနေသားပဲဟု ဘဝင်လေ မဟပ်စေလို၍ ဖြစ်သည်။ ပါတီကို ထောက်ခံသူ ပြည်သူသန်းပေါင်းများစွာ ရှိသည်ဖြစ်စေ နောက်ထပ်ထောက်ခံသူ သန်းပေါင်းများစွာ ရှိစေလိုသည်မှာလည်း ပါတီတိုင်း ဖြစ်စေချင်သော ကိစ္စဖြစ်၏။ သို့သော် ပါတီဝင်များ နုတ်ထွက်သွားသည်ကို တံမြက်စည်းဖြင့် လှဲလိုက်သလို ဖြစ်သွားသည်ဟု ခေါင်းဆောင်ပိုင်းမှ ပြောဆိုခြင်းမှာ မဖြစ်သင့်ပေ။

ဧရာဝတီတိုင်းမှ နုတ်ထွက်သွားသည့် သတင်းကို ဆက်ရလျှင် ထိုသို့ နုတ်ထွက်သွားသည်ကို ပါတီဗဟိုသို့ အကြောင်းကြားလိုက်သည်မှာ ကောင်းသောလက္ခဏာ မဟုတ်ပေ။ ထိုအကြောင်းကြားစာတွင်…

“၂ဝ၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်စိစစ်သတ်မှတ်ခြင်းနဲ့ ပါတီတွင်း မသမာသော စွပ်စွဲချက်များဖြင့် ပါတီဝင်များကို ထုတ်ပယ်ခြင်းအတွက် မကျေနပ်၍သော်လည်းကောင်း၊ ပါတီတွင်း အုပ်စုဖွဲ့ ဗိုလ်ကျပြီး အာဏာရှင်ဆန်သော ဗဟိုကော်မတီဝင်အချို့၏ လုပ်ရပ်ကြောင့် ယခုကဲ့သို့ အန်အယ်လ်ဒီ ပါတီဝင်များ ပါတီမှ နုတ်ထွက်ရခြင်းဖြစ်ကြောင်း” ပါရှိလေသည်။ ထိုသို့ နုတ်ထွက်ရခြင်းအပေါ် ဧရာဝတီတိုင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလင်းသူက ပြောကြားသွားခဲ့လေသည်။ ယခု နုတ်ထွက်သွားသော အန်အယ်လ်ဒီပါတီဝင်များမှာ ဧရာဝတီတိုင်း တခုလုံးလိုလို နုတ်ထွက်သွားခြင်းဖြစ်သည်။ ဧရာဝတီတိုင်း၊ တိုင်းဒေသကြီး အလုပ်အမှုဆောင်၊ အတွင်းရေးမှူး ဒေါက်တာတင်မင်းထွဋ် အပါအဝင် ပုသိမ်ခရိုင် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ရေကြည်ခရိုင် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ကျုံပျော် အလုပ်အမှုဆောင် အဖွဲ့ဝင်များ စသည်စသည်ဖြင့် အန်အယ်လ်ဒီပါတီဝင် ၁ဝဝ ကျော် ရှိလေသည်။ အာဏာရပါတီမဟုတ်ဘဲ အတိုက်အခံ ပါတီတခုတွင် နှစ်ပေါင်းများစွာ ကိုယ့်အကျိုးစီးပွားကို စွန့်လွှတ်ပြီး ဒီမိုကရေစီပါတီရေးအတွက် လုပ်ဆောင်ခဲ့သူများ နုတ်ထွက်သွားသည်မှာ ကောင်းသောအရာ မဟုတ်ပေ။ ကောင်းသည်၊ အမှိုက်ရှင်းလိုက်သည်ဟု ယူဆသော ခေါင်းဆောင်မှာ နိုင်ငံရေးသမား မပီသသူ၊ ခေါင်းဆောင်ကောင်း မဟုတ်သူ ဖြစ်လေသည်။ ထိုသူများ၏ ခေါင်းဆောင်မှုနဲ့သာ တိုင်းပြည်ရှေ့ဆက်ရလျှင် အနာဂတ်မှာ မတွေးဝံ့စရာပင် ဖြစ်လေသည်။ ပြည်သူလူထုက အန်အယ်လ်ဒီကို အလွန်မျှော်လင့်ထားကြပါသည်။ ထို့ကြောင့် ယခုတလော ဖြစ်ပေါ်နေသော အန်အယ်လ်ဒီမှ ဆန္ဒပြသူ၊ စောဒကတက်သူ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ လုပ်ရပ်များကို ဝေဖန်ရှုတ်ချသူများအား ဥက္ကဋ္ဌ အပါအဝင် ဗဟိုကော်မတီက တယောက်ပြီးတယောက် ပါတီမှ ထုတ်ပယ်နေခြင်းမှာ ပါတီရှင်သန်ရေးနဲ့ ဗဟိုချုပ်ကိုင်မှု သဟဇာတဖြစ်ရေးတို့တွင် ဒီမိုကရေစီ မဆန်သော၊ ပွင့်လင်းမြင်သာမှုမရှိသော လုပ်ရပ်များဖြစ်ပြီး ပါတီအတွက် အနုတ်လက္ခဏာများ ဖြစ်နေသည်ကို သဘောပေါက်ဖို့ လိုပါသည်။ ရွေးကောက်ပွဲနီးလေလေ၊ လူထု ထင်ယောင်ထင်မှား ဖြစ်စေသော ထိုသို့ နုတ်ထွက်ခြင်းများ မရှိအောင် ပါတီဥက္ကဋ္ဌက ထိန်းသိမ်းရပေမည်။ အရေးကြီးသည်မှာ မိမိတို့ကိုယ် မိမိတို့ ခြေဖျား မထောက်ဖို့ လို၏။ ဘဝင်လေဟပ်ကာ မိမိတို့ တောင်ပြိုကမ်းပြို အနိုင်ရလိမ့်မည်ဟု မထင်ကြပါနဲ့။ အန်အယ်လ်ဒီကို လူထုပါတီအဖြစ် လူထုက ယုံကြည်ကိုးစားသည်မှာ အန်အယ်လ်ဒီသည် ပြည်သူအတွက် အမှန်တကယ် လုပ်ဆောင်ပေးမည်ဟု ယုံကြည်နေသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အန်အယ်လ်ဒီပါတီမှ အနုတ်လက္ခဏာပြနေသော နုတ်ထွက်ခြင်းများကို အမြန်ဆုံး ထိန်းသိမ်းပြီး သဘောထားကြီးသော ခေါင်းဆောင်များအဖြစ် ရပ်တည်လိုပါက ဒီမိုကရေစီဘက်တော်သားများ ဖြစ်သည်ဆိုပါက နုတ်ထွက်သွားသူများကို ဖျောင်းဖျဖို့၊ ပြန်လည်စည်းရုံးဖို့ ပါတီဥက္ကဋ္ဌ အပါအဝင် ခေါင်းဆောင်များက လေးလေးနက်နက် လုပ်ဆောင်ဖို့ လို၏။ မိမိတို့၏ လူထုနဲ့ ကင်းကွာသော အောက်ခြေနဲ့ ဆက်ဆံရေး အားနည်းလွန်းမှုကို သုံးသပ်နိုင်လျှင် ရွေးကောက်ပွဲတွင် အားများ ပြန်လည်ရရှိနိုင်၏။ ဧရာဝတီတိုင်းမှ လူ ၁ဝဝ နုတ်ထွက်သွားခြင်းသည် ထောက်ခံမဲ ၁ဝဝ လျော့သွားခြင်းဖြစ်သည်ကို သိမြင်နိုင်လျှင် အန်အယ်လ်ဒီအဖို့ မှန်မှန်ကန်ကန် ပြန်လည်သုံးသပ်ဖို့ လိုပါသည်။

သြဂုတ်လ ၂၄ ရက်နေ့က အန်အယ်လ်ဒီနဲ့ ၈၈ မျိုးဆက် ငြိမ်းပွင့်တို့ ပူးတွဲကြေညာချက် တစောင် ထုတ်ပြန်လိုက်လေသည်။ ထိုကြေညာချက်တွင် ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ပူးပေါင်း ဆောင်ရွက်သွားကြရန်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် စသည်ဖြင့် အနာဂတ်ကာလ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်သွားကြမည်ဆိုသော အချက်များ ပါဝင်သည့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်။ ထို့ပြင် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က….

“ယခုလို ပူးတွဲကြေညာချက် ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်က ကျနော်တို့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့အထဲမှာ ၈၈ မျိုးဆက်တွေ မပါတာနဲ့ ပတ်သတ်လို့ လူပြောသူပြောတွေ ဖြစ်ကြတာပေါ့။ ဒါက သာမန်ကိစ္စ ဖြစ်တယ်။ တကယ်တော့ ၂ ဖွဲ့စလုံးရဲ့ အနာဂတ် ရည်မှန်းချက်က တူညီတယ်ဆိုတာကို ပြောချင်လို့ အခုလို ပူးတွဲကြေညာချက်ကို ထုတ်တာပါ။” ဟု ပြောဆိုသွားခဲ့လေသည်။ ထို့ပြင် ၈၈ မျိုးဆက် ငြိမ်းပွင့်မှ ဦးကိုကိုကြီးကလည်း…

“အခု ၂ဝ၁၅ မှာတော့ အရင် ကျနောတို့ ဆောင်ရွက်နေတဲ့ လေ့လာစောင့်ကြည့်ပြီး ဒိုင်လူကြီးအလုပ်ကို မလုပ်တော့ဘူး။ ကျနော်တို့ ဦးတည်ချက် ပြောင်းလိုက်တယ်။ ဒီမိုကရေစီ အင်အားစုတွေ အောင်နိုင်ရေးအတွက် လုပ်တော့မယ်” ဟု ပြောဆိုသွားခဲ့သည်။

သြဂုတ်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သော ပူးတွဲ ကြေညာချက်သည် အန်အယ်လ်ဒီနဲ့ ၈၈ မျိုးဆက်တို့ကြား ကော်နဲ့ ပြန်ကပ်လိုက်သော ညီညွှတ်ရေးသာ ဖြစ်သည်ဟု ဒီမိုကရေစီရေး လှုပ်ရှားတက်ကြွသူများက ဝေဖန်နေကြပါသည်။ ဆိုလိုသည်မှာ ရွေးကောက်ပွဲ နီးလာသည်နဲ့ အမျှ ၈၈ နဲ့ ဒီချုပ်တို့ကြား ပြိုကွဲနေပြီဆိုသည်ကို လူထုက ထင်ယောင်ထင်မှား မဖြစ်စေရန် ပြန်လည်ပေါင်းစည်းဖို့ ကြိုးစားလိုက်ခြင်း ဖြစ်ပါသည်။ အမှန်လည်း ပြိုကွဲသွားခြင်းဖြစ်၏။ ယခုလို အဓမ္မ ပြန်လည်ပေါင်းစည်းချင် ယောင်ဆောင်ခြင်းမှာ ပြည်သူကို မျက်လှည့်ပြသလို ဖြစ်နေသည်။ ပွင့်လင်းမြင်သာမှု မရှိခြင်းလည်း ဖြစ်ပါသည်။ အန်အယ်လ်ဒီသည် အစောပိုင်းက ရွေးကောက်ပွဲ ဝင်ချင်မှ ဝင်ဖြစ်မည်။ သပိတ်မှောက်ချင် မှောက်မည်ဟုလည်း ခြိမ်းခြောက်လေသည်။ သို့သော် ပြည်ခိုင်ဖြိုးပါတီရော၊ အစိုးရကပါ ထိုခြိမ်းခြောက်မှုကို အလေးမထားခဲ့။ အန်အယ်လ်ဒီ မပါလျှင်ပင် အန်အယ်လ်ဒီမဲများကို သူတို့ သပိတ်ဝင် အိတ်ဝင် ရနိုင်သောကြောင့် မဝင်လေ ကောင်းလေ ဖြစ်ပါသည်။ သို့သော် အန်အယ်လ်ဒီမှာ ရေရှည် မူမနေနိုင်ရှာ။ နိုဝင်ဘာတွင် ရွေးကောက်ပွဲလုပ်မည်ဆိုသည်နဲ့ ချက်ချင်းပင် အန်အယ်လ်ဒီ ရွေးကောက်ပွဲဝင်မည်ဟု ကြေညာခဲ့သည်။ နောက် ၈၈ မျိုးဆက်များနဲ့ တွေ့ဆုံခဲ့သည်။ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တုန်းကလိုပင် ၈၈ များနဲ့ တွေ့ဆုံခြင်းကို သတင်းအမှောင်ချထားလေသည်။ ပွင့်လင်းမြင်သာမှု မရှိခဲ့ပေ။ ထို့နောက် ၈၈ မှ ၂ဝ ကျော် အန်အယ်လ်ဒီမှ ဝင်ပြိုင်မည်ဟု သတင်းထွက်လာ၏။ ကိုမြအေးက မင်္ဂလာတောင်ညွန့်၊ ကိုကိုကြီးက တောင်ဥက္ကလာပ စသည်ဖြင့် သတင်းများ ထွက်လာသည်။ သူတို့ အန်အယ်လ်ဒီ ပါတီဝင်အဖြစ် လျှောက်ရတော့မည်။ လူထုကလည်း ဝမ်းသာနေ၏။ ထို ၂ ဖွဲ့ ပူးပေါင်းလိုက်ပါက တောင်ပြိုကမ်းပြို  အနိုင်ရနိုင်မည်ဟုလည်း လူထုက သုံးသပ်ကြပါသည်။

သို့သော် ထိုဝမ်းသာမှုမှာ ရေရှည်မခံပေ။ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းစာရင်း ကြေညာရာတွင် လူထုက အားကိုးသော ဒေါက်တာညိုညိုသင်းလည်း အပယ်ခံရ၊ ၈၈ မှ ကိုပြုံးချို လွဲလျှင် အားလုံး အပယ်ခံရလေတော့သည်။ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်များကို အမြင်ကတ်သွားကြတော့၏။ ဘာကြောင့် ပယ်လိုက်ရသလဲ။ မကြာခင် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပညာရှင်များကို ဦးစားပေး ရွေးချယ်သည်ဟု ဆိုသည်။ သို့သော် ထိုပညာရှင်များမှာ နိုင်ငံရေးကို နကန်းတလုံးမှ နားမလည်ကြပေ။ ဘွဲ့တသီကြီးရှိသူတိုင်း သမ္မတလုပ်နိုင်သည် မဟုတ်ပေ။ နိုင်ငံရေးသမားသည် လူထုကြားမှ လာသူ ဖြစ်ရပေမည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော စစ်ဗိုလ်ချုပ်များမှာ နိုင်ငံရေး နားမလည်ဘဲ သေနတ်ပြကာ အုပ်ချုပ်ခဲ့သည်။ ယခုလည်း အန်အယ်လ်ဒီက ပညာရှင်များဖြင့် အုပ်ချုပ်မည်ဆိုပါလား။ မြန်မာပြည်အနာဂတ် မတွေးရဲစရာပင်။ ပါမောက္ခများ၊ ဒေါက်တာများ၊ စီးပွားရေးပညာရှင်များဖြင့် အန်အယ်လ်ဒီသည် မြန်မာနိုင်ငံကို အုပ်ချုပ်ကာ ကမ္ဘာတွင် မပြောနှင့် အာရှတွင်ပင် စီးပွားရေး ထိပ်ရောက်အောင် လုပ်နိုင်ပါက လက်ဖြတ်၍ လည်ဖြတ်၍ လောင်းကြေးထပ်ရဲပါသည်။ ယခု ရွေးကောက်ပွဲနီး၍ ၈၈ မျိုးဆက်နဲ့ ပြန်ပြီး လက်ဝါးရိုက်လာပြန်သည်။ အရေးကြီးသည်မှာ ရိုးသားဖို့၊ ပွင့်လင်းမြင်သာမှုရှိဖို့၊ အမှန်တကယ် အောက်ခြေ ပြည်သူလူထုအတွက် စေတနာသန့်သန့်နဲ့ လုပ်ဆောင်နိုင်ဖို့သာ အရေးကြီးကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။

ထက်မြက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013