DVB Logo
Home
မြန်မာသတင်း
ကြိုတင်မဲပုံးများ လုံခြုံမှုမရှိဟု ကိုယ်စားလှယ်လောင်းအချို့ပြော
DVB
·
October 29, 2015
ကြိုတင်မဲပုံးများ လုံခြုံမှုမရှိဟု ကိုယ်စားလှယ်လောင်းအချို့ပြော
Donate to DVB

ရွေးကောက်ပွဲကော်မရှင်က တိုင်းနဲ့ပြည်နယ် မြို့နယ်တွေဆီကို ဖြန့်ဖြူးပေးလိုက်တဲ့ ကြိုတင်မဲပုံးတွေဟာ လုံခြုံမှုမရှိတဲ့အတွက် မဲမသမာမှုတွေဖြစ်မှာကို ပါတီကိုယ်စားလှယ် လောင်းတချို့က စိုးရိမ်ပူပန်နေကြပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး ခရီးသွားဖို့ရှိတဲ့ ၀န်ထမ်းတွေကို ကြိုတင်မဲပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုထားပေမယ့်လည်း ကြိုတင်မဲပုံးတွေဟာ မလုံခြုံဘူးလို့ မွန်ပြည်နယ် အပေါင်မြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် အန်အယ်လ်ဒီကိုယ်စား လှယ်လောင်းတဦးက ပြောပါတယ်။

“အခု ကြိုတင်မဲပုံးတွေက မြို့နယ်တွေရော၊ ရပ်ကြေးတွေရော ချပေးပြီ။ အဲဒီမဲပုံးက  ၄ ထောင့်ရှိတဲ့အထဲမှာ ချိပ်ပိတ်ထားတာက အရှေ့နဲ့အနောက်ပေါ့။ အဲဒီအရှေ့နဲ့အနောက်က ပြဿ  နာမရှိဘူး။ ဒါပေမယ့် တောင်နဲ့မြောက် နှစ်ဘက်မှာတွေက နှစ်ဖက်စလုံး တချို့ပုံးတွေက တဖက်ဟနေပြီတော့ လက်ပါနှိုက်လို့ရတယ်။ အဲဒါ ကျနော်တို့ တနေရာတည်း မဟုတ်ဘူး၊ မြန်မာတနိုင်ငံလုံး တော်တော်များများဖြစ်နေတယ်။ ကျနော်ကိုယ်တိုင် မြို့နယ်ရုံးတွေ၊ ရပ်ကျေးရုံးတွေ သွားကြည်တော့လည်း ဖြစ်နေတယ်။”

ဒီလို ကြိုတင်မဲပုံးတွေ မလုံခြုံတဲ့အတွက် မဲမသာမှုတွေ ဖြစ်လာမှာကို စိုရိမ်တယ်လို့လည်း  ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။

“မဲပေးတဲ့ နေရာကတော့ မဲပုံးကိုမြင်နေရတော့ သူတို့ လုပ်လို့ရမှာမဟုတ်ဘူး။ ညကျတော့ မဲပုံးကို ဘယ်သူကမှ ကြည့်မှာမှ မဟုတ်ဘဲ။ မဲပုံးကို သူတို့ဆီမှာအပ်ထားတာ ပုံးက မလုံခြုံဘူးဆိုတော့ တကယ်လို့ မသမာတဲ့စိတ်ရှိရင်တော့ လက်နဲ့နှိုက်ယူထုတ်ပြီးတော့ အသစ်ပြန်လဲလို့တော့ ရတာပေါ့။ အဲလိုမျိုးဆိုရင်တော့ မဲတွေက ပြောင်းပြန်ဖြစ်ရင်လည်း ဖြစ်သွားတတ်တာပေါ့။ သူတို့ပေါ်မှာ မူတည်တယ်။ သူတို့ ရိုးရိုးသားသားပဲ ဆိုရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ ဒါပေမယ့်လူတွေက စိတ်ပူကြတာပေါ့နော်။”

မဲပုံးတွေ အခုလို ပုံစံဖြစ်တာဟာ မြို့နယ်တခုတည်း မဟုတ်ဘဲ နိုင်ငံတ၀ှမ်းမှာ ဖြစ်တယ်လို့လည်း အပေါင်မြို့နယ် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းက ပြောပါတယ်။

မွန်ပြည်နယ်ရွေးကောက်ပွဲတာဝန်ခံအရာ ရှိ ဦးဟိန်းလင်းထက်ကတော့ ကြိုတင်မဲထုတ်ပေးတဲ့နေရာမှာ စာရင်းနဲ့ ပုံစံတွေနဲ့ ထုတ်ပေးရတဲ့အတွက် မဲမသမာမှုမဖြစ်အောင် လုပ်ဆောင်ထားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့က ဥပဒေ၊ နည်းဥပဒေ လုပ်ငန်းလမ်းညွန်အတိုင်း ဆောင်ရွက်နေပါတယ်။ ကျနော်တို့က ဒီမှာ သေချာလုပ်ထားပါတယ်။ မသမာမှုမဖြစ်အောင် မဲစာရင်း၊ ကြိုတင်မဲစာ ရင်းဆိုတာလည်း ကပ်ထားပါတယ်။ မဲလက်မှတ်ထုတ်ပေးတဲ့အချိန်မှာလည်း စာရင်းနဲ့ ပုံစံနဲ့ ထုတ်ပေးရတာပါ။ ပြီးရင် တံဆိပ်တုံးတွေနဲ့ သေချာလုပ်တာ။ တခြားနည်းနဲ့ ဘာမှ လုပ်လို့မရပါဘူး။ မဲလည်း လဲလို့မရပါဘူး။ မဲလက်မှတ်က သူ့ဘာသူ တံဆိပ်တုံးနဲ့ အရေအတွက်နဲ့  မှတ်တမ်းတင်ပြီးလုပ်ပါတယ်။ ကျနော်တို့ မသမာမှုလုပ်စရာလည်း စိတ်တောင်မကူးမိဘူးဗျာ။ နိုင်ငံသားကလည်း မသမာမှုလုပ်တယ်ဆိုရင် အဲဒီဥပဒေကို အကာအကွယ်ယူပြီး တိုင်ကြားနိုင်ပါတယ်။ ”

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲရက်မတိုင်မီ တာဝန်နဲ့ ခရီးသွားဖို့ရှိတဲ့ ၀န်ထမ်းတွေကို အောက်တိုဘာ ၂၉ ရက်ကစပြီး ကြိုတင်မဲပေးဖို့ ခွင့်ပြုထားပါတယ်။

မဲရုံတာဝန်ကျသူတွေနဲ့ ရွေးကောက်ပွဲရက်မှာ ခရီးထွက်ဖို့ ရှိနေသူတွေကိုတော့ နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးတွေမှာ ကြိုတင်မဲပေးခွင့်ပြု မယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013