DVB Logo
Home
မြန်မာသတင်း
ဒက္ခိဏသီရိတွင် ကြံ့ခိုင်ရေးက မီတာပုံးတပ်ပေးမည်ဟု မဲဆွယ်
DVB
·
October 28, 2015
ဒက္ခိဏသီရိတွင် ကြံ့ခိုင်ရေးက မီတာပုံးတပ်ပေးမည်ဟု မဲဆွယ်
Donate to DVB

နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတချို့မှာ ကြံ့ခိုင်ရေးပါတီက မီတာပုံးပေးမယ်ဆိုပြီး မဲဆွယ်နေတယ်လို့ ကာယကံရှင်ရွာသားတွေက ပြောပါတယ်။

ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ တောင်ကျောင်းစုရွာမှာ ဒီနေ့မနက်ပိုင်းက ကြံ့ခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူး ဦးမြင့်သိန်းက ပါတီရုံးခေါ်ပြီး ပါတီကိုမဲပေးရင် မီတာပုံး တပ်ပေးမယ်လို့ ပြောခဲ့တာဖြစ်တယ်ကြောင်း ကျေးရွာသား ဦးမြင့်ဦးက ပြောပါတယ်။

“ကြံ့ခိုင်ရေးပါတီက ဦးမြင့်သိန်းကနေပြီးတော့ မီတာပုံးပေးမယ်၊ မှတ်ပုံတင်နဲ့ စာရင်းကောက်တယ်၊ မီတာပေးမယ်၊ ကြံ့ခိုင်ရေးကို မဲထဲ့၊ ဒီတအိမ်မှာ မဲပေးနိုင်တဲ့သူ ၄ ယောက်ရှိတယ်ဆိုရင် စာရင်းကောက်တယ်၊ မှတ်ပုံတင်နဲ့၊ပြည်ခိုင်ဖြိုးထဲကို မဲထဲ့ရင် မီတာပုံးပေးမယ်။ မထဲ့ရင် မပေးဘူး။”

သူတို့ရွာကို အခုလိုလာပြောပြီး မဲဆွယ်နေတာ ၃ ကြိမ်ရှိသွားပြီလို့ ဆိုပါတယ်။ အရင်အခေါက်တွေက ထီး၊ အင်္ကျီတို့ပေးတယ်၊ ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ဦးမြင့်လှိုင်ကို ကြိုဖို့ ပြည်ခိုင်ဖြိုး အင်္ကျီနဲ့ပုဆိုးတို့ ဝေတယ်၊ အခု တခေါက်မှာတော့ မီတာပုံးပေးမယ်ဆိုပြီး မဲဆွယ်တာလို့ ပြောပါတယ်။

ဒက္ခိဏသီရိမြို့နယ်မှာ မဲဆွယ်ကာလမတိုင်မီကတည်းက ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေက ထီး၊ ဖိနပ်နဲ့ လက်ကမ်းစာစောင်တွေ ဝေပြီး မဲဆွယ်ခဲ့လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းက ကော်မရှင်ထံ ကန့်ကွက် တိုင်ကြားခဲ့ဖူးပါတယ်။

မကြာသေးခင်ကပဲ ယုံကြည်ရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့က ရွေးကောက်ပွဲအတွက် မဲဆွယ်ရာမှာ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပစ္စည်းနဲ့ ငွေကြေးပေးပြီး မဲဆွယ်တာ အများဆုံးဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013