DVB Logo
Home
မြန်မာသတင်း
ရနောင်းလူသတ်မှု ဖမ်းဆီးခံမြန်မာ ၄ ဦးကို သံရုံးနှင့်မိသားစုများ တွေ့ခွင့်ရ
DVB
·
October 28, 2015
ရနောင်းလူသတ်မှု ဖမ်းဆီးခံမြန်မာ ၄ ဦးကို သံရုံးနှင့်မိသားစုများ တွေ့ခွင့်ရ
1 / 7
Donate to DVB

ထိုင်းတောင်ပိုင်း ရနောင်းမြို့မှာ အထက်တန်းကျောင်းသူတဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ ဦးကို မနေ့ညနေက ထိုင်းအာဏာပိုင်တွေက  ပြန်လည်သရုပ်ပြခိုင်းခဲ့ပါတယ်။

ထိုင်းရဲနဲ့ စစ်တပ်အပါအ၀င် လုံခြုံရေးတပ်ဖွဲ့အများအပြားနဲ့ ပြန်လည်သရုပ်ပြခိုင်းခဲ့တာဖြစ်ပြီး  ဒေသခံတွေတွေလည်း သွားရောက်ကြည့်ရှု ခဲ့ကြပါတယ်။

ဒီအမှုနဲ့ ဆက်နွှယ်ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာသံရုံးကိုယ်စား လှယ်တွေ မနေ့ကတည်းက သွားရောက်တွေ့ဆုံဖို့ ကြိုးစားခဲ့ပေမယ့် တွေ့ခွင့်မရဘဲ ဒီကနေ့မှ တွေ့ဆုံခွင့်ရခဲ့တယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက  ဦးမင်းဦးက ပြောပါတယ်။

“၂ ရက်ရှိပြီ၊ ကျနော်တို့ ဒီကလေးတွေနဲ့ တွေ့ခွင့်ရအောင်လို့ ကျနော်တို့လုပ်တယ်။  မရခဲ့ဘူး။ ဒီနေ့က ထပ်ချိန်းတယ်။  ဒီနေ့ တွေ့ခွင့်ရအောင်လုပ်တယ်။ ပြီးရင်မိဘတွေ ပုံမှန်ဆက်ပြီးလာရောက် တွေ့ဆုံခွင့်ရရှိရေး အဲဒါလုပ်တယ်။ ရတယ်။ နောက်ပြီး တရားဝင်ရှေ့နေ ငှားရမ်းတဲ့ကိစ္စ အဲဒါတွေ ကျနော်တို့ လုပ်ပေးတယ်။ ပြီးရင် နောက်ပိုင်း ကတော့ ကျနော်တို့ စုံစမ်းစစ်ဆေးရေး သပ်သပ်ဖွဲ့ပြီးတဲ့အခါကျရင် သံရုံးမှာ ကျနော်တို့ ပြန်ပြီး အားလုံးအစည်းအဝေး ပြန်လုပ်ရမှာပေါ့။”

သံသယနဲ့ ဖမ်းဆီးခံရသူတွေကတော့ ကိုမိုးဇင်အောင်၊ ကိုဝေလင်း၊ ကိုစိန်ကတုံးနဲ့ ကိုကျော်စိုးဦးတို့ ဖြစ်ပါတယ်။ သူတို့ကို လက်ရှိ ရနောင်းခရိုင် ရဲစခန်းမှာ ဖမ်းဆီးချုပ်နောင်ထားပြီး မြန်မာသံရုံးအဖွဲ့တွေ မိသားစုဝင်တွေနဲ့ ဒီကနေ့ မနက် ၁၁ နာရီလောက်မှာ တွေ့ခွင့်ရရှိခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုကျော်စိုးဦးရဲ့ ဖခင် ဦးဇော်မင်းစိုးကတော့ သားဖြစ်သူ ဒီလူသတ်မှုကို ကျူးလွန်တယ်လို့ မယုံကြည်တဲ့အကြောင်းနဲ့ အခင်းဖြစ်ပွားချိန်က သူတို့ ပင်လယ်ထွက်ခါနီး အချိန်ဖြစ်တဲ့အတွက် ဘာမှမသိခဲ့ရဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“လုံးဝမဖြစ်နိုင်ဘူးဆိုတာကတော့ သူရယ်ကိုယ်ရယ် လှေတစီးတည်း လုပ်နေတယ်လေ။ ဖြစ်တဲ့အချိန်မှာလည်း ကျနော်တို့ မနက်ဖြန် လှေထွက်မယ့်ဟာ အဲဒီမနက်ဖြစ်သွားတာ။ အဲဒါကြောင့် ကျနော်လည်း မသိဘူး။ ကလေးလည်းမသိရှာဘဲနဲ့ မနက်ဖြန်တော့ ကျနော်တို့ သားအဖ နှစ်ယောက် လှေနဲ့ ထွက်သွားတာပေါ့။ ပင်လယ်ရောက်တော့ တလပြည့်ခါနီးလောက်မှ သူဌေးက အကြောင်းကြားတယ်။ ကျနော်တို့လှေကို ပြန်ဝင်ခိုင်းလိုက်ပါဆိုလို့၊ လှေကလည်း ၀င်ဖို့ ၂ ရက်လောက်အလိုမှာ ၂ ရက်လောက် ဆက်အလုပ်လုပ်လိုက်တာပေါ့။ အဲဒီဟာကို အချိန်ဆွဲသလိုဖြစ်သွားပြီးတော့ ဒီကောင်တွေ ထွက်လာပြီးတော့ ဖမ်းသွားတာ။ ကလေးလည်း ကြောင်တောင်တောင်နဲ့ ပါသွားတာပေါ့။ ဘာမှ မသိရှာပါဘူး။”

ဒါ့အပြင် ဒီကနေ့သားဖြစ်သူနဲ့သွားတွေ့ရာမှာလည်း သားက တခုခုကို ပြောဖို့ ကြိုးစားပေမယ့် ရဲတွေရဲ့ရှေ့မှာမို့လို့ ကြောက်ပြီး ဘာမှ မပြောရဲဖြစ်နေတယ်လို့လည်း ပြောပါတယ်။

ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ဦးမင်းဦးကလည်း မနေ့က သရုပ်ပြခိုင်းတဲ့ အချိန်မှာလည်း  မြန်မာ အလုပ်သမား ၄ ဦးဟာ ပုံမှန်မဟုတ်တဲ့  ပုံစံဖြစ်နေတယ်လို့   ပြောပါတယ်။

“သူတို့ ပုံစံကြည့်ရတာ ဝေနေတယ်၊ မူးနေတဲ့ပုံစံမျိုးပေါ့။ အထူးသဖြင့်တော့ တုတ်နဲ့ သရုပ်ဆောင်တဲ့ ကောင်လေးက အဲလိုဖြစ်တယ်။ သူတို့ မျက်လုံးတွေက ဝေတေတေတွေဖြစ်နေတာကိုး။ ဒီမှာလာတွေ့တော့လည်း အဲလိုပုံစံအလားသဏ္ဌာန်ပဲ။ ”

ရနောင်းမြို့ ဘန်လင်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ် နန်းဆောင် အောလ၀ီ ဖမ်ဖောဝ်းထောင်း ခေါ် အက်ပ်ပဲလ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က  တကိုယ်တည်း လမ်းလျှောက်ပြီး သူငယ်ချင်းဆီကို အလည်သွားစဉ် ရပ်ကွက် ဘုန်းကြီးကျောင်းအနီး လမ်းကြားမှာ ဒဏ်ရာ ၁၇ ခုနဲ့ သေဆုံးသွားခဲ့တာပါ။

ဒီအမှုနဲ့ဆက်စပ်ပြီး သံသယနဲ့ ဖမ်းဆီးခံရခဲ့ရတဲ့ ကိုကျော်ရဲဦးဆိုတဲ့ မြန်မာလူငယ် တဦးကိုတော့ လူသတ်မှုဖြစ်ချိန်မှာ အိမ်မှာပဲရှိနေတဲ့အတွက် သက်သေမခိုင်လုံလို့ အောက်တိုဘာ ၂၅ ရက်နေ့ ညနေ မှာ ရဲက ပြန်လွှတ်ပေးခဲ့ပါတယ်။

ဓာတ်ပုံ - ကိုမင်းဦး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013