DVB Logo
Home
မြန်မာသတင်း
လျှို့ဝှက် ကျောက်စိမ်းအစီရင်ခံစာကြောင့် အစိုးရ ပိုမိုပွင့်လင်းရန် လိုအပ်
DVB
·
October 28, 2015
လျှို့ဝှက် ကျောက်စိမ်းအစီရင်ခံစာကြောင့် အစိုးရ ပိုမိုပွင့်လင်းရန် လိုအပ်
Donate to DVB

ဗြိတိန်အခြေစိုက် Global Witness အဖွဲ့ရဲ့ အစီရင်ခံစာမှာ မြန်မာ့ကျောက်စိမ်း ကဏ္ဍက ရရှိနိုင်တဲ့ ၀င်ငွေပမာဏကို ဖော်ပြလိုက်ပြီးတဲ့နောက် တွင်းထွက် သယံဇာတ ထုတ်လုပ်ရေး ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (EITI) လုပ်ငန်းစဉ်မှာ အခက်အခဲတွေ ဖြစ်သွားတယ်လို့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေက ပြောပါတယ်။

နိုင်ငံတော်သမ္မတကိုယ်တိုင် အစပျိုးခဲ့တဲ့ ဒီလုပ်ငန်းစဉ်အတွက် အစိုးရ၊ လုပ်ငန်းရှင်နဲ့ အရပ်ဘက် အဖွဲ့အစည်းကိုယ်စားလှယ်တွေ ပူးပေါင်းထုတ်ပြန်တဲ့ အစီရင်ခံစာတခုကို ဒီနှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ရမှာဖြစ်ပါတယ်။

EITI အရပ်ဘက်အဖွဲ့အစည်းကိုယ်စားလှယ် ဦးဝင်းမျိုးသူက “အစိုးရက အမှန်တကယ်ပြောရရင် ကြောက်နေတယ်။ အထူးသဖြင့် ဌာနဆိုင်ရာတွေအနေနဲ့က ဒီ ကျောက်စိမ်းလုပ်ငန်းကိုတောင်မှ မထည့်ချင်ဘူး။ ကျနော်တို့တတွေ ပြောလွန်းအားကြီးလို့ ထည့်တယ်။ လောလောဆယ် ကျောက်စိမ်းလုပ်ငန်းကို လုပ်နေတဲ့ ကုမ္ပဏီ ၃၀ က သူတို့ရဲ့ အစီရင်ခံစာတင်ရမယ်။ လာစစ်မယ့် နိုင်ငံတကာ စာရင်းစစ်က အစိုးရရဲ့ ငွေစာရင်း၊ အခွန်ရရှိတဲ့ စာရင်းကို စစ်မှာဖြစ်သလို ဒီအဖွဲ့ ၃၀ ရဲ့ ငွေစာရင်းကိုလည်း တိုက်ဆိုင်စစ်ဆေးတော့မှာ ဖြစ်တယ်။ အဲဒီတော့ ဒီကုမ္ပဏီ ၃၀ အနေနဲ့လည်း ထိုက်သင့်တဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ကိုလုပ်ဖို့ လိုလာတယ်”လို့  ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ သဘာဝထွက်ကုန်တွေကို  အစဉ်တစိုက်လေ့လာနေခဲ့တဲ့ Global Witness အဖွဲ့က ၂၀၁၄ ခုနှစ်တနှစ်တည်းမှာ မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းထုတ်လုပ်တာက ရတဲ့ ၀င်ငွေဟာ ဒေါ်လာ ၃၁ ဘီလီယံ (မြန်မာငွေ ကျပ်သန်းပေါင်း သုံးဆယ်တစ်သန်းကျော်) ရှိနိုင်တယ်လို့ ထုတ်ပြန်ခဲ့တာပါ။

အစိုးရဘက်မှာကတော့ ထုတ်လုပ်ရောင်းချတဲ့ ၀င်ငွေတွေမဟုတ်ဘဲ တရားဝင်ပြပွဲက ရောင်းရငွေအပေါ် အခွန်ငွေစာရင်းပဲ ရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ် တွေက ပြောပါတယ်။

“လက်တွေ့အခြေအနေနဲ့ ကွာခြားတယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ရှင်းတယ်။ ဒါကြောင့် ဒါကို ကျနော်တို့က ဆက်တွန်းပြီးတော့ ဒါကို ဘယ်လို ကိုင်တွယ်မလဲဆိုတာကို အစိုးရက ဆုံးဖြတ်ချက်ပေးမှ ဒီအစီရင်ခံစာကို ကျနော်တို့က လက်ခံနိုင်မယ့် သဘောရှိမယ်” လို့ ဦးဝင်းမျိုးသူက ပြောပါတယ်။

သူက ဆက်ပြီးတော့ “ဒီဌာနတွေမှာ လုပ်နေတဲ့လူတွေအနေနဲ့ကတော့ ဒီ (ကျောက်စိမ်း) လုပ်ငန်းမှာ ပါဝင်ပတ်သက်တဲ့ လူတွေက သြဇာအာဏာကြီးမားတဲ့အတွက် သူတို့အတွက် စိုးရွံ့နေတာတွေ ရှိတော့ လုပ်ကောလုပ်နိုင်ပါ့မလားလို့ အရပ်ဘက်အဖွဲ့အစည်းတွေက သံသယရှိတယ်။”

ဒီအပေါ်မှာ အကောင်းဆုံးဖြစ်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတဲ့ နည်းလမ်း မထုတ်နိုင်ရင်တော့ လုပ်နေတဲ့လုပ်ငန်းက အလကား အချည်းနှီးဖြစ်သွားမယ်လို့လည်း သူက ဆိုပါတယ်။

သတ္တုတွင်းပညာရှင် ဦးစောမိုးမြင့်ကတော့  “အစိုးရက ပွင့်လင်းမြင်သာမှု မရှိဘူး။ ပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း မရှိဘူး။ ကုမ္ပဏီတွေကလည်း အဲဒီလိုပဲ” လို့ ပြောပါတယ်။

သတ္တုတွင်းဝန်ကြီးဌာနအနေနဲ့ကတော့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းခဲ့တာတွေ ရှိတယ်လို့ ဦးဝင်မျိုးသူက ပြောပါတယ်။

“ဖြစ်နေတဲ့ သယံဇာတကျိန်စာတွေ၊ ဖြစ်နေတဲ့ လူမှုရေး၊ စီးပွားရေး Impact (သက်ရောက်မှု) တွေက သတ္တုတွင်း ၀န်ကြီးဌာန တခုတည်းကြောင့် ဖြစ်တာမဟုတ်ဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေလည်း ပါနေတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက ထောက်ခံပေးတယ်။ အတိုင်းအတာတခုအထိ အကျိုးစီးပွားတွေ ပါနေတဲ့အတွက် ရှုပ်ထွေးပြီးတော့ အောက်ခြေမှာ ဖြစ်နေတာ” လို့ သူက ပြောပါတယ်။

EITI လုပ်ငန်းစဉ်ရဲ့ ကယားပြည်နယ် ကိုယ်စားလှယ် ကိုစစ်မောင်ကတော့ “ခုလို လူတွေ သိသွားတာ ကောင်းတယ်။ နှိုင်းယှဉ်စရာ တခုရသွားတာပေါ့” လို့ ပြောပါတယ်။

Global Witness ရဲ့ အစီရင်ခံစာမှာ ဦးသန်းရွှေ၊ ဦးမောင်မောင်သိမ်းနဲ့ ဦးအုန်းမြင့်တို့ရဲ့ မိသားစုတွေပိုင်တဲ့ ကုမ္ပဏီတွေနဲ့ စစ်တပ်ပိုင်ကုမ္ပဏီတွေဟာ ၂၀၁၃-၁၄ ခုနှစ်မှာ ကျောက်စိမ်း အရောင်းပြပွဲကနေ အခွန်မဆောင်မီ ရောင်းချငွေ ဒေါ်လာသန်း ၅၈၀ (မြန်မာငွေ ကျပ် သန်းပေါင်း ခြောက်သိန်း) လောက်ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013