DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်နယ် ၄ မြို့နယ်၌ ရွေးကောက်ပွဲ မကျင်းပဟု ကြေညာ
DVB
·
October 28, 2015
တိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်နယ် ၄ မြို့နယ်၌ ရွေးကောက်ပွဲ မကျင်းပဟု ကြေညာ
Donate to DVB

လတ်တလော အစိုးရတပ်တွေနဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တပ်တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် မိုင်းရှူး၊ ကျေးသီး၊ တန့်ယန်းနဲ့ ဟိုပန်မြို့နယ်ထဲမှာ ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေမရှိလို့ မိုင်းရှူးမြို့နယ်တခုလုံး၊ ကျေးသီး မြို့နယ်တခုလုံး၊ တန့်ယန်းမြို့နယ်ရှိ ကျေးရွာအုပ်စု ၈ အုပ်စု၊ ဟိုပန်မြို့နယ် နမ့်တစ်မြို့ရှိ ရပ်ကွက် ၅ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း ၃၇ အုပ်စုမှာ ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ကြောင်း အောက်တိုဘာ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

မိုင်းရှူးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အထွေထွေအတွင်းရေးမှူး ဦးမျိုးညွန့်ကတော့ ဒီဒေသတွေမှာ ရွေးကောက်ပွဲ မလုပ်တော့ဘူး ဆိုတဲ့အကြောင်း တရားဝင် အကြောင်းကြားစာတော့ မရောက်သေးပေမယ့် လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“တကယ်လည်း ဒီအချိန်မှာတော့ ရွေးကောက်ပွဲလုပ်ဖို့ မလွယ်ဘူးဗျ။ လုံခြုံရေးက တော်တော်လေး စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်။ မနေ့ကဆိုရင် တိုက်ပွဲဖြစ်တဲ့နေရာက မိုင်းရှူးမြို့နဲ့ တမိုင်လောက်ပဲဝေးတာ။ ပြီးတော့ သူတို့အဖွဲ့တွေကလည်း နေရာတိုင်းလိုမှာ ရှိနေတော့ ဘယ်နေရာ၊ ဘယ်အချိန်မှာ ဖြစ်ကြမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ မဲလာထည့်ရင် သွားရေးလာရေးမှာ လုံခြုံရေး စိုးရိမ်ရတယ်။ ကျနော်တို့ဘက်ကတော့ မဲစာရင်းတွေ အကုန်လုပ်ထားပြီးပြီ။ မဲဆန္ဒနယ်မြေ ၂ ခု၊ မဲရုံပေါင်း ၃၄ ရုံ ဖွင့်မလို့ပါ။ မြို့ပေါ်မှာ ၅ ခု၊ ပါတီပေါင်း ၄ ခု ပြိုင်ကြဖို့ပါ။”

စစ်ရေးလှုပ်ရှားမှုတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် မိုင်းရှူး၊ ကျေးသီးနဲ့ တန့်ယန်းမြို့နယ်တွေမှာ ရွေးကောက်ပွဲတွေ မကျင်းပဘဲ ခေတ္တယာယီ ရပ်ဆိုင်းပေးဖို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ပါတီက ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြားစာ ပေးပို့တောင်းဆိုထားတာပါ။

မိုင်းရှူးမြို့နယ် ကျားခေါင်းပါတီ ပြည်နယ်လွှတ်တော်အမတ်လောင်း  နန်းကောင်ခမ်းကတော့ ခုလို ရွေးကောက်ပွဲ မကျင်းပဖြစ်တာဟာ ပါတီအတွက်ရော မဲဆန္ဒရှင်တွေအတွက်ပါ ဆုံးရှုံးမှုဖြစ်တယ်လို့ ပြောပါတယ်။

“ပြည်သူတွေကတော့ မဲပေးချင်ကြတာပေါ့၊ ကန့်ကွက်တာတွေ ဘာတွေကြားတော့ ရွေးကောက်ပွဲလုပ်ပေးဖို့ ပြည်သူ့ဆန္ဒ လက်မှတ်တွေ စုနေတာ ၅၀၀၀ ပြည့်ရင် ရွေးကောက်ပွဲကော်မရှင်ဆီ စာပို့မလို့ လုပ်နေတာ။ မလုပ်ဖြစ်ဘူးဆိုရင်တော့ နစ်နာဆုံးရှုံးမှုတွေက အများကြီးပဲ။ ကျမတို့ လမ်းပန်းဆက်သွယ်ရေး ခက်တဲ့နေရာတွေထိ ခက်ခက်ခဲခဲ ခရီးသွားပြီး မဲဆွယ်စည်းရုံးခဲ့ရတာ၊ အသုံးစရိတ်တွေလည်း အများကြီး ကုန်ခဲ့ရတယ်၊ အချိန်တွေလည်း ကုန်ခဲ့ရတယ်၊ ကြိုးစားပန်းစားလုပ်ခဲ့ရတယ်၊ အဲဒါတွေ အကုန် အလဟဿ  ဖြစ်သွားပြီပေါ့။ အဆိုးဆုံးကတော့ ဒီ မိုင်းရှူးက ပြည်သူတွေ၊ ဝေးလံခေါင်ဖျားဒေသက ပြည်သူတွေရဲ့ အသံတွေ၊ ဆန္ဒပြုချက်တွေ လွှတ်တော်ထဲ မရောက်နိုင်တော့ဘူး။ နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးရပါတယ်။ အစိုးရက တကယ် ရွေးကောက်ပွဲ ဖြစ်စေချင်ရင် တိုက်ပွဲတွေ ရပ်ထားဖို့ အမိန့်ပေးစေချင်တယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း မြန်မာနိုင်ငံတ၀န်း ကျေးရွာအုပ်စုပေါင်း ၄၀၃ အုပ်စုနဲ့ မြို့နယ် ၅ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားခဲ့ပြီး ဖြစ်ပါတယ်။

မူလကြေညာထားတဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေထဲမှာ ကချင်၊ ကရင်၊ ရှမ်း၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးထဲက ကျေးရွာတွေ ပါဝင်ပြီး ကချင်ပြည်နယ်မှာ ကျေးရွာအုပ်စုပေါင်း  ၂၁၁ စုနဲ့ အများဆုံး ပါဝင်ပါတယ်။

မူလကြေညာထားတဲ့ ရှမ်းပြည်နယ်ထဲက ရွေးကောက်ပွဲမကျင်းပမယ့် မြို့နယ်တွေထဲမှာ ပန်ဆန်း (ပန်ခမ်း)၊ ပန်ဝိုင်၊ မိုင်းမော၊ နားဖန်းနဲ့ မိုင်းလားမြို့နယ် ၅ ခုစလုံး ပါဝင်ပြီး ခု မိုင်းရှူးနဲ့ ကျေးသီး မြို့နယ် ၂ ခု ထပ်တိုးလာတဲ့အတွက် တမြို့နယ်လုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်ပေါင်း ၇ မြို့နယ် ရှိသွားပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013