DVB Logo
Home
မြန်မာသတင်း
စစ်တပ်ဩဇာခံလွှတ်တော်က စစ်ခေါင်းဆောင်ကို သမ္မတအဖြစ် တင်မြှောက်လိုက်သည့်အပေါ်  တရုတ် ကြိုဆို
DVB
·
April 3, 2026
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စမော်နင်း (Photo: MOFA-China)
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စမော်နင်း (Photo: MOFA-China)
Donate to DVB

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ စစ်တပ်ဩဇာခံ လွှတ်တော်ကနေ မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် တင်မြှောက်လိုက်တဲ့ အပေါ်  တရုတ်အစိုးရက ဂုဏ်ပြုကြိုဆိုတဲ့အကြောင်း ပြောကြားလိုက်ပါတယ်။

ဧပြီ ၃ ရက်က ဘေဂျင်းမြို့မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စ မော်နင်းက ပြောကြား လိုက်တာပါ။

မစ္စမော်နင်းက “တရုတ်နဲ့ မြန်မာတို့ဟာ ရှေးကတည်းက ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြပြီး အနာဂတ်တွေကို အတူတူမျှဝေကြတဲ့ အသိုက်အဝန်းတခုလည်းဖြစ်တယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူအားလုံးအပေါ် ချစ်ကြည်ရင်းနှီးမှု မူဝါဒကို ကျင့်သုံးပြီး၊ မြန်မာအစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းကာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သာယာဝပြောရေးကို ဆောင်ရွက်ရာမှာ  ပံ့ပိုးကူညီသွားမယ်”လို့ ပြောပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဆောင်ရွက်နေတဲ့ အရေးပါတဲ့ ကမ္ဘာလုံးဆိုင်ရာ အစပြုလုပ်ဆောင်မှုကြီး ၄ ရပ်ကို အကောင်အထည်ဖော်ဖို့ ၊ အရည်အသွေးမြင့် 'ရပ်ဝန်းနဲ့ ပိုးလမ်းမ' (BRI) ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့၊  အနာဂတ်တွေကို အတူမျှဝေတဲ့ အသိုက်အဝန်းကနေတဆင့် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေရရှိလာဖို့နဲ့ ၂ နိုင်ငံပြည်သူတွေအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေဖို့ မြန်မာနိုင်ငံနဲ့ အတူ လက်တွဲဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့လည်း တရုတ်အစိုးရက ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အလားတူ တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ UWSA ‘ဝ’ တပ်ဖွဲ့နဲ့ မိုင်းလားအဖွဲ့တွေကလည်း  ဂုဏ်ပြုကြိုဆိုတဲ့အကြောင်း အသီးသီး ထုတ်ပြန်ထားကြပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့ထောက်ခံမှုနဲ့ အနိုင်ရခဲ့တဲ့ NLD ပါတီဆီကနေ အဓမ္မ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို စစ်ကောင်စီက ကျင်းပခဲ့တဲ့ ၂၀၂၅ -၂၆ အတုအယောင် ရွေးကောက်ပွဲကနေ ဖြစ်လာတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ ဒီနေ့ ဧပြီ ၃ ရက်နေ့မှာ သမ္မတအဖြစ် မဲပေး ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)ကတော့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ သမ္မတရာထူး ရယူလိုက်ရုံနဲ့ သူကျူးလွန်ထားတဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေအတွက် အရေးယူခံရမဲ့အရေးကနေ ကင်းလွတ်ခွင့်ရမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013