DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီ ငွေပေးမဲဆွယ်မှု အများဆုံးဟု ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့ ထုတ်ဖော်
DVB
·
October 27, 2015
ကြံ့ခိုင်ရေးပါတီ ငွေပေးမဲဆွယ်မှု အများဆုံးဟု ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့ ထုတ်ဖော်
Donate to DVB

ရွေးကောက်ပွဲအတွက် မဲဆွယ်ရာမှာ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပစ္စည်းနဲ့ ငွေကြေးပေးပြီး မဲဆွယ်တာ အများဆုံးဖြစ်တယ်လို့ ယုံကြည်ရသောရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့က ဒီကနေ့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စက်တင်ဘာ ၈ ရက်ကနေ အောက်တိုဘာ ၁၈ ရက်အထိ နိုင်ငံတ၀န်း မြို့နယ်ပေါင်း  ၁၂၉ မြို့နယ်မှာရှိတဲ့ ကိုယ်စားလှယ်တွေနဲ့ အကြိမ် ၂၆၀၀ ကျော် တွေ့ဆုံမှုတွေအပြင် မဲဆွယ်ဟောပြောမှုပေါင်း ၁၆၀၀ ကျော်ကို စောင့်ကြည့်ခဲ့ပြီးနောက် ကနဦး တွေ့ရှိချက်တွေအရ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာလို့ အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

ဒီလို ငွေပေးပြီး မဲဆွယ်တာတွေ၊ လူမျိုးရေးတိုက်ခိုက်တဲ့ ကိစ္စတွေကို နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင်တို့က အသေးစိတ် စုံစမ်းမှုတွေ ပြုလုပ်ရမှာဖြစ်ပြီး သူတို့အဖွဲ့အနေနဲ့ကတော့ လေ့လာစောင့်ကြည့် တွေ့ရှိခဲ့တာတွေကို တင်ပြတာသာဖြစ်တယ်လို့ ဆိုပါတယ်။

စောင့်ကြည့်လေ့လာတဲ့အခါမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အပြင် အခြားပါတီကြီး ပါတီငယ်နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေကိုပါ စောင့်ကြည့်ခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုရင် ပါတီကိုယ်စားလှယ်လောင်းတွေ ကိုယ်တိုင်မဲဆွယ်တာထက် ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေက မဲဆွယ်စည်းရုံးတာ တခြားပါတီတွေထက် ပိုများတယ်လို့ ဆိုပါတယ်။

ပါတီတွေက ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ မဲဆွယ်ရာမှာ အများစုက လှုံ့ဆော်တိုက်ခိုက်တဲ့ ပြောဆိုတာတွေကို ထိန်းသိမ်းကြပေမယ့် ဘာသာရေး၊ လူမျိုးရေးနဲ့ ကျားမ လိင်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေး ပြောဆိုမှုက စောင့်ကြည့်လေ့လာမှု ၁၀၀ မှာ ၂ ခုလောက် တွေ့ရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြည်တွင်းအဖွဲ့အစည်း ၉ ဖွဲ့နဲ့ ပြည်ပအဖွဲ့အစည်း ၅ ဖွဲ့ကို တရားဝင် ခွင့်ပြုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013