၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ကျားခေါင်းပါတီ ၂၇ နှစ်ပြည့် (သတင်းဓာတ်ပုံ)
DVB
·
October 26, 2015
ကျားခေါင်းပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၂၇ နှစ်ပြည့် အခမ်းအနားကို အောက်တိုဘာ ၂၆ ရက် မနက်ပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက် မဟာယာန ဘုရားရှိခိုးကျောင်းမှာ ကျင်းပပါတယ်။
အခမ်းအနားမှာ ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ ပါတီ တာဝန်ရှိသူတွေက ပါတီလုပ်ငန်းစဉ်၊ မူဝါဒနဲ့ သမိုင်းကြောင်းတွေရှင်းပြပြီး ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း လူထုနဲ့ မိတ်ဆက်ပေးသွားခဲ့ပါတယ်။
ဒါ့အပြင် ဆယ်တန်းအောင်မြင်တဲ့ ပါတီဝင်တွေရဲ့ သားသမီးကို ဆုချီးမြှင့်တာနဲ့ ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးနဲ့ မိုင်းနောင်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် အလှူငွေတွေ ပေးအပ်ခဲ့သလို ညပိုင်းမှာတော့ ရှမ်းအဆိုတော်တွေရဲ့ တေးဂီတဖျော်ဖြေပွဲ အစီအစဉ်တွေပါ တင်ဆက်ဖို့ ရှိနေပါတယ်။
ကျားခေါင်းပါတီဟာ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီပြီးရင် ဒုတိယ နေရာအများဆုံး အနိုင်ရခဲ့တဲ့ ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီခေါင်းဆောင်တွေ ထိန်းသိမ်းခံထားရတာကြောင့် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဘဲ သပိတ်မှောက်ခဲ့ပါတယ်။
ဓာတ်ပုံ - Loi Hkam Hpan