DVB Logo
Home
Lead Story
တောင်အာဖရိက ကျောင်သားတို့ရဲ့ ဟိန်းထွက်လာတဲ့ ကြွေးကြော်သံ
DVB
·
October 26, 2015
တောင်အာဖရိက ကျောင်သားတို့ရဲ့ ဟိန်းထွက်လာတဲ့ ကြွေးကြော်သံ
Donate to DVB

ဝစ်ဝပ်တာစထရင်းဒ် တက္ကသိုလ်ကျောင်းသားတွေက ၂၀၁၆ ခုနှစ်မှာ ကျောင်းလခတွေ ၁၀ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံတော့မယ့်အကြောင်း တောင်အာဖရိက အဆင့်မြင့် ပညာရေးနဲ့ လေ့ကျင့်ရေးဝန်ကြီးဌာန ၀န်ကြီး ဘလာဒါနဇီမင်ဒါက ကြေညာလိုက်အပြီး အောက်တိုဘာလ ၁၉ ရက်နေ့က စပြီး စတင်ကန့်ကွက်ဆန့်ကျင် ဆန္ဒပြခဲ့ကြပြီး တက္ကသိုလ်ကောင်စီနဲ့ တွေ့ဆုံဖို့ တောင်းဆိုပြီး ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ဖြေကြားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ သူတို့က တက္ကသိုလ်ကောင်စီရဲ့ အကြောင်းပြန်ချက်ကို စောင့်ဆိုင်းနေတဲ့ အချိန်မှာ သူတို့ရဲ့ ဆန္ဒပြ တောင်းဆိုမှုကို ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။

၂၀ ရက်နေ့ အင်္ဂါနေ့မှာ ၀န်ကြီး ဘလာဒါနဇီမင်ဒါနဲ့ တက္ကသိုလ်တွေက ဒုတိယပါမောက္ခတွေ တွေ့ဆုံခဲ့ကြပြီးတဲ့ အချိန်မှာတော့ တခြား တက္ကသိုလ်တွေကပါ ပူးပေါင်းပါဝင်လာကြပြီး ကျောင်းလခ တိုးမြှင့် ကောက်ခံမှုကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ အဆင့်မြင့်ပညာရေးနဲ့ လေ့ကျင့်ရေး ၀န်ကြီးလည်းဖြစ်၊ တောင်အာဖရိက လူ့အဖွဲ့အစည်းပါတီရဲ့ အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ နဇီမင်ဒါက သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုပြီးတဲ့ အချိန်ကစပြီး ဖြစ်ခဲ့တာ ဟုတ်မဟုတ်ကတော့ မသေချာလှပါဘူး။ ၀န်ကြီးကတော့ တက္ကသိုလ်တွေ အတော်များများရဲ့ ဆန့်ကျင်ကန့်ကွက်မှုဟာ အမျိုးသား အကျပ်အတည်း တခုတော့ မဟုတ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။ အဲဒီ ကန့်ကွက် ဆန္ဒပြမှုဟာ အင်္ဂါနေ့အထိ ဆက်လက် ဖြစ်နေခဲ့တဲ့အတွက် တက္ကသိုလ်ရဲ့ ဆေးကောလိပ်တွေက ကျင်းပမယ့် စာမေးပွဲတွေကို ရွှေ့ဆိုင်းလိုက်ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့အပတ်က တက္ကသိုလ်က ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်လာမှုနဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် ကျောင်းလခတွေကို ၁၀ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်လိုက်တယ်လို့ ကြေညာခဲ့အပြီးမှာ ကန့်ကွက်ဆန္ဒပြမှုတွေက ပိုပြီး ပြင်းထန်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီသီတင်းပတ်မှာတော့ ရုတ်ဒ်တက္ကသိုလ်၊ စတဲလ်လင်းဘော့ရှ် တက္ကသိုလ်နဲ့ ကိပ်တောင်းတက္ကသိုလ်တွေက စတင်ပူပေါင်း ဆန္ဒပြလာကြသလို ဖော့ထ်ဟဲ တက္ကသိုလ်ကလည်း ပါဝင်ဆန္ဒပြ ကန့်ကွက်လာခဲ့ပါတယ်။ ဒီဆန္ဒပြ ကန့်ကွက်မှုတွေကို ကိပ်ကျွန်းဆွယ် နည်းပညာတက္ကသိုလ် ကိပ်တောင်းပရ၀ဏ်နဲ့ ပရီတိုးရီးယားတက္ကသိုလ် ပရ၀ဏ်တွေ အတွင်းမှာပါ တွေ့မြင်လာခဲ့ကြရပါတယ်။ ပိုပြီးကြီးမား ကျယ်ပြန့်လာတဲ့ အခြေအနေ လို့ ပြောရမှာပါပဲ။

ဝစ်စ်တက္ကသိုလ်ရဲ့ ပြောရေးဆိုခွင့်ရသူ ရှီရိုနာ ပက်တယ်လ်ကတော့ ၀စ်စ် ဆေးကျောင်းပြင်ပက ကန့်ကွက်ဆန္ဒပြမှုတွေကို ပင်မတက္ကသိုလ် ပရ၀ဏ်အတွင်းကို နဇီမင်ဒါနဲ့ တွေ့ဆုံမှုရလဒ်ကို စောင့်ဆိုင်းဖို့ ပြန်ပြီးချီတက်ရမယ့်သဘော ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ တနင်္လာနေ့က ကန့်ကွက်ဆန္ဒပြမှုကတော့ တက္ကသိုလ်နားက လမ်းတွေနဲ့ ယာဉ်မောင်းသူတွေ ကိုလည်း ဦးတည်ထားခဲ့တယ်လို့ ဆိုပါတယ်။ ကိပ်တောင်းတက္ကသိုလ်ရဲ့ လုပ်ငန်းဆောင်ရွက်မှု အားလုံးကိုလည်း ဆိုင်းငံ့ထားခဲ့ပြီး ကျောင်းသားတွေက ကျောင်းလခ ၁၀ ဒသမ ၃ ရာခိုင်နှုန်း တိုးမြှင့်ဖို့ အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ကျောင်းဝင်ပေါက်တွေအားလုံးကို ပိတ်ဆို့ထား ခဲ့ကြပါတယ်။

နောက်ပိုင်းမှာ ကိပ်တောင်း အထက်တရားရုံးကနေပြီး တက္ကသိုလ်ကို ယာယီ ပိတ်ထားခွင့်ပြုခဲ့ရပါတယ်။ တုံ့ပြန်လိုက်တဲ့ တက္ကသိုလ်တွေမှာတော့ ရုတ်ဒ်ကျောင်းလခကျရမယ်၊ လက်ဝဲကျောင်းသားလှုပ်ရှားမှု၊ ကိပ်တောင်းတက္ကသိုလ်လွန်ပေါင်းစည်းမှု၊ ဆက်စကို  ကိပ်တောင်း တက္ကသိုလ်၊ ဖတ်စမာ ကိပ်တောင်းတက္ကသိုလ်နဲ့ အုပ်စိုးမှုကျဆုံးရေး စတဲ့ တက္ကသိုလ်နဲ့ တက္ကသိုလ်လှုပ်ရှားမှုတွေ ပါဝင်လာခဲ့ပါတယ်။ ကျောင်းသားထုရဲ့ ပေါင်းစည်းညီညွတ်မှုကို ပြသလိုက်တဲ့ သဘောပါပဲ။ ဒါပေမယ့် တက္ကသိုလ်ရဲ့ စီးပွားရေး မဟာဌာန တွဲဘက်ပါမောက္ခဖြစ်တဲ့ ပီတာ အိုဝဲဟင်းကတော့ ကျောင်းသားတွေကို “တကိုယ်ကောင်းဆန်တဲ့ ---ငါ…မ/သားတွေ” လို့ ရိုင်းရိုင်းပြပြ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူက “သတင်း ၂၄” မီဒီယာကိုတော့ အဲဒီအတွက် တောင်းပန်ပြောဆိုခဲ့ပြီး သူက ဒေါသဖြစ်လွယ်တဲ့အတွက် အဲဒီလို ထပ်ပြောဖြစ်ဖို့ များတယ်လို့လည်း ပြောခဲ့ပါတယ်။ တက္ကသိုလ်ပါမောက္ခ တယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ မထိုက်တန်လောက်အောင် အတွေးအခေါ် အောက်တန်းကျတဲ့သူတယောက်လို့ ပြောရင် မလွန်လောက်ဘူးထင်ပါတယ်။ နောက် တနင်္လာနေ့မှာကိုပဲ ရုတ်ဒ် တက္ကသိုလ်ကျောင်းသားတွေက သူတို့လိုပဲ ကန့်ကွက်ဆန့်ကျင်နေကြတဲ့ အရှေ့ပိုင်းကိပ် အလယ်ပိုင်း  ကောလိပ်ကျောင်းသားတွေ ကို အားပေးကူညီဖို့ သွားရောက်ခဲ့တဲ့အချိန်မှာ ပုလိပ်အဖွဲ့က လဲပြို မေ့မျောသွားစေနိုင်တဲ့ လက်ပစ်ဗုံးတွေ၊ ရာဘာကျည်တွေသုံးပြီး ပစ်ခတ်နှိမ်နင်းခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းသားတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း လွတ်လပ်တဲ့ ကျောင်းသား သတင်းရင်းမြစ်တခုက ဖော်ပြခဲ့ပါတယ်။

ကိပ်အရှေ့ပိုင်း နဲလ်ဆင်မင်ဒဲလ်လား မက်ထရိုပိုလီတန်တက္ကသိုလ်က ကျောင်းသား ၁၅၀ လောက်လည်း ရဲနဲ့ တိုက်ခိုက်ပြေးလွှားကြတဲ့ ဖြစ်ရပ်မှာ ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ကျောင်းသား ၃ ယောက် ဒဏ်ရာရသွားပြီး ဘာဖြစ်လို့ ဒဏ်ရာရတယ် ဆိုတာကိုတော့ မရှင်းလင်းသေးပါဘူး။ နောက်ပိုင်းမှာ ကျောင်းသားတွေက ကိပ်တောင်းပါလီမန် အဆောက်အဦရှေ့မှာ တာယာတွေကို မီးရှို့ခဲ့ကြပြီး ပုလိပ်တပ်ဖွဲ့ကို အော်ဟစ် ကန့်ကွက်ခဲ့ကြပါတယ်။

အဲဒီလို ပစ်ခတ်နှမ်နင်းခံရပြီးတာနဲ့ ချက်ချင်းလိုလိုပဲ ရုတ်ဒ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဆစ်ဇွီ မာဗီဇဲလာက ကျောင်းသားတွေကို သူတို့ကို အကာအကွယ်ပေးနိုင်တဲ့ ရုတ်ဒ်တက္ကသိုလ်ရဲ့ စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ တက္ကသိုလ် ပရ၀ဏ်အတွင်းကို ပြန်လာခဲ့ကြဖို့ တယ်လီဖုန်းနဲ့ လှမ်းပြောခဲ့တယ်လို့ ဆိုပါတယ်။ မာဗီဇဲလာက ပုလိပ်တပ်ဖွဲ့ကိုလည်း အင်အားသုံး နှိမ်နင်းတာကို မလုပ်ဖို့ ပြောဆိုခဲ့ပေမယ့် ပုလိပ်တပ်ဖွဲ့က သူတို့ဟာ ဥပဒေအရ သုံးစွဲခွင့်ရထားတဲ့ ပမာဏထက် အနည်းဆုံးအင်အားကိုသာ အသုံးပြုခဲ့တယ်လို့ တုံ့ပြန်ဖြေကြားခဲ့တဲ့အတွက် အခြေအနေကို ပိုပြီး ဆိုးဝါးကျယ်ပြန့်သွားစေခဲ့ပါတယ်။

ကန့်ကွက်ဆန့်ကျင်နေကြတဲ့ ရုတ်ဒ် ကျောင်းသားတွေက တက္ကသိုလ်မှတ်ပုံမတင်ခင် အနိမ့်ဆုံး စတင်ငွေပေးသွင်းမှု (MIP) ကို လျှော့ချပေးဖို့ မာဗီဇဲလာကို တောင်းဆိုရာမှာ သဘောတူညီမှု မရခဲ့တဲ့အတွက် တနင်္လာနေ့ အစောပိုင်းက သူတို့ရဲ့ ဆွေးနွေးရေး အစီအစဉ်ကို စွန့်လွှတ်ပစ်လိုက်ကြခဲ့ပါတယ်။ ကျောင်းသားတွေက မှတ်ပုံမတင်ခင် ၁၀ ရာခိုင်နှုန်း အနိမ့်ဆုံး စတင်ငွေပေးသွင်းမှုနဲ့ အထွေထွေပေးသွင်းရငွေတွေကို တောင်းဆိုခဲ့ကြပါတယ်။ တက္ကသိုလ်ဘက်ကတော့ ၂၀ ရာခိုင်နှုန်းပဲ ပေးခဲ့ပြီး ငွေပေးသွင်းရမယ့် နောက်ဆုံးအချိန်ကိုတော့ တိုးချဲ့ပေးခဲ့ပါတယ်။ စတဲလ်လင်းဘော့ရှ် တက္ကသိုလ်မှာတော့ ကျောင်းသားတွေက တက္ကသိုလ် အုပ်ချုပ်ရေး အဆောက်အဦ ခ ဆောင် (သမိုင်းဝင် ၀င်နီ မင်ဒဲလ်လာခန်းမ) က ၀န်ထမ်းတွေကို ထွက်ခွာမရအောင် ထိုင်သပိတ်မှောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

တက္ကသိုလ်ရဲ့ ပြောရေးဆိုခွင့်ရ မာတင် ဗီလီယွန်းကတော့ သတင်း ၂၄ ကို ကျောင်းသား သုံးလေးဆယ်လောက်က ကျောင်းလခ တိုးမြှင့်မှု ဆန့်ကျင်ရေးအတွက် အဆောက်အဦကို တနင်္လာနေ့ နေ့လယ်ပိုင်းကတည်းက သိမ်းပိုက်ထားခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။  ထိုင်သပိတ်ကို ဘယ်သူက စီစဉ်ခဲ့တယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။  တက္ကသိုလ် ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ဇင်းတဲလ် ဖီလ်တာနာကတော့ တက္ကသိုလ်ပိုင် ပစ္စည်းတွေ ဘာမှ အပျက်အစီး မရှိခဲ့သေးဘူးလို့ သတင်း ၂၄ ကို ပြောပြခဲ့ပါတယ်။

ပရီတိုးရီးယား ဟက်ဖီးလ်တက္ကသိုလ် ပရ၀ဏ်မှာလည်း အင်္ဂါနေ့က စတင်ဆန္ဒပြခဲ့ကြတဲ့ အတွက် လုံခြုံရေးအင်အား တိုးချဲ့ချထားခဲ့ပါတယ်။ ဒါပေမယ့် တချို့ကျောင်းသားတွေက ပုံမှန် အတန်းပို့ချမှုတွေကို တက်ရောက်နေကြဆဲ ဖြစ်တဲ့အတွက် ကျောင်းသားခေါင်းဆောင်တွေ အနေနဲ့ ကန့်ကွက်ဆန့်ကျင်ရေး လုပ်ငန်းအစီအစဉ်တွေကို ချမှတ်ရ ခက်ခဲ့နေတယ်လို့လည်း သိရပါတယ်။ သူတို့ကိုယ်သူတို့ “အက်ဒ်ဆန့်ကျင်အုံကြွရေးလုပ်ငန်းအဖွဲ့” လို့ခေါ်တဲ့ အဖွဲ့ရဲ့ ကိုယ်စားလှယ် တယောက်ကတော့ သူတို့ နောက်ဆုတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ကျနော်တို့က စီစဉ်ချမှတ်ထားတဲ့ မှတ်ပုံတင်ကြေး တိုးမြှင့်တာကို ကန့်ကွက်ဆန့်ကျင်နေ တာပါ။ ကျနော်တို့က တက္ကသိုလ်ကို ခုတင်သွင်းထားတဲ့ တိုးမြှင့်တာကို ပယ်ဖျက်ပြီး နောက်ထပ် အသစ်တခုလည်း ထပ်မလုပ်ဖို့ တောင်းဆိုနေတာပါ။ ခု ကျနော်တို့က ကျောင်းသားတွေကို စုစည်းနေတာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ကျောင်းသားထု တရပ်လုံး လှုပ်ရှားမှု ဖြစ်လာမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

တက္ကသိုလ် ပြောရေးဆိုခွင့်ရှိသူ အင်းနာရက်သာ ဘောင်းဝါကတော့ ကျောင်းသားတွေ ကန့်ကွက်ဆန္ဒပြကြမယ်ဆိုတဲ့ အစီအစဉ်ကို ကျောင်းကို တရားဝင် အကြောင်းကြား အသိပေးတာမျိုး မရှိသေးတဲ့အကြောင်း ပြောပါတယ်။ သူက “တက္ကသိုလ်က ကျောင်းသားကိုယ်စားပြု ကောင်စီနဲ့ ကျောင်းလခနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို လောလောဆယ် ဆွေးနွေးနေကြတုန်းပါပဲ။ အပြုသဘောဆောင်တဲ့ ချဉ်းကပ်ဆောင်ရွက်မှုတွေ ဆက်လုပ်မှာပါရှင်” လို့ ပြောကြားခဲ့ပါတယ်။

အာဖရိက အမျိုးသားကွန်ဂရက် လူငယ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ကောလင်းမိန်းကတော့ သတင်း ၂၄ နဲ့ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ သီးသန့်တွေ့ဆုံခန်းမှာ နဇီမန်ဒါနဲ့ သူ့ရဲ့ဌာနကို ကျောင်းသားကန့်ကွက် ဆန့်ကျင်မှုတွေအတွက် အပြစ်တင်ရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ သူက “၀စ်စ်တက္ကသိုလ်က ဆန္ဒပြပြီးတာနဲ့ ၀န်ကြီးကသာ ဂရုတစိုက် ကိုင်တွယ်ဆက်ဆံခဲ့ရင် ဒီလိုမဖြစ်ပါဘူး။ အဲဒါက နောက်ထပ် ကျောင်းသားဆန္ဒပြပွဲတွေ ပိုပြီး ဖြစ်လာတော့မယ်ဆိုတာ အချက်ပြလိုက်တာပဲလေ” လို့ ပြောခဲ့ပါတယ်။

ဝန်ကြီး နဇီမန်ဒါကတော့ “ဒါဟာ စိန်ခေါ်မှုတခုပါပဲ။  ဒါပေမယ့် အန္တရာယ်ကြီးတဲ့ အကျပ်အတည်း တခုလို့တော့ ကျနော်တို့ ခေါ်လို့မရသေးပါဘူး။ ကျနော်က ကျောင်းသားတွေ ပြောနေကြတာတွေကို အများကြီး စာနာ နားလည်ပါတယ်။ တက္ကသိုလ်ပညာရေးဟာ အကုန်အကျ များတယ်ဆိုတာ ကျနော်တို့သိပါတယ်။ တခုခုလုပ်ဖို့တော့ လိုအပ်ပါတယ်။” လို့ ပြောပါတယ်။

ဒီ တောင်အာဖရိက ကျောင်းသားဆန္ဒပြပွဲတွေ အစိုးရက ကောင်းကောင်းမွန်မွန် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ကိုင်တွယ် ဖြေရှင်းနိုင်ပါ့မလား။ ကျောင်းသားတွေကတော့ သူတို့ တောင်းဆိုချက်တွေ ရတဲ့အထိ ဆက်ပြီး ဆန္ဒပြကန့်ကွက်သွားမယ်လို့ ဆိုနေပါတယ်။ အစိုးရ ကတော့ ခုချိန်မှာ တက္ကသိုလ်တွေက အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေပါတယ်။

ကျနော်တို့နိုင်ငံက အစိုးရရဲ့ ကတိဖောက်ဖျက်မှုမျိုးတွေနဲ့ ကျောင်းသားတွေလို အဖြစ်ဆိုးမျိုးနဲ့ မကြုံတွေ့ကြုံရပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်။

စိုးနေလင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013