
ဂျပန်နိုင်ငံဟာ လာမဲ့ ၂၀၂၇ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဘတ်ဂျက် ဒေါ်လာ ၅၆ ဒသမ ၁ ဘီလီယံ တောင်းဖို့ ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။
ဒေသခံမီဒီယာ ကျိုဒိုသတင်းရဲ့ ဖော်ပြချက်အရ ရေငုပ်သင်္ဘောမှာ ဟိုက်ပါဆိုနစ်ဒုံးကျည် အဆင့်မြှင့်တင်ရေး၊ မောင်းသူမဲ့ ရေငုပ်သင်္ဘောကို တာဝေးပစ်ဒုံးကျည် တပ်ဆင်ရေးအတွက် လေ့လာမှုအပါအဝင် ၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ်တခုလုံးအတွက် ဘတ်ဂျက်ကို စံချိန်တင် တောင်းခံ မယ်လို့ သိရပါတယ်။
၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ နယ်ပယ်သုံးခုကို ဦးစားပေး ဘတ်ဂျက်တောင်းခံသွားမယ်လို့လည်း အဲဒီသတင်းမှာ ဖော်ပြပါတယ်။
AI နဲ့ ခေတ်သစ်စစ်ပွဲတွေမှာသုံးတဲ့ ဒရုန်းတွေကို တန်ပြန်ဖို့၊ ဒုတိယက ကြာရှည်တဲ့ ပဋိပက္ခတွေမှာ ရေရှည်တောင့်ခံနိုင်စွမ်းဖြစ်ပြီး တတိယအချက်က တပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးပစ္စည်းတွေ ပါဝင်တဲ့ ကာကွယ်ရေးစွမ်းရည် အခြေချဖို့ပဲ ဖြစ်ပါတယ်။
သတင်းတွေရဲ့ ဖော်ပြချက်အရ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ရေငုပ်သင်္ဘောတွေမှာ ဒုံးကျည် တွေကို ဒေါင်လိုက် ဖြည့်တင်းတဲ့ပုံစံကို လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။
ဒေါင်လိုက်ဒုံးကျည်ဖြည့်တင်းတဲ့ ပုံစံက ပြည်ပကနေ တာဝေးပစ်ဒုံးကျည်ဝယ်ယူရမှု သက်သာ စေတယ်လို့ ဆိုပါတယ်။
ဂျပန်အစိုးရဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ လုံခြုံရေးနဲ့ပတ်သက်တဲ့ အဓိကအချက်သုံးခုကို အတည်ပြုခဲ့ပါတယ်။
၂၀၂၃ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အထိ ဘဏ္ဍာရေးနှစ် ငါးနှစ်စာအတွက် ယန်း ၄၃ ထရီလီယံ ဘတ်ဂျက် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်ကစလို့ ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်တွေ တနှစ်ထက်တနှစ် စံချိန်တင် မြင့်တက်ခဲ့လို့ လူထုအကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
Source:Reuters











