
မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် အမှတ် ၁၂ ရပ်ကွက် ပုဂံလမ်းမကြီးပေါ်မှာ သြဂုတ် ၂၆ ရက် ညနေ ၅ နာရီခွဲက ကားနဲ့ဘတ္ထရီစက်ဘီးတိုက်မိပြီး ၃ တန်းကျောင်းသားတယောက် သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ ညနေ ၅ နာရီခွဲက ပုဂံလမ်းမပေါ်မှာ ကားတစီးကရပ်ပြီး ကားတခါးဖွင့်စဥ် အနောက်မှပါလာတဲ့ ဘတ္ထရီစက်ဘီးကို တိုက်မိပြီး စက်ဘီးလဲသွားချိန်မှာ ဒိုင်နာကားက တက်ကြိတ်ခဲ့တာလို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။
“ကျောင်းလွတ်ချိန်ဖြစ်တာ အရှေ့ကားကရပ်ပြီး ဘေးဘီဝဲယာမကြည့်ဘဲ ကားတံခါးဖွင့်လိုက်တာ တံခါးနဲ့ ဘတ္ထရီစက်ဘီးရိုက်မိပြီး စက်ဘီးလည်းမှောက်၊ အနောက်က ဒိုင်နာကားက တက်ကြိတ်တာ၊ ၃ တန်းကျောင်းသားလေး ပွဲချင်းပြီး သေတယ်။ သူ့အမေက ဒဏ်ရာရတယ်။”
သေဆုံးသူနဲ့ ဒဏ်ရာရရှိသူကို လူမှုကူညီရေးအသင်းတွေက မြောက်ဥက္ကလာဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး လတ်တလောမှာ မိခင်ဖြစ်သူက ဆေးကုသမှု ဆက်လက်ခံယူနေတယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ ကျောင်းသားလေးမှာ အမှတ် ၁၀ အခြေခံပညာအလယ်တန်ကျောင်းခွဲ Grade 3 မှာ ပညာသင်ကြားနေတဲ့ မောင်ပြည့်သုတ ဖြစ်တယ်လို့ ကျောင်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အဆိုပါယာဥ်တိုက်မှုမှာ ယာဥ်မောင်း ဦးနန်းဦးမောင်ကို ရွှေပေါက်ကံနယ်မြေရဲစခန်းက (ပ)အမှတ် ၅ /၂၀၂၆၊ ပုဒ်မ ၃၀၄၊ ၂၇၉ ၊၂၀၂ နဲ့အမှုဖွင့်ထားတယ်လို့ ဆိုပါတတယ်။
ပြီးခဲ့တဲ့ မေ ၃ ရက် ည ၉ နာရီခွဲကလည်း မြောက်ဥက္ကလာပမြို့နယ် ကျော်သူကြိုးတံတားအဆင်းမှာ ဘတ္ထရီစက်ဘီးနဲ့နေအိမ်ကိုပြန်လာတဲ့ မိသားစုဝင် ၃ ယောက်ကို ကားတစီးက ဝင်တိုက်ခဲ့ရာ မိခင်ဖြစ်သူ သေဆုံးပြီး ဖခင်နဲ့ ကလေးငယ်တို့ ဒဏ်ရာရခဲ့ပါတယ်။
Photo: DVB











