DVB Logo
Home
မြန်မာသတင်း
နိုင်ငံပိုင်သတင်းစာ သတင်းဖော်ပြချက် ကြံ့ခိုင်ရေးအတွက် မဲဆွယ်သလိုဖြစ်နေဟု ဝေဖန်
DVB
·
October 25, 2015
နိုင်ငံပိုင်သတင်းစာ သတင်းဖော်ပြချက် ကြံ့ခိုင်ရေးအတွက် မဲဆွယ်သလိုဖြစ်နေဟု ဝေဖန်
Donate to DVB

အောက်တိုဘာ ၂၄ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေ ဖြစ်တဲ့ ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံးတွေမှာ မိတ္ထီလာမြို့နဲ့ မိတ္ထီလာ လွင်ပြင်တခုလုံး အစိမ်းရောင်လွင်ပြင် ဖြစ်ရမယ်ဆိုတဲ့သတင်းနဲ့ ဓာတ်ပုံဟာ ကြံ့ခိုင်ရေးပါတီကို မဲဆွယ်ပေးသလိုဖြစ်နေတယ်လို့ သတင်းစာဆရာတွေက ဝေဖန်နေကြပါတယ်။

ဒါဟာ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ကို ချိုးဖောက်တာ ဖြစ်တယ်လို့ သတင်းစာဆရာတွေက ပြောပါတယ်။

“ကြံ့ခိုင်ရေးပါတီအတွက် ရည်ရွယ်ပြီး လုပ်ပေးတယ်ဆိုတာက အားလုံးကတော့ အဲလို အဓိပ္ပာယ် ကောက်ကြတယ်။ ကျနော်လည်း အဲဒီလိုပဲ ကောက်တယ်။ သတင်းခေါင်းစဉ်ကို အစိမ်းရောင် သုံးတယ် ဆိုတာက တနှစ်နေလို့ တကြိမ်မှ မလုပ်ဖူးဘူး။ နောက်တချက်က သတင်းခေါင်းစဉ်၊ သတင်းကို ကြည့်မယ် ဆိုရင်လည်း နမိတ်ပုံတင်စားတယ်ဆိုတာကလည်း အားလုံးက ကြံ့ခိုင်ရေးကို ဦးတည်ပြောသလို ဖြစ်နေတယ်။ ဒါဟာ မတော်တဆလို့ ဘယ်သူမှလည်း ထင်မှာ မဟုတ်ဘူး။ ကျနော်လည်း မထင်ဘူး” လို့ မြန်မာ သတင်းစာပညာသိပ္ပံရဲ့ ဒါရိုက်တာအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။

သတင်းစာဆရာတချို့ကတော့ နိုင်ငံပိုင် မီဒီယာတွေအနေနဲ့ ဘက်လိုက်နေတုန်းပဲလို့ ပြောဆိုတာ တွေလည်းရှိပါတယ်။

“အဲဒါမျိုးတွေ အများကြီးတွေ့ရပါတယ်။ အစိုးရမီဒီယာတွေကတော့ အစိမ်းရောင်နွယ်တယ်ဆိုတာက ထင်ထင်ရှားရှားကြီးကို မြင်နေရတာ။ ကျနော် ပြောနေကျရှိတယ်။ တိကျမှန်ကန်မှု၊ ဘက်မလိုက်မှု၊ တာဝန်ယူဖို့။ အဲဒါကို ကျနော်တို့မီဒီယာတွေ ကိုယ်နှိုက်က အပြည့်အ၀ မရသေးဘူးလို့ ထင်တယ်။ အစိုးရ မီဒီယာတွေ ကတော့ ပြောစရာ မလိုဘူး။ သူကတော့ ဘက်လိုက်တုန်းပဲ”လို့  မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးသီဟစောက ပြောပါတယ်။

ဒါ့အပြင် ဒီမိုကရေစီနိုင်ငံ အနေနဲ့ လျှောက်လှမ်းနေပြီဆိုရင် နိုင်ငံပိုင် မီဒီယာဆိုတာ မရှိသင့်ဘူးလို့လည်း ဝေဖန်တာတွေ ရှိပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မီဒီယာတွေကို စောင့်ကြည့်နေတဲ့  MYANMAR INSTITUTE FOR DEMOCRACY အဖွဲ့ရဲ့ ပထမဆုံး အစီရင်ခံစာမှာလည်း နိုင်ငံပိုင် သတင်းစာနဲ့ ရုပ်မြင်သံကြား၊ ရေဒီယိုတွေဟာ နိုင်ငံရေးပါတီတွေအကြောင်းကို သိပ်မဖော်ပြပဲ သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ လှုပ်ရှားတာတွေကိုပဲ အဓိက ဖော်ပြနေတယ်လို့ ထုတ်ပြန်ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013