DVB Logo
Home
သုံးသပျခကျြ
ဆင်ဆာအဖွဲ့ကို စိန်ခေါ်ချက်များ
DVB
·
June 30, 2011
ဆင်ဆာအဖွဲ့ကို စိန်ခေါ်ချက်များ
Donate to DVB

ခုတလော ပြည်တွင်း ဗီဒီယိုရုပ်ရှင် ဈေးကွက်မှာ နာမည်ကြီးနေတာကတော့ မိုင်တိုင် ၇၆ ဆိုတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကား အငှားဆိုင်တွေကြား၊ ဗွီဒီယို ပရိသတ်တွေကြား နာမည်ကြီးနေပေမယ့် တရားဝင် ဖြန့်ချိခွင့်ရထားတဲ့ ဇာတ်ကားတကားတော့ မဟုတ်ပါဘူး။ တရားဝင် ဖြန့်ချိခွင့်မရတဲ့ ဇာတ်ကားတကား ဘာကြောင့် ပရိသတ်တွေကြားမှာ ပေါက်နေသလဲဆိုတာ အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တကယ်တော့ ဒီဖြစ်ရပ်ဟာ မြန်မာနိုင်ငံက ဦးသိန်းစိန် အစိုးရအဖွဲ့သစ်ရဲ့ ဆင်ဆာအဖွဲ့နဲ့ ဆင်ဆာမူဝါဒအပေါ် စိန်ခေါ်တဲ့ စိန်ခေါ်ချက်တခု ဖြစ်နေပါတယ်။ ခုတပတ် ဒီလို စိန်ခေါ်ချက်တွေအကြောင်း ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

[caption id="attachment_11822" align="alignright" width="310" caption="ကားပေါ်မှာ လိုက်လာတယ် ဇာတ်ဝင်းခန်း"][/caption]

ဒီ မိုင်တိုင် (၇၆) ဆိုတဲ့ ဗွီဒီယိုဇာတ်ကား နာမည်ဟာ မူရင်းနာမည် မဟုတ်ပါဘူး။ မူရင်းဇာတ်ကားနာမည်ကတော့ “ကားပေါ်မှာ လိုက်လာတယ်” ဖြစ်ပါတယ်။

ဒီဇာတ်ကားကို သရဝဏ် ဗီဒီယိုထုတ်လုပ်ရေးအတွက် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးပြီး သရုပ်ဆောင် မင်းအုပ်စိုး၊ ညီဘွား၊ ညီညီမင်းထက်၊ ကျော်ဝင်းထွဋ်၊ ခွန်းဆင့်နေခြည်၊ လင်းဇာနည်ဇော်တို့ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ဖို့အတွက် ၂ဝဝ၉ ခုနှစ် ဇူလိုင်လက သရုပ်ဆောင် စိစစ်ရေးတင်ပြီး ခွင့်ပြုချက်ရမှ ရိုက်တဲ့ ဇာတ်ကား ဖြစ်ပါတယ်။

ခွင့်ပြုချက်ရလို့ ရိုက်ကူးပြီးနောက် ဒီဇင်ဘာလမှာတော့ ဆင်ဆာအဖွဲ့ထံ တင်ပြခဲ့ပါတယ်။ နောက်ထပ် ၄ လ အကြာ ၂ဝ၁ဝ ဧပြီလမှာတော့ ဆင်ဆာအဖွဲ့က ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး အများပြည်သူသို့ ပြသရန်မသင့်၍ ခွင့်မပြုကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဆင်ဆာအဖွဲ့ရဲ့ မှတ်ချက်မှာ အဆိုပါ ဇာတ်ကားဟာ ဆင်ဆာမူဝါဒနှင့် မကိုက်ညီဘဲ ဘာသာသာသနာနှင့် ယုံကြည်ကိုးကွယ်မှုကို ယုံမှားသံသယဖြစ်စေခြင်း၊ ကြည့်ရှုသူ ပရိသတ်အတွက် အကျိုးပြုမှုမရှိသော လူအများစိတ်ချောက်ချားဖွယ် သရဲ၊ တစ္ဆေ၊  ဝိညာဉ် ဇာတ်လမ်းကို ရိုက်ကူးဖော်ပြထားခြင်း၊ ဒါ့အပြင် စာပေစိစစ်ရေး မူအချက် ၇ဝ မှ လူမှုရေး ၇ နှင့် ငြိစွန်းနေခြင်း စတာတွေကြောင့် ခွင့်မပြုနိုင်ဆိုပြီး ဖော်ပြထားပါတယ်။

တကယ်တော့ ဒီဇာတ်ကားဟာ ကားတိုက်မှုဖြစ်ပြီး လမ်းပေါ်မှာ သေဆုံးသွားတဲ့ သားအမိနှစ်ယောက် သရဲ ဖြစ်သွားပြီး လမ်းကိုဖြတ်တဲ့ကားတွေကို နှောင့်ယှက်တယ် ဆိုတာကို စိတ်ကူးယဉ် ဟာသကား သဘောမျိုး ရိုက်ကူးထားခြင်းသာဖြစ်ကြောင်း ဇာတ်ကားရိုက်ကူး ထုတ်လုပ်သူများက ပြောပြကြပါတယ်။ အလားတူ ကြည့်ရှုခဲ့ရသူများကလည်း ဒီဇာတ်ကားကို ခွင့်မပြုနိုင်စရာအကြောင်း ဘယ်လိုမှမရှိဘူး ဆိုပြီးတော့လည်း ဝေဖန်ကြပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ ဗွီဒီယိုဇာတ်ကားတကားကို ရိုက်ကူးပြီး ခုလိုပဲ ဆင်ဆာက ခွင့်ပြုချက် မပေးလို့ ဖြန့်ချိခွင့်မရဘူးဆိုရင် ထုတ်လုပ်မှုစရိတ် ကျပ်ငွေ သိန်း ရာနဲ့ချီ ဆုံးရှုံး နစ်နာကြပါတယ်။ အခြား ဘာမှ ဆက်ပြီး လုပ်လို့ မရပါဘူး။ ဒီလို ဆုံးရှုံးနစ်နာရတဲ့ ဇာတ်ကားပေါင်းများစွာ ရှိနေပါတယ်။ ဒီအတွက် ဗွီဒီယို ဇာတ်ကား ရိုက်ကူး ထုတ်လုပ်သူတွေဟာ ဆင်ဆာအဖွဲ့ လွတ်အောင်ဆိုပြီး ရိုက်ကူး ထုတ်လုပ်နေကြတာမို့ တီထွင်ဆန်းသစ်မှုမရှိ မဲပြာပုဆိုး ဇာတ်ကားတွေကို ရိုက်ရင်းရိုက်ရင်းနဲ့ မြန်မာဗွီဒီယို ရုပ်ရှင် အရည်အသွေးတွေ တနေ့တခြား ကျဆင်းလာနေရတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ကိုယ်တိုင်သရုပ်ဆောင် ထုတ်လုပ်ခဲ့သူဖြစ်တဲ့ မင်းအုပ်စိုးအနေနဲ့ အတော်လေး မခံမရပ်နိုင် ဖြစ်ခဲ့ပုံပေါ်ပါတယ်။ ဒါကြောင့်ပဲ မကြာသေးခင်က ဒီဇာတ်လမ်းကို မိုင်တိုင် ၇၆ ဆိုတဲ့ ဇာတ်ကားအမည်ပြောင်းပြီး အခမဲ့ ဖြန့်ဝေတာ လုပ်ခဲ့ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ ဗွီဒီယိုဆင်ဆာအဖွဲ့က ခွင့်မပြုတဲ့ ဇာတ်ကားတကားကို တရားမဝင် ဖြန့်ဝေတာဟာ အလွန် အန္တရာယ်ကြီးပါတယ်။ အခန့်မသင့်ရင် ထောင်တောင် ကျသွားနိုင်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကား ထုတ်လုပ်သူတွေဘက်ကလည်း စဉ်းစားတာ ရှိနိုင်ပါတယ်။

တကယ်လို့ ဒီဇာတ်ကားဖြန့်ချိလိုက်လို့ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိသွားရင် ရုပ်ရှင် ဆင်ဆာအဖွဲ့ဟာ ဘာလို့ ဒီလို ဘာမှမဟုတ်တဲ့ ဇာတ်လမ်းလေး တခုကိုတောင် ပိတ်ပင်နေရတာလဲ၊ ဘာ လွတ်လပ်ခွင့်လဲ၊ သူတို့တွေ ဘယ်လို လုပ်ကိုင်နေကြသလဲ ဆိုတာတွေ စိတ်ဝင်စားလာနိုင်တယ်၊ သိလာနိုင်တယ်။

တဖက်မှာလည်း ပြန်ကြားရေးဝန်ကြီးဌာန ဆင်ဆာအဖွဲ့ထက်ကြီးတဲ့ အစိုးရ တာဝန်ရှိသူတွေ ဒီ ပြဿနာကို သိသွားရင် ရုပ်ရှင် ဗွီဒီယိုလုပ်ငန်းမှာ ဘယ်လောက် ဆင်ဆာတွေ တင်းကျပ်နေတယ်၊ ဘယ်လို အဂတိလိုက်စားမှုတွေ ဖြစ်နေတယ်၊ ရုပ်ရှင် ဗွီဒီယို လောကသားတွေ ဘယ်လို အကျပ်အတည်း တွေ့နေတယ် စတာတွေကို စဉ်းစားမိလာအောင် လုပ်လိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီ မိုင်တိုင် ၇၆ ဆိုတာဟာ ဒီမိုကရေစီ မပေးချင်တဲ့၊ အရင် စစ်အစိုးရ လက်ထက်ကအတိုင်း ဖိနှိပ်မြဲ ဖိနှိပ်ချင်တဲ့ ဆင်ဆာအဖွဲ့ကို စိန်ခေါ်လိုက်တဲ့ စိန်ခေါ်မှု တခုလည်း ဖြစ်ပါတယ်။

အလားတူ စိန်ခေါ်မှုမျိုး ပုံနှိပ်မီဒီယာ လောကမှာလည်း ပေါ်ပေါက်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ပုံနှိပ်အပိုင်းမှာ မဟုတ်ဘဲ ပုံနှိပ်မီဒီယာတွေက လွှင့်တင်ထားတဲ့ ဝက်ဘ်ဆိုက်တွေကနေတဆင့် စာပေစိစစ်ရေးကို စိန်ခေါ်နေကြတာ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ပြည်တွင်းမှာ ပုဂ္ဂလိက နေ့စဉ်သတင်းစာ မရှိပါဘူး။ အပတ်စဉ် သတင်းစာလို့ ဆိုနိုင်တဲ့ ဂျာနယ်တွေသာ ရှိပါတယ်။ ဒီဂျာနယ်တွေဟာ ပုံမှန်အားဖြင့် တပတ်တကြိမ်သာ ထုတ်ဝေခွင့်ရတာ ဖြစ်ပါတယ်။ စာပေစိစစ်ရေးရဲ့ လုပ်ထုံးလုပ်နည်းတွေ အရ ကိုယ်ဖော်ပြချင်တဲ့သတင်းနဲ့ ဆောင်းပါးတွေကို တပတ်လောက်အတွင်း ၃ ကြိမ်ခွဲပြီး တင်ပြရတာမျိုး ဖြစ်ပါတယ်။ သတင်းအများစုဟာ သတင်းအဟောင်းတွေ ဖြစ်ပြီး ၄-၅ ပုဒ်လောက်သာ တရက် နှစ်ရက်အတွင်းဖြစ်တဲ့ နည်းနည်းလတ်ဆတ်တဲ့ သတင်းတွေ ဖြစ်ပါတယ်။ ခုနောက်ပိုင်း ဂျာနယ်အချို့ဟာ အင်တာနက်မှာ သူတို့ ဂျာနယ် ဝက်ဘ်ဆိုက်ကို လွှင့်တင်ထားကြပါတယ်။ ဒီအတွက် အချို့သတင်းတွေ ဖြစ်တဲ့အချိန်ဟာ သူတို့ ဂျာနယ် တင်ပြ ထုတ်ဝေနိုင်တဲ့နေ့ မဟုတ်တဲ့အတွက် သတင်းတွေကို ပုံနှိပ်ဂျာနယ်မှာ မဖော်ပြခင် ဂျာနယ်ဝက်ဘ်ဆိုက်ထဲမှာ ကြိုတင် ဖော်ပြတာမျိုး လုပ်လာကြပါတယ်။ ဒီလို ဝက်ဘ်ဆိုက်ထဲမှာ ဖော်ပြထားတဲ့ သတင်းတွေအနက် စာပေစိစစ်ရေးကို သွားတင်လို့ ခွင့်ပြုချက်ရလာတဲ့ သတင်းတွေဆိုရင် ဆက်ပြီး တင်ထားကြပါတယ်။ တကယ်လို့ စာပေစိစစ်ရေးက မဖော်ပြဖို့ ပိတ်ပင်လိုက်တဲ့ သတင်းဖြစ်ခဲ့ရင်တော့ စာပေစိစစ်ရေးရဲ့ အဖြေကို ရပြီးတာနဲ့ ပြန်လည် ဖြုတ်ချထားတဲ့ စနစ်ကို ကျင့်သုံးနေကြပါတယ်။

ပြည်တွင်းမှာ ဒီလို လုပ်နိုင်တဲ့ ဂျာနယ်များများစားစား မရှိသေးပေမယ့် ဒါဟာလည်း စိန်ခေါ်မှုတခု ဖြစ်ပါတယ်။ နေ့စဉ်သတင်းစာ ထုတ်ခွင့်မပေးတဲ့ အစိုးရကို သူတို့နည်း သူတို့ဟန်နဲ့ အွန်လိုင်းသတင်းစာထုတ်ပြီး အန်တု စိန်ခေါ်နေကြတာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဂျာနယ်တချို့ရဲ့ ဒီအပြုအမူအပေါ် စာပေစိစစ်ရေးအဖွဲ့ကို ထိန်းချုပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနကရော အင်တာနက်ကို ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကပါ တစုံတရာ အရေးယူတာ မရှိသေးပါဘူး။ တကယ်ဆို ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့သစ် တက်လာပြီး ဒီမိုကရေစီ ဖော်ဆောင်ပါမယ်လို့ အမြှုပ်ထွက်လောက်အောင် ကြွေးကြော်နေပေမယ့် ဒါကို ဆန့်ကျင်နေတဲ့အထဲမှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန နှစ်ခုဟာ ထိပ်ဆုံးကပါဝင်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ဆိုရင် စာပေသတင်းလောကကို ဖြေလျော့မှုတွေ လုပ်ပေးမယ်ဆိုပြီး စည်းကမ်းချက်အသစ်တွေထုတ်၊ ဖိနှိပ်မှုတွေကို ပုံစံအသစ်နဲ့ ဆက်လုပ်နေတာ ဖြစ်ပါတယ်။ ဗီဒီယို ရုပ်ရှင်လောကကို ဆိုရင်လည်း လုံးဝ အလျှော့ပေးတာမျိုး မရှိပါဘူး။ အလားတူ ဆက်သွယ်ရေးဝန်ကြီးဌာန ဆိုရင်လည်း အင်တာနက်သုံးစွဲမှု ဆိုင်ရာ အလွန်တင်းကျပ်တဲ့ ဘယ်နိုင်ငံကမှ မကျင့်သုံးတဲ့ စည်းကမ်းချက်အသစ်တွေ ချမှတ်လာခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီ စည်းကမ်းချက် အသစ်တွေထဲမှာ စကိုက်လို ပီဖင်းဂိုးလို ဗွီအိုအိုင်ပီ စနစ်သုံးပြီး အင်တာနက်ကနေ စကားမပြောရ၊ အင်တာနက် ဆိုင်တွေမှာ မီမိုရီစတစ် မသုံးရ၊ စီဒီဒရိုက်တွေ တပ်ဆင်ထားခြင်း မပြုရ စတဲ့ စည်းကမ်းချက်တွေ ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုတော့ ဒီလို ပိုမိုတင်းကျပ်လာတဲ့ စည်းကမ်းတွေကို ဆန့်ကျင် စိန်ခေါ်မှုတွေ ရှိလာနေပြီ ဖြစ်ပါတယ်။ ဒါကို ဒီမိုကရေစီ ဖော်ဆောင်ပါမယ်ဆိုတဲ့ နိုင်ငံတကာမှာ အပြကောင်းချင်တဲ့ ဦးသိန်းစိန် အစိုးရ ဘယ်လို ဖြေရှင်းမလဲဆိုတာကိုတော့ မကြာခင် မြင်တွေ့ကြရတော့မှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013