DVB Logo
Home
မြန်မာသတင်း
မဲပေးရာတွင် ချို့ယွင်းချက်များ ကော်မရှင် တာဝန်ရှိဟု ဦးတင်အေးပြော
DVB
·
October 23, 2015
မဲပေးရာတွင် ချို့ယွင်းချက်များ ကော်မရှင် တာဝန်ရှိဟု ဦးတင်အေးပြော
1 / 5
Donate to DVB

နိုင်ငံခြားရောက်မြန်မာများ ဆန္ဒမဲပေးရာမှာ ချို့ယွင်းချက်တွေ ဖြစ်ပေါ်ခဲ့ရတာဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာသာ တာဝန်ရှိတယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၀န်ခံပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ မြန်မာပြည် အခြေစိုက်နိုင်ငံခြားသံရုံးတွေက သံတမန်တွေ၊ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲစောင့် ကြည့်လေ့လာရေးအဖွဲ့တွေ တွေ့ဆုံပွဲမှာ ဦးတင်အေးက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံပြင်ပရောက်မဲဆန္ဒရှင်များ အဆင်ပြေစွာ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ကြိုး စားဆောင်ရွက်ခဲ့သော်လည်း အတွေ့အကြုံနဲ့ အချိန်ကန့်သတ်ချက်ကြောင့် ချို့ယွင်းရခြင်းသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌သာ တာဝန်ရှိကြောင်း ပြောကြားလိုပါတယ်။”

ကော်မရှင်အနေနဲ့ နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲကို မှန်ကန်မျှတပြီး ပွင်းလင်းမြင်သာစွာနဲ့ ဥပဒေနဲ့အညီ အကောင်အထည်ဖော်ကျင်းပနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စင်ကာပူ၊ ဂျပန်၊ ထိုင်း စတဲ့ နိုင်ငံတွေက မြန်မာတွေ ကြိုတင်မဲပေးခဲ့ကြရာမှာ မဲစာရင်းမှာ မပါတာ၊ မဲလက်မှတ် တစောင်ပဲ ရရှိတာ စတဲ့ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်။

ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြည်တွင်းမှာ မဲစာရင်းတွေ မှားယွင်းတာတွေနဲ့ပတ်သက်လို့ မီဒီယာတွေက  ပူးပေါင်းဆောင်ရွက်ခြင်း မရှိတာကြောင့် ဖြစ်ရတာလို့ သံတမန်တွေကို ထပ်ပြောသွားပါသေးတယ်။

“မဲစာရင်းကို လာရောက်မကြည့်ရှုရင် မဲစာရင်း မပါလို့ ဖြည့်ပေးရန် မတောင်းဆိုလျှင်၊ မပါသင့်သူများပါလို့ ပယ်ဖျက်ပစ်ရန် မတောင်းဆိုလျင် မှန်ကန်သော မဲစာရင်း ရရှိမည် မဟုတ်ပါ၊ အမှားတွေကို ထောက်ပြဝေဖန်ပြစ်တင်ရင်း တပြိုင်နက် မဲစာရင်း အမှန်ဖြစ်ရေး  ပူးပေါင်းဆောင်ရွက်မှသာ မှန်ကန်သောမဲစာရင်း ရရှိစေမည်ဖြစ်ပါတယ်၊ မီဒီယာအသီးသီးမှ မဲစာရင်းအမှားတွေ အများအပြား ထောက်ပြ ပြောဆိုသော်လည်း အမှန်ပြင်ရန် ပူးပေါင်းဆောင်ရွက်မှု အားနည်းကြောင်း တွေ့ရပါတယ်။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ သံတမန်တွေ၊ ပြည်တွင်းပြည်ပရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ တွေ့ဆုံပွဲမှာ တက်ရောက်လာတဲ့ သံတမန်တချို့က ရွေးကောက်ပွဲဆိုင်ရာ သိလိုတာတွေ မေးမြန်းခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကို သံတမန်နဲ့တွေဆုံပွဲအပြီး မီဒီယာကမေးမြန်းရာမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ၁၀၀ ရာခိုင်နှုန်း အာမခံတယ်၊ ဒါကြောင့်ပဲ နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို စောင့်ကြည့်ခွင့်ပေးထားတာပေါ့လို့ ပြောသွားပါသေးတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့နဲ့ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပိုမိုကြိုးစားဖို့   မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဒဲရစ်မစ်ရှဲက ဒီဗွီဘီနဲ့  သီးသန့် တွေ့ဆုံမေးမြန်းရာမှာ ပြောဆိုထား ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013