DVB Logo
Home
Lead Story
ဥက္ကဋ္ဌ ပြောတဲ့ ငွေလ၀န်း
DVB
·
October 23, 2015
ဥက္ကဋ္ဌ ပြောတဲ့ ငွေလ၀န်း
Donate to DVB

မန္တလေးတိုင်း ရမည်းသင်းခရိုင် မြို့လှဆိုတဲ့ တိုက်နယ်မြို့လေးရဲ့ ဘုန်းကြီးကျောင်းဝင်းလို့ ယူဆရတဲ့ ၀င်းတခုထဲမှာ ပြည်ခိုင်ဖြိုးပါတီ တီရှပ်နဲ့ ဦးထုတ်တွေ တူညီဝတ်ဆင်ထားကြတဲ့ ရာနဲ့ချီတဲ့ လူထုတွေ ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြတယ်။ ပူပြင်းလှတဲ့ နေရောင်ခြည်အောက်မှာ ဒိုးပတ်ဝိုင်းတခု တီးခတ်ကခုန်နေတာတွေ့လို့ အနားကပ်ပြီး ဗီဒီယိုရိုက်တော့ အရက်နံ့ပြင်းပြင်းရလို့ စကန့် ၃၀ စာလောက် ရိုက်ယူပြီး အဲ့ဒီနားက ခပ်မြန်မြန်ခွာခဲ့ရတယ်။ အခမ်းအနားလုပ်မယ့် မဏ္ဍပ်အမိုးနိမ့်နိမ့်ထဲ လူကြီး၊ ကလေး ၅၀၀ လောက် နေပူထဲ ချွေးတလုံးလုံးနဲ့ ထိုင်နေကြတယ်။ စင်မြင့်ထက်က မိုက်ကရိုဖုန်းကိုင်ထားသူတယောက်က ပရိသတ်ကြီး နေပူထဲမှာစောင့်ဆိုင်းနေရတာ စာနာမိ ပါတယ်။ အခမ်းအနားပြီးတဲ့ထိ နေပေးကြပါလို့ တရစပ် အသိပေး နှိုးဆော်ပြောကြား နေတယ်။ မဏ္ဍပ်ရှေ့လမ်းကြောင်းလေးတခုပေါ်မှာတော့ ပြည်ခိုင်ဖြိုးဝတ်စုံလှလှလေးတွေ ဆင်မြန်းထားတဲ့ အမျိုးသမီးငယ် ၄-၅ယောက်၊ အညိုရောင်ဝတ်စုံဆင်မြန်းထားတဲ့ အမျိုးသမီးငယ် ၄-၅ ယောက်တို့ဟာ လက်ထဲမှာ ပန်းစည်း၊ ပန်းကုံးတွေကိုင်ပြီး ကျောင်းအ၀င်ဝဆီ တမျှော်မျှော်လုပ်နေကြတယ်။

ရွေးကောက်ပွဲ မဲဆွယ်ကာလဖြစ်တဲ့ အောက်တိုဘာ ၂၁ ရက်မှာ လက်ရှိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ လည်းဖြစ်၊ ရမည်းသင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းလည်း ဖြစ်တဲ့ ဦးခင်အောင်မြင့် မြို့လှလူထုနဲ့ တွေ့ဆုံပွဲမစခင် မြင်တွေ့ရတဲ့ မြင်ကွင်းတချို့ ဖြစ်ပါတယ်။ လသားအရွယ် ကလေးငယ် တယောက်ရဲ့နဖူးမှာ ပြည်ခိုင်ဖြိုးအလံပတ်ပေးထားလို့ ကလေးကို ဓာတ်ပုံရိုက်ဖို့ပြင်တော့ ကလေးချီ ထားတဲ့ မိခင်ဖြစ်သူက ကင်မရာဘက်လှည့်ပေးပြီး လိုလိုချင်ချင် အရိုက်ခံတယ်။ တအောင့်နေတော့ ကိုရင်နှစ်ပါးလည်း အလားတူ ပြည်ခိုင်ဖြိုးအလံနဖူးစီးထားပြီး အလံကိုင်ဖြတ်လျှောက်သွားတာတွေ့လို့ ဓာတ်ပုံလှမ်းရိုက်တော့ ကိုရင်တွေကလည်း လိုလိုလားလား ဓာတ်ပုံအရိုက်ခံ ကြပြန်တယ်။ လူထုတွေ့ဆုံပွဲလုပ်မယ့် ၀င်းထဲမှာတော့ အိုးစည်ဒိုးပတ်ဝိုင်းအပြင် ရှမ်းအိုးစည်ဝိုင်းပါတိုးလာပြီး အပြိုင်အဆိုင် တီးခတ် ကခုန်နေကြတာလည်း တွေ့ရတယ်။ ထောင်နဲ့ချီတဲ့လူထုထဲက မျက်နှာတွေ လိုက်စူးစမ်းကြည့်တော့ တချို့က အားတက်သရော တချို့က ဖတ်မရတဲ့မျက်နှာတွေ တွေ့ရပြီး သူတို့အားလုံးမှာ တူညီတာတခုတွေ့မြင်ရတာက စူးစမ်းလိုစိတ်ရှိနေကြတာပါပဲ။ လွှတ်တော်ဥက္ကဋ္ဌ ရောက်လာပြီး ဘာတွေပြောမလဲဆိုတာ စောင့်စားနေကြပုံပေါ်ပါတယ်။ စင်မြင့်ပေါ်က မိုက်ကိုင်ထားသူကတော့ အခမ်းအနားအစီအစဉ်ကို တိုတိုပဲ လုပ်ထားတာမို့ အခမ်းအနားပြီးဆုံး သည်ထိ နေထိုင်ပေးကြဖို့ တတွတ်တွတ်ပြောနေပြန်ပါတယ်။

တအောင့်နေ လွှတ်တော်ဥက္ကဋ္ဌနဲ့အဖွဲ့ရောက်လာ မဏ္ဍပ်ထဲဝင်ပြီး အခမ်းအနားစပါတယ်။ ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မြို့လှလူထုကို အရင်ဆုံး စကားပြောတော့ ဒီဘက်ခြမ်း လမ်းတွေကောင်းသွား တော့ သူအခု ရမည်းသင်းကနေ မြို့လှကို ကားနဲ့လာတာ မိနစ် ၂၀ ပဲ ကြာတယ်လို့ အစချီပြီး မြို့မီးရနေတာလည်း ထည့်ပြောပါတယ်။ ကျနော်တို့အစိုးရအနေနဲ့ ကျနော်တို့အစိုးရအနေနဲ့လို့ သူ ၂ ခါမက ပြောသွားတာကိုတော့ နားမလည်ပါဘူး။ သူက အစိုးရအဖွဲ့ကမှမဟုတ်ဘဲ ဘာလို့ သူ အခုလို ပြောသလဲဆိုတာတော့ ကာယကံရှင်ပဲ သိမှာပါ။ တခါ သူအခုပွဲမှာ မဲမဆွယ်ဘူး။ ဆွယ်တယ်ဆိုတဲ့ စကားကို သူမကြိုက်ဘူးလို့ပြောပြီး ပြိုင်ဘက်တွေအချင်းချင်း လေးစားသမှုရှိတယ်လို့လည်း ဆိုပါတယ်။ ပြည်ခိုင်ဖြိုးထိပ်တန်းခေါင်းဆောင်တယောက်ပီပီ ရွေးကောက်ပွဲပညာပေး ဟောပြောပွဲ ဆိုပြီး မဲဆွယ်တာ မလုပ်ကောင်းပါဘူးလို့ အတိုက်အခံခေါင်းဆောင်ကို ပုတ်ခတ်ပြောသွား ပါသေးတယ်။ (ဒေါ်စုကတော့ ခုချိန်အထိ ဘယ်သူ တဦးတယောက်ကိုမှ ပုတ်ခတ်ပြောဆိုတာ မကြားရပါဘူး)။ အာရှင်းပါရှင်းရှိလှတဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟာ နောက်ဆုံးမှာ လူငယ်တွေ မဲပေးမှားပြီး မထွေးနိုင် မအံနိုင် ဖြစ်မှာစိုးလို့ဆိုပြီး ပုံတိုပတ်စတပုဒ် ပြောသွားပါတယ်။ ပုံပြင်လေးနာမည်က မောင့်ရင်ထဲက ငွေလ၀န်း တဲ့။

နယ်ကနေ ရန်ကုန်အမျိုးအိမ်မှာ ကျောင်းလာတက်တဲ့ ၁၀ တန်းကျောင်းသားလေးတယောက်၊ သူနေတဲ့အိမ်က အဒေါ်တယောက်က ညတိုင် အိမ်ရှေ့လာရောင်းတဲ့ မုန့်ဟင်းခါး သူ့ဝယ်ကျွေးလေ့ ရှိတယ်။ အဒေါ်က ညတိုင်းဝယ်ဝယ်ကျွေးတော့ သူက အားနာလာပြီး သူရတဲ့ ကျောင်းမုန့်ဖိုးလေး တွေ မုန့်ဝယ်မစားတောဲ့ဘဲ ည မုန့်ဟင်းခါးဖိုးချန်ထားပြီး မုန့်ဟင်းခါးသည်လာရင်လည်း သူကိုယ်တိုင်ပဲ ဆင်းဝယ်တယ်။ ဒီလို ညတိုင် မုန့်ဟင်းခါးဝယ်ရင်း သတိထားမိလာတာက မုန့်ပြင်ပေးတဲ့ လှတပတကောင်မလေးကိုပဲ ဖြစ်တယ်။ သို့ပေမယ့် အဲ့ဒီကောင်မလေးနဲ့ ပါလာတဲ့ ရုပ်ဆိုးဆိုး အသက်ကြီးကြီး လူကြီးကို ကြောက်ရတော့ ကောင်မလေးကို ခိုးခိုးကြည့်ရပါသတဲ့။ ဒီလိုနဲ့ မုန့်ဟင်းခါးသည်ကောင်မလေးအပေါ် ထားမိတဲ့အချစ်က သည်းလာ၊ မောင့်ရင်ထဲက ငွေလ၀န်းလေးဖြစ်လာ၊ စာမေးပွဲကပြီးတော့ စာမေးပွဲနောက်ဆုံးနေ့မှာပဲ မုန့်ဟင်းခါးသည်နောက် တကောက်ကောက်လိုက်ပြီး သူတို့နေထိုင်ရာအရပ် စုံစမ်းတယ်။ အဘိုးကြီးနဲ့ ကောင်မလေး အထမ်းက ရှေကသွား သူက နောက်ကလိုက်၊ ၀ယ်သူရှိလို့ ရပ်ရောင်းရင် သူက မလှမ်းမကမ်း မှောင်ရိပ်ထဲမှာ ရပ်ပေါ့လေ၊ နောက်ဆုံး မှောင်ရိပ်တနေရာရောက်တော့ အဲ့ဒီမုန့်သည်နှစ်ယောက်နဲ့ မှောင်ထဲက လူတယောက်တို့ တွေ့ကြတယ်။ မှောင်ထဲကလူက မုန့်ဟင်းခါးသည်နှစ်ယောက်ကို ရောင်းရငွေတွေ လျော့လို့ဆိုပြီး ပက်ပက်စက်စက်ဆဲဆိုပါသတဲ့၊ ပြီးတော့ သူတို့နှစ်ယောက် အမှောင်ထဲထွက် ပျေက်ာသွားတယ်။ ဒါနဲ့ နောက်ယောင်ခံလိုက်လာတဲ့ အမောင်ကျောင်းသားက မှောင်ထဲက ဆဲတဲ့လူကြီးနားကပ်ပြီး လေအေးလေးနဲ့ သူတို့ သားအဖနေတဲ့နေရာမေးတော့ ဟိုက အဲ့ဒါ သားအဖ မဟုတ်ဘူး။ လင်မယား။ ငါချက်တဲ့မုန့်ဟင်းခါးဆို လူတွေက ၀ယ်မစားမှာကြောင့် သူတို့လင်မယားကို အခပေးပြီး ရောင်းခိုင်းထားတာ၊ အခုနောက်ပိုင်း ပိုက်ဆံလျောလျော့လာလို့ သူဆဲနေတာလို့ပြောပြီး အလင်းထဲ ထွက်လာလို့ကြည့်ခိုက်တော့ အဲ့ဒီလူကြီးက ခြေလက်တွေ တိုနေတဲ့ အနူကြီး ဖြစ်နေပါသတဲ့။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌပြောတဲ့ မဲပေးမှားရင် မထွေးနိုင် မအံနိုင်ဖြစ်မယ်ဆိုတဲ့ ပုံတိုပတ်စ ဖြစ်ပါတယ်။ အနူချက်တဲ့မုန့်ဟင်းခါး လနဲ့ချီပြီး နေ့စဉ်ရက်ဆက်စားခဲ့တာ အခုတော့ ပြန်အံထုတ်ချင်ပေမယ့် အကုန်တော့ ဘယ်ပြန်အံထုတ်လို့ ရပါ့မလဲတဲ့။ သူပဲ အပြောကောင်း လို့လား၊ ဒါမှမဟုတ် မြို့လှကပဲ ပြည်ခိုင်ဖြိုးပါတီအမာခံနယ်မြေ ဖြစ်လို့လားတော့ မဆိုနိုင်၊ အဲ့ဒီနေ့က ဦးခင်အောင်မြင့် လူထုတွေ့ဆုံပွဲ တက်လာတဲ့သူတွေ ရုပ်ပျက်ဆင်းပျက်ထပြန်သွားကြတာ မတွေ့ခဲ့ရ။ သူ့အရပ်နဲ့သူ့ဇာတ် အိုခေပါပဲ။ အပြန်လမ်းတလျှောက်မှာ ဒေသထွက် ၀ါဂွမ်းတွေ ငရုတ်သီးတွေ ဒိုင်မှာ ၀ယ်ခြမ်းရောင်းချနေကြတာ တွေ့ရတယ်။ အဲ့ဒီနေ့က မြို့လှ မရောက်ခင် ပျော်ဘွယ်အန်အယ်ဒီအဖွဲ့နဲ့တွေ့လို့ သူတို့နယ်ဘက် ရွာတရွာ ဒီမနက်ပဲ စည်းရုံးရေးဆင်းတော့ ရွာက သံပုံးတီးထုတ်တယ်ဆိုတဲ့ သတင်းကြားခဲ့ရတယ်။ အရေးကြီးတာကလဲ ပါတီစွဲဘယ်လောက်ပဲကြီးကြီး ဒေသစရိုက် ဘယ်လောက်ကြမ်းကြမ်း ဒေသခံလူထု ကိုယ့်အလုပ်ကိုယ် ဖြောင့်ဖြောင့်တန်းတန်း လုပ်ကိုင်စားသောက်နေထိုင်နိုင်ကြဖို့ပဲ ဖြစ်တယ်၊အခု ပါတီကြီးနှစ်ခု မဲဆွယ်ကာလမှာ လူထုတွေ ကိုယ်သန်ရာသန်ရာပါတီကို အားတက်သရော ထောက်ခံဝိုင်းဝန်းနေကြတယ်။ နည်းလမ်းမတူ ခံယူချက်ကွဲကြပေမယ့် ခုချိန်တော့ အိုးစည်ဗုံမောင်းတွေနဲ့ အပြိုင်အဆိုင် ဆို၊ က မဲဆွယ်နေကြတာတွေ့မြင်ရတာ မင်္ဂလာရှိပါတယ်။

ကိုရွှေအောင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013