
တရုတ်ရဲတပ်ဖွဲ့ဟာ ရာဇ၀တ်ဂိုဏ်း ၁,၀၀၀ ကျော်ကို ဖြိုခွင်းခဲ့ပြီး ရာဇ၀တ်ဂိုဏ်းတွေ၊ အထူးသဖြင့် ပိုလျှို့ဝှက်ပြီး တိုးတက်ပြောင်းလဲနေတဲ့ နည်းဗျူဟာတွေကို သုံးတဲ့အဖွဲ့တွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတခုမှာ သံသယရှိသူ အယောက် ၈,၂၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဩဂုတ် ၁၀ ရက်မှာ ပြောပါတယ်။
စစ်ဆင်ရေးအတွင်း နိုင်ငံတဝန်းက ရာဇ၀တ်အမှုပေါင်း ၅,၄၀၀ ကျော်ကိုလည်း ဖော်ထုတ်နိုင်ခဲ့ တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
မကြာသေးမီနှစ်တွေအတွင်း တရုတ်ရဲတပ်ဖွဲ့ဟာ ရာဇ၀တ်ဂိုဏ်းတွေကို အခိုင်အမာ ဆန့်ကျင်တဲ့ ရပ်တည်ချက်ကို ထိန်းသိမ်းထားခဲ့ပြီး ပြစ်မှုတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခဲ့ကာ အများပြည်သူလုံခြုံရေးကို အထောက်အကူပြုခဲ့ပါတယ်။
ဒါပေမဲ့ ရာဇ၀တ်ဂိုဏ်းတချို့က အွန်လိုင်းပလက်ဖောင်းတွေ၊ အကြမ်းမဖက်တဲ့ အတင်းအကျပ် ပုံစံတွေကို သုံးရင်း ရာဇ၀တ်မှုတွေကို ကျူးလွန်ပြီး ဂိုဏ်းကို အမြန်တိုးချဲ့ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
အွန်လိုင်းကနေ အမြတ်ထုတ် ငွေချေးတဲ့ အစီအစဉ်တွေ၊ အတင်းအကျပ် သုံးစွဲမှုနဲ့ ဆိုက်ဘာ အနိုင်ကျင့်မှုအပါအဝင် ရာဇ၀တ်မှုပုံစံအသစ်တွေက မကြာသေးမီနှစ်တွေအတွင်း ပိုထင်ရှား လာခဲ့ပါတယ်။
ဝန်ကြီးဌာနဟာ ရာဇ၀တ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ဆက်ကြိုးစားသွားမယ်လို့ ကတိပြုထားပြီး ရာဇ၀တ်ဂိုဏ်းတွေ ပေါ်ပေါက်လာတာနဲ့အမျှ အမြန် နှိမ်နင်းသွားမှာဖြစ်ပြီး ပြစ်မှုတွေကို တိုက်ဖျက် ဖို့ နိုင်ငံတဝန်း ပုံမှန်စစ်ဆင်ရေးတွေကို စီစဉ်သွားမယ်လို့ ကတိပြုထားပါတယ်။
တရုတ်နိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်း ရာဇဝတ်မှုတွေ ကျဆင်းလာခဲ့ပြီး ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ ခံစားချက်တွေ ဆက်ပြီးမြင့်တက်နေတယ်လို့ တရုတ်အစိုးရမီဒီယာ စီစီတီဗီက ဖော်ပြပါတယ်။
တရားဝင်အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရာဇဝတ်မှုဖြစ်တဲ့ အရေအတွက်မှာ နှစ်အလိုက် ၁၂ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အများပြည်သူ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကတော့ ၃ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့လို့ ၂၀၀၀ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်ကို ရောက်ခဲ့ပါတယ်။
Source: Reuters










