DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် မိုင်းရှူးမြို့တွင် ဗုံးပေါက်ကွဲ၊ ၄ ဦး ဒဏ်ရာရ
DVB
·
October 22, 2015
ရှမ်းပြည်နယ် မိုင်းရှူးမြို့တွင် ဗုံးပေါက်ကွဲ၊ ၄ ဦး ဒဏ်ရာရ
1 / 6
Donate to DVB

လတ်တလော အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း အဖွဲ့တို့ကြား ထိတွေ့ပစ်ခတ်မှုတွေရှိနေတဲ့ ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်ထဲမှာ အောက်တိုဘာ ၂၁ ရက်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

မိုင်းရှူးမြို့ပေါ် ရပ်ကွက် ၄ ထဲမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ကိုရင် ၂ ပါး၊ အဖွားအို ၁ ဦးနဲ့  မိန်းကလေးငယ် ၁ ဦး၊ စုစုပေါင်း ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ မိုင်းရှူးဒေသခံ နန်းဆိုင်ဟိန်းက ဒီဗွီဘီကို ပြောပါတယ်။

"ဒီနေ့ ညနေ ၄ နာရီနဲ့ ၁၀ မိနစ်လောက်က မိုင်းရှူးမြို့လယ် ဘုန်းကြီးကျောင်းနဲ့ ကျမတို့ ရှမ်းစာပေယဉ်ကျေးမှုအသင်းတိုက် လမ်းကြားထဲမှာ ဗုံးပေါက်တယ်။ ၄ ယောက် ဒဏ်ရာရတယ်။ ကိုရင်လေးတွေက အသက် ၁၀ နှစ်ကျော်၊ သူတို့ကျောင်းတိုက်အနောက်မှာ ကစားရင်းထိတာ၊ အဖွားကြီးတယောက်ကတော့ သူ့ကို အဖွားလိတ်လို့ခေါ်တယ်၊ အသက် ၇၀ ကျော်လောက်ပေါ့။ သူက ဒီနေ့ ဥပုသ်နေ့ ဘုန်းကြီးကျောင်းမှာ သီလယူပြီး ကျောင်းအနောက်ဘက်က ရေတွင်းကိုသွားတယ်၊ ရေတွင်းကပြန်တက်လာတော့ ထိသွားတာ၊ မိန်းကလေးကတော့ နန်းခမ်းခင်တဲ့၊ အသက် ၁၂ နှစ်၊ ၆ တန်းကျောင်းသူ၊ သူက ဈေးသွားပြီး ပြန်လာရင်းထိသွားတာ၊ မိန်းကလေးက အထိနာဆုံးပဲလို့ ပြောပါတယ်။ အခု သူတို့အားလုံး မိုင်းရှူးဆေးရုံမှာ၊ ကျမတို့လည်း စိတ်ပူလို့ လိုက်လာတယ်။ ဒါပေမယ့် တာဝန်ရှိသူတွေက ဆေးရုံထဲ ပေးမ၀င်သေးဘူး၊ ဒါကြောင့် အခြေအနေ စိုးရိမ်ရလား မရလား မသိဘူးရှင့်။"

ဗုံးပေါက်ကွဲတဲ့နေရာဟာ ခြံစည်းရိုးနားမှာဖြစ်တဲ့အတွက် တခြား အဆောက်အဦတွေတော့ ပျက်စီးဆုံးရှုံးတာ မရှိဘူးလို့ ဆိုပါတယ်။

မိုင်းရှူးမြို့နယ်ထဲမှာ ဒီလအတွင်း အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း အဖွဲ့တို့ကြား ထိတွေ့ပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူ ၂၀၀၀ ကျော်ရှိနေပြီး မြို့ပေါ်မှာလည်း စိုးရိမ်ကြောင့်ကြစိတ်တွေနဲ့ ညနေဆိုရင် သူ့အိမ်ကိုယ့်အိမ် တံခါးစောစောပိတ်ပြီး အိမ်မှာပဲနေကြကြောင်း၊ ဒီကနေ့ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုကြောင့်လည်း ဘုန်းကြီးကျောင်းက ဥပုသ်သည်တွေ စောစောပြန်ကာ လမ်းသွားလမ်းလာတွေ ပိုနည်းသွားတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။

မြို့နယ်တွင်း အခုလို မတည်မငြိမ်ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာအာဏာပိုင်တွေက ရွေးကောက်ပွဲ လုပ်ရေး မလုပ်ရေး ပြန်ဆွေးနွေးနေတယ်လို့ မိုင်းရူးမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီအမတ်လောင်း ဦးစိုင်းထွန်အေးက ပြောပါတယ်။

“လုံခြုံရေး စိတ်မချရတဲ့အတွက် မြို့နယ်ထဲမှာ ရွေးကောက်ပွဲလုပ်ရေး မလုပ်ရေးကို ပြန်ဆွေးနွေးနေတယ်လို့ ကြားပါတယ်ခင်ဗျ၊ မြို့နယ်ရွေးကောက် ပွဲကော်မရှင်၊ မြို့နယ်ထွေအုပ် နဲ့ ရဲတပ်ဖွဲ့တွေ အာဏာပိုင်တွေပေါ့။ ကျနော်တို့လည်း မဲဆွယ်စည်းရုံးရေး အကုန်မလုပ်ရသေးဘူး၊ မိုင်းရှူးမြို့ပေါ်ရပ်ကွက်တွေ ကျန်သေးတယ်၊ တိုက်ပွဲဖြစ်တဲ့ရွာတွေ မှာတော့ တော်သေးလို့ တိုက်ပွဲမဖြစ်ခင်ကတည်းက စည်းရုံးရေးဆင်းထားတာ၊ အခုလို ဗုံးပေါက်တာကတော့ ရွေးကောက်ပွဲပျက်အောင် တမင်တကာလုပ်တာလားလို့ သံသ ယဖြစ်တယ်။”

ဒါ့အပြင် ကျေးသီးမြို့နယ်တွင်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ရွေးကောက်ပွဲ လုပ်ရေးမလုပ်ရေး ပြန်ဆွေးနွေးနေတယ်လို့ သူကဆက်ပြောသွားပါတယ်။

ဓာတ်ပုံ - Hseng Herng

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013