DVB Logo
Home
မြန်မာသတင်း
တပ်မတော်အပေါ် စာနာနားလည်သူကို မဲပေးရန် ကာချုပ်တိုက်တွန်း
DVB
·
October 21, 2015
တပ်မတော်အပေါ် စာနာနားလည်သူကို မဲပေးရန် ကာချုပ်တိုက်တွန်း
Donate to DVB

လာမယ့် ရွေးကောက်ပွဲမှာ နိုင်ငံနဲ့ ဒေသကို အကျိုးပြုမယ့်သူ၊ တပ်မတော်အပေါ်စာနာ နားလည်မှုရှိသူတွေကို ဆန္ဒမဲပေးရွေးချယ်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂၀ ရက် မွန်းလွဲပိုင်းမှာ နေပြည်တော် တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်တွေက အရာရှိ၊ စစ်သည်တွေကို တွေ့ဆုံစဉ်ပြောကြားခဲ့တာလို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သတင်း ထုတ်ပြန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပြည်သူ့ကိုယ်စားလှယ်များအား လူရွေးမမှားရန် လိုအပ်ကြောင်း၊ တပ်မတော်သား မိသားစုများအနေဖြင့်လည်း မဲဆန္ဒပေးရွေးချယ်ရာတွင် နိုင်ငံနှင့် ဒေသကို အကျိုးပြုမည့်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး အမြင် ၄ မြင်ရှိသူ၊ ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ တပ်မတော်အပေါ်စာနာ နားလည်မှုရှိသူ၊ အမျိုးဘာသာ သာသနာကို မှန်မှန်ကန်ကန်နှင့် စနစ်တကျ ထိန်းသိမ်းနိုင်သူ၊ ပြည်ပအဖွဲ့အစည်း၊ နိုင်ငံခြားသားများ၏ တစ်နည်းနည်းအားဖြင့် လွှမ်းမိုးမှု မရှိသူများကို စဉ်းစားရွေးချယ်ရန် အကြံပြုလိုကြောင်း” ပြောပါတယ်။

ခုချိန်မှာ ကိုယ့်သဘောဆန္ဒအရ စစ်မှုထမ်းနေကြပေမယ့် နောင်တချိန်မှာ နိုင်ငံသားတိုင်း စစ်မှု မထမ်းမနေရ စနစ်အရ အချိန်ကာလအပိုင်းအခြားတစ်ခု စစ်မှုထမ်းဆောင်ရမှာ ဖြစ်လို့  ကြိုတင်ပြင်ဆင်ထားဖို့လည်း ပြောကြားသွားပါတယ်။

ဒါ့ပြင်  တိုင်းပြည်မှာ ကုန်သွယ်မှုလိုငွေပြနေတဲ့အတွက် ခြိုးခြံချွေတာကြဖို့လည်း တပ်မတော်အကြီးကဲက “အချို့ပစ္စည်းများသည် ခြိုးခြံချွေတာနိုင်သောပစ္စည်းများဖြစ်ကြောင်း၊ ထိုကဲ့သို့ ခြိုးခြံချွေတာမှသာ လိုငွေလျှော့ချနိုင်မည်ဖြစ်သဖြင့် မော်တော်ကား၊ စက်သုံးဆီ၊ လျှပ်စစ်မီးနှင့် တယ်လီဖုန်းပြောဆိုမှုများကို လျှော့ချခြင်းဖြင့် တဦးချင်းအသုံးစရိတ်များ ပိုလျှံလာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ တဦးချင်းနှင့် ရုံးဌာနများအလိုက် ခြိုးခြံချွေတာမှုများ ပြုလုပ်သွားရမည်” လို့ တိုက်တွန်းသွားပါတယ်။

တိုင်းပြည်မှာ ကုန်သွယ်မှုလိုငွေတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး  ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်၊ လက်ရှိ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ် သြဂုတ်လအထိ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့်ရှိနေတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ပြောကြားချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013