DVB Logo
Home
မြန်မာသတင်း
SSA မြောက်ပိုင်းတပ်နှင့်တိုက်ပွဲ တပ်မတော်အရာရှိနှင့် စစ်သည်များ ကျဆုံး
DVB
·
October 20, 2015
SSA မြောက်ပိုင်းတပ်နှင့်တိုက်ပွဲ တပ်မတော်အရာရှိနှင့် စစ်သည်များ ကျဆုံး
Donate to DVB

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်တွေအကြား ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း တိုက်ပွဲပေါင်း ၃၇ ကြိမ်ဖြစ်ပွားပြီး တပ်မတော်အရာရှိနဲ့ စစ်သည်တချို့ အပါအ၀င် နှစ်ဘက်စလုံးမှာ ကျဆုံးဒဏ်ရာရမှု ရှိခဲ့တယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းဌာနက  သတင်းထုတ်ပြန်ပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ဌာနချုပ် ၀မ်ဟိုင်းဒေသအနီး တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းစဉ် နှစ်ဘက် အပြန်အလှန် ထိတွေ့ပစ်ခတ်ခဲ့ရာမှာ အောက်တိုဘာ ၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပစ်ခတ်မှု ၃၇ ကြိမ် ဖြစ်ပွားပြီး ရှမ်းပြည်တပ်မတော်ဘက်မှ အလောင်း ၇ လောင်းကို လက်နက်ခဲယမ်းတွေနဲ့အတူ သိမ်းဆည်းရမိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တိုက်ပွဲတွေအတွင်း တပ်မတော်က အရာရှိစစ်သည်တချို့ ကျဆုံး ထိခိုက်ဒဏ်ရာရတာ ရှိခဲ့ပေမယ့် အရေအတွက် အတိအကျ ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ သတင်းထုတ်ပြန်ချက်မှာ ရေးသားထားခြင်း မရှိပါဘူး။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလကတော့ ထိတွေ့ပစ်ခတ်မှုတွေမှာ အစိုးရတပ်ဘက်က ၃၀ ကျော် ကျဆုံးမယ်လို့ ခန့်မှန်းပြီး သူတို့ဘက်ကလည်း ထိခိုက်ဒဏ်ရာရသူတချို့ ရှိပေမယ့် စာရင်းအတိအကျကိုတော့ မထုတ်ပြန်နိုင်သေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိနယ်မြေထဲမှာ အစိုးရတပ်ရင်းပေါင်း ၈ ခုက အင်အား ၁၀၀၀ ခန့် ရောက်ရှိနေပြီး နောက်ထပ် စစ်အင်အား ဖြည့်တင်းမှုတွေ ရှိနေတယ်လို့လည်း ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

“အောက်တိုဘာ ၁၇ ရက်နေ့က ခိုလမ်ဘက်ကနေ မိုင်းစံဘက်ကို လက်နက်ပါတဲ့ ကား ၁၂ စီး ရောက်လာတယ်။ ဒီနေ့မနက်လည်း မိုင်းစံကိုပဲ နောက်ထပ်ကား ၄ စီး စစ်သည်အင်အား ၁၀၀ ကျော် ထပ်ပါလာတယ်။ ၀မ်ဆော့ကျေးရွာအုပ်စု မိုင်းအတ်ဘက်မှာ နှစ်ဘက်ဆိုင်နေတယ်။ အချိန်မရွေး ထပ်ပစ်နိုင်တယ်။ ကျနော်တို့တော့ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး ကာကွယ်တိုက်ခိုက်ရမှာပဲ။”

ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာတော့ နှစ်ဘက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး ရှမ်းပြည်မြောက်ပိုင်းတပ်တွေကို ဝမ်ဟိုင်းဌာနချုပ်မှာသာ အခြေပြုနေထိုင်ဖို့ သတ်မှတ်ပေးထားခဲ့ပေမယ့် ဝမ်ဟိုင်းဌာနချုပ်မှ တောင်ဘက် ၁၀ မိုင်ခန့်အကွာ နယ်မြေအတွင်းမှာ အခိုင်အမာစခန်းဆောက် အခြေပြုနေတာကို တွေ့ရှိရလို့ ပြန်လည်ဆုတ်ခွာဖို့  အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ဆုတ်ခွာခြင်းမရှိလို့ ရှင်းလင်းတိုက်ခိုက်ခဲ့ရတာလို့ ဆိုပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းဘက်ကတော့ အပစ်ရပ်သဘောတူညီချက်ကို ဖောက်ဖျက်ခဲ့ခြင်း မရှိကြောင်းနဲ့ စာချုပ်မှာ ဌာနချုပ်မှာပဲ အခြေပြုနေထိုင်ရန်ဆိုတဲ့ အချက် လုံးဝမပါရှိကြောင်း၊ ၀မ်ဟိုင်းဌာနချုပ်နဲ့ မိုင် ၁၀၀ ကျော်အကွာမှာ လှုပ်ရှားနေတဲ့ သူတို့တပ်ဖွဲ့ကို လျစ်လျူရှုပြီး ဌာနချုပ်နဲ့ ၁၀ မိုင်လောက်ပဲရှိတဲ့နေရာကို လာတိုက်နေတာဟာ သူတို့ဗဟိုဌာနချုပ်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာ ထင်ရှားနေတယ်လို့ ဒီကနေ့ အောက်တိုဘာ ၂၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ဟာ တနိုင်ငံလုံး အပစ်ခတ်ရပ်စာချုပ် (အန်စီအေ) ကို ပါဝင်လက်မှတ်ထိုးခဲ့ခြင်း မရှိဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်မှသာ လက်မှတ်ရေးထိုးမယ့်မူကို စွဲကိုင်ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013