DVB Logo
Home
Lead Story
ဒေါင်းမိခင်နဲ့အတူ ဒေါင်းနိုင်ငံသစ်ကို ထုဆစ်ပါ
DVB
·
October 20, 2015
ဒေါင်းမိခင်နဲ့အတူ ဒေါင်းနိုင်ငံသစ်ကို ထုဆစ်ပါ
Donate to DVB

အခုရက်ပိုင်းအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ်စည်းရုံးရေးခရီးစဉ်တလျှောက် သံတွဲ၊ တောင်ကုတ်ဒေသခံပြည်သူတွေက လေဆိပ်နဲ့လမ်းဘေးဝဲယာကနေ အမေစု… အမေစုနဲ့ နှစ်ထောင်းအားရ သံပြိုင်ကြွေးကြော်၊ တိုင်တည်ကြိုဆိုသံတွေ သတင်းမီဒီယာ ရုပ်မြင်သံကြား သတင်းတွေမှာ တွေ့နေ မြင်နေခဲ့ရတယ်။

ရိုးရိုးသာမန် အရပ်ထဲရွာထဲမှာတောင် သားယောက်ျားလေးများစွာနဲ့ သားသမီးတပုံတပင် စည်ပင်ဖွံ့ထွားအောင် မွေးမြူစောင့်ရှောက်နိုင်တဲ့ မိခင်တွေဆိုရင် အမျိုးကောင်းသမီးကြီးတွေအဖြစ် တလေးတစား၊ တရိုတသေ အလေးအမြတ်ပြုကြရတာ မဟုတ်လား။

ဗုဒ္ဓစာပေသမိုင်းထဲမှာလည်း သားသမီးတွေ တပုံတပင်နဲ့အလွန်ထင်ရှားပြီး လူအများက လေးစား အားကျ စံပြုရတဲ့ အာဇာနည်အမျိုးကောင်း သမီးကြီးတွေပေါ်ထွန်းခဲ့ဘူးပါတယ်။

‘မိဂါရမာတာ မိဂါရသူဌေးကြီး၏မိခင်’လို့လည်း အခေါ်ခံရတဲ့အပြင် လှူဒါန်းစွန့်ကြဲသည့် အမျိုးသမီးများတွင် အသာလွန်ဆုံးဖြစ်တဲ့ ဒါယိကာမဧတဒဂ် ဘွဲ့ရတဲ့ ၀ိသာခါ ကျောင်းအမကြီးဟာ အသက်ရာကျော်ရှည်နေနိုင်ပြီး သားသမီးမြေးမြစ်ပေါင်းမြောက်များစွာ စောင့်ရှောက်မွေးမြူနိုင်ခဲ့လို့ လူအပေါင်းက လေးစားစံထားကြရတာ။ ပြီးတော့ သုံးဆယ့်နှစ်ယောက်သော သားတော်တွေကို ဖွားမြင်ခဲ့တဲ့ စစ်သူကြီးဗန္ဓုလရဲ့ ကြင်ယာတော် မလ္လိကာမိဖုရားကြီးဆိုရင်လည်း အားလုံးက လေးစားခန့်ညား အရိုအသေပေးခဲ့ကြတာ မဟုတ်လား။

အခု စာရေးသူတို့ခေတ်မှာတော့ လူပေါင်းသန်းပေါင်း (၆၀၀၀) ကျော်ရှိတဲ့ တကမ္ဘာလုံး လေးစားအသိအမှတ်ပြု ခံရတဲ့၊ တခေတ်မှာတယောက်ဆိုသလိုပေါ်ထွန်းလာတဲ့ လူရှင်အာဇာနည် အမျိုးကောင်းသမီးကြီးကတော့ “စတုပစ္စယ သံဃာ့မာတာ” လို့ခေါ်တဲ့ ပစ္စည်းလေးပါးဒါယိကာ သံဃာမိခင်ဘွဲ့ အပ်နှင်းခြင်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး။

အဲ့ဒါအပြင် မြန်မာပြည်တနံတလျှားမှာ မှီတင်းနေထိုင်ကြတဲ့ ဖိနှိပ်မှုကို လက်မခံလိုတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများသာမက၊ တိုင်းပြည်ကဆင်းရဲနုံခြာနေလို့ ရေကြည်ရာမြက်နုရာ ကမ္ဘာ အနှံ့အပြားမှာ ပြန့်ကျဲရောက်ရှိ နေကြရတဲ့ မြန်မာနိုင်ငံသားအများစုရဲ့ စိတ်နှလုံးမှာ တညီတညွတ်ထဲ အားကိုးလေးစား စံထားယုံမက အမေခေါ်ခြင် အမေတော်ခြင်သူတွေ ဒုနဲ့ဒေး ရှိတာမို့ လူသန်းပေါင်း (၅၀) ရဲ့ မိခင်ကြီးလို့တင်စားရင်လည်း မမှားနိုင်ပါဘူး။

ဒါကြောင့် အဲ့ဒီလို ကျော်ဇောသတင်းဂုဏ်ရှိန်ပြင်းတဲ့အပြင် သီလဂုဏ် ပညာဂုဏ်၊ သမာဓိဂုဏ်၊ တွေနဲ့ ပြည့်စုံယုံမက လူသာမန်တွေမပြုနိုင်တဲ့ စာဂ - အများအတွက် စွန့်လွှတ်အနစ်နာခံမှုတွေ နှစ်ရှည်လများပြုခဲ့သလို၊ အဖိနှိပ်ခံပြည်သူတွေရဲ့ လွတ်မြောက်မှုဖက်က ပြတ်ပြတ်သားသား ရပ်တည်နေတဲ့ ဒေါင်းမိခင်ကြီးဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ)ကို အခုလာမယ် နိုဝင်ဘာ(၈) ရက်နေ့အထွေထွေ ရွေးကောက်ပွဲကြီးမှာ သမိုင်းတခေတ်ပြောင်းအောင် ယုံယုံကြည်ကြည် ရဲရဲဝံ့ဝံ့နဲ့မဲပေးခြင်းဟာ အမိမြန်မာနိုင်ငံတော်ကြီး ကို ကျေးဇူးဆပ်ရာရောက်သလို၊ စစ်အာဏာရှင်စနစ်က လွတ်မြောက်အောင် ကယ်တင်ရာလည်း ရောက်ပါကြောင်း အချိန်မနှောင်းခင် မြန်မာနိုင်ငံသားအပေါင်းကို အောက်ပါ ကဗျာလေးနဲ့ ထပ်လောင်း တိုက်တွန်းလိုက်ပါရစေတော့။

“ဒေါင်းနိုင်ငံသစ်”

v မောင်းတီးသမို့…. လူစုပြီ
v ဒေါင်းစီးလို့…. လူထုချီ
v ပေါင်းစည်းစို့ …. ညီညွတ်မည်
v ကောင်းချီးပို့ …. မြန်တိုင်းပြည်
v ဒေါင်းတီ … ဒေါင်းတွတ်
v ဒေါင်းမြစ် … ဒေါင်းမြေး
v ဒေါင်းသွေး … ဒေါင်းသား
v ဒေါင်းသမီး … ဒေါင်းအရီး
v ဒေါင်းပျို … ဒေါင်းအို
v ဒေါင်းကလေး … ဒေါင်းထွေး
v ဒေါင်းဘီ … ဒေါင်းဘေး
v ဒေါင်းဘိုး … ဒေါင်းဘွား
v ဒေါင်းတရားနဲ့ မွှမ်းထုံသီ
v ဒေါင်းမျိုးဆက်တို့… အားမာန်ချီ
v ဒေါင်းကမ္ဗည်းသစ် … ထွင်းဖို့ ရည်
v ဒေါင်းရထားကြီး … ထွက်တော့မည်
v ဒေါင်းဘုရင်မ … လမ်းပြသည်
v လိုက်မှာလားကွဲ့  … ဒေါင်းတခေတ်ဆီ
v ဒေါင်းနိုင်ငံသစ် … တည်နေပြီ ။ ။

မင်းကောင်းချစ်
အောက်တိုဘာ (၁၇) ရက် ၂၀၁၅ ခုနှစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013