DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းများ ကိုကိုးကျွန်းမဲဆွယ်ခရီး သွားခွင့်ရပြီ
DVB
·
October 20, 2015
အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းများ ကိုကိုးကျွန်းမဲဆွယ်ခရီး သွားခွင့်ရပြီ
1 / 4
Donate to DVB

ရွေးကောက်ပွဲကျင်းပဖို့ သီတင်း ၂ ပတ်ကျော်သာလိုတော့တဲ့အချိန်အထိ မဲဆွယ်စည်းရုံးခွင့် မရသေးတဲ့ အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေ ဒီကနေ့ အောက်တိုဘာ ၂၀ရက်မှာ တော့ ကိုကိုးကျွန်းကို ခရီးသည်သင်္ဘောနဲ့ ထွက်ခွာခွင့်ရသွားပြီဖြစ်ပါတယ်။

ရန်ကုန် သာကေတ PT Power ဆိပ်ကမ်းကနေ ကိုကိုးကျွန်းကို ထွက်ခွာမယ့် Charites ခရီးသည်တင်သင်္ဘောပေါ်ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက “လောလောဆယ်သင်္ဘောတော့ မထွက်သေးဘူး။ သင်္ဘောပေါ်မှာပဲ ရေကြောင်း ပို့ဆောင်မှု ညွန်ကြားမှု ဦးစီးဌာနက စီစဉ်တဲ့ သင်္ဘောလို့ သိရပါတယ်။ ရန်ကုန်ကိုကိုးကျွန်းကို ကုန်တင်သင်္ဘောကြီးကို ခရီးသည်တင်သင်္ဘောအဖြစ် လိုင်စင်ပြောင်းပြီးတော့ ရန်ကုန် ကိုကိုးကျွန်းကို ပထမဦးဆုံးခရီးသည်တင်ပြီးတော့ ပြေးဆွဲတဲ့ သင်္ဘောပါ။ တကြိမ်တခါမှ ခုလို ကိုကိုးကျွန်းကို ခရီးသည်တင်ပြီးတော့ အစိုးရက ပြေးဆွဲပေးတဲ့ အစီအစဉ် မရှိခဲ့ဖူးပါဘူး။ ဗမာပြည်သမိုင်းမှာ ဒါပထမဦးဆုံး သင်္ဘောခရီးစဉ်ဖြစ်တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ကိုကိုးကျွန်းမြို့နယ်ကို သွားရောက်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မဲဆွယ်စည်းရုံးအဖွဲမှာ ကိုယ်စားလှယ်လောင်းတွေ အပါအ၀င် ၁၄ ဦးလိုက်ပါသွားသလို အမျီုးသား ဒီမိုကရေစီပါ တီသစ်က ကိုယ်စားလှယ်လောင်းတွေလည်းလိုက်ပါသွားပါတယ်။

လေကြောင်းလိုင်းနဲ့ ခရီးသည်တင်သင်္ဘောလိုင်းမရှိတဲ့ ကိုကိုးကျွန်းဒေသကို ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ရေတပ်ကာကွယ်ရေးဦးစီးချုပ် (အငြိမ်းစား) သူရ ဦးသက်ဆွေကတော့ လေယာဉ်နဲ့ သွားရောက်ပြီး မဲဆွယ်စည်းရုံးခွင့်ရခဲ့ပြီး အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေကတော့ တိုင်းအစိုးရရဲ့ခွင့်ပြုချက်မရလို့ သွားခွင့်မရဘဲရှိနေတာပါ။
ဒီကိစ္စနဲ့ပတ်သက်လို့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေက သက်ဆိုင်ရာဌာန ၅ ခုကို စာတင်ထားခဲ့သလိုပြီးခဲ့တဲ့ သီတင်းပတ်က ရန်ကုန်မှာ မီဒီယာတွေကို တွေ့ဆုံရှင်းလင်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

ခုချိန်မှာမှ မဲဆွယ်စည်းရုံးခရီးထွက်ခွာခွင့်ရတဲ့ပေါ် အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက “သွားခွင့်ရတဲ့အပေါ်မှာ ကျနော်တို့ ကျေးဇူးမတင်ပါဘူး။ နောက်တောင်ကျနေပါပြီ။ မြိုတမြို့လို့ တည်ဆောက်ထားရင် လမ်းပန်းဆက်သွယ်ရေးတာဝန်ယူရမှာ အစိုးရတာဝန်ပါ။ ဒီ ၂၀၁၅ မြန်မာပြည်သမိုင်း အပြောင်းအလဲ ရွေးကောက်ပွဲကြီးမှာ တခြားပြိုင်ဘက်ပါတီတွေက ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံးခွင့် အပြည့်အ၀ရခဲ့တယ်။ ကျနော်တို့က မဲဆွယ်စည်းရုံးခွင့် ၂ ပတ်ခန့်သာ ရရှိမှာဖြစ်ပါတယ်။ ကျနော်တို့ကတော့ မဲဆန္ဒရှင် ၁၅၀၀ လောက်ရှိတယ်ဆိုတဲ့အတွက် နယ်မြေဒေသကိုလည်း မရောက်ဘူးသေးဘူး။ တပ်မတော်ရေတပ်အင်အားလည်း များတယ်။ ၀န်ထမ်းတွေလည်းရှိတယ်။ ကန့်သတ်နယ်မြေတွေလည်း များနေတဲ့အတွက် ဒေသရောက်မှ နယ်မြေအနေအထားအရ မဲဆွယ်စည်းရုံးဆောက်ရွက်ရမှာဖြစ်တယ်”လို့ပြောပါတယ်။

စစ်တပ်ရဲ့ အမာခံနယ်မြေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမဲဆန္ဒနယ်မှာ အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော်မှာ ဦးဝင်းမင်း၊ တိုင်းဒေသကြီး အမှတ် ၁ မဲဆန္ဒနယ် မှာ ဦးကျော်သူ၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၂ မဲဆန္ဒနယ်မှာ ဦးဝင်းကိုကိုဝင်းနဲ့ အမျိုးသား လွှတ်တော်မှာ ဦးကျော်ထွေးတို့ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013