DVB Logo
Home
မြန်မာသတင်း
နေပြည်တော် အန်အယ်လ်ဒီ မဲဆွယ်သူများ ဆိုင်ကယ်ဖြင့် တိုက်ခိုက်ခံရ
DVB
·
October 19, 2015
နေပြည်တော် အန်အယ်လ်ဒီ မဲဆွယ်သူများ ဆိုင်ကယ်ဖြင့် တိုက်ခိုက်ခံရ
Donate to DVB

နေပြည်တော်ကောင်စီနယ်မြေ ဒဏ္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ဇီးဖြူကုန်းရွာမှာ အန်အယ်လ်ဒီပါတီ မဲဆွယ်စည်းရုံးရေး သွားသူတွေကို ဆိုင်ကယ်နဲ့ တိုက်ခိုက်မှု အောက်တိုဘာ ၁၈ ရက်က ဖြစ်ပွားပြီး အန်အယ်လ်ဒီပါတီဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။

လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်ကို ထောက်ခံတဲ့ ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးနဲ့ ညီမဖြစ်သူတို့က ဆိုင်ကယ်နဲ့ ၀င်တိုက်ခဲ့တာလို့ ဒဏ္ခိဏသီရိမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းက ပြောပါတယ်။

“ကိုစိုးမင်းအောင်က ဆိုင်ကယ်ကို အကြမ်းစီးပြီးတော့ ကျနော်တို့ထဲကလူကို ဆိုင်ကယ်နဲ့ ၀င်ပွတ်တိုက်စီးသွားတယ်။ နောက်တကြိမ်တိုက်တာကတော့ သူ့ညီမ မမြင့်မြင့်စိုး၊ ရည်ရွယ်ချက်ရှိရှိနဲ့ကို တိုက်တာ၊ မျက်နှာချင်းဆိုင်ကနေ လမ်းပြောင်းပြန်မောင်းပြီးတော့ တိုက်တာ၊ ဒဏ်ရာလည်း  ပိုပြင်းတယ်၊ နောက်တခါ တိုက်တာက။"

ဆိုင်ကယ်နဲ့တိုက်မိတဲ့အတွက် စည်းရုံးရေးခရီးမှာ လိုက်ပါခဲ့ကြတဲ့ အန်အယ်လ်ဒီအဖွဲ့ဝင် ၂ ဦး လက်မောင်းနဲ့ ပခုံးတို့မှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြပြီး ဆေးကုသမှု ခံယူနေကြရပါတယ်။

အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ထွန်းကတော့ ဆိုင်ကယ်နဲ့ တိုက်ခိုက်ခဲ့ကြတဲ့ ပြည်ခိုင်ဖြိုးရပ်ကျေးစည်းရုံးရေးမှူး ကိုစိုးမင်းအောင်နဲ့ ညီမဖြစ်တဲ့ မမြင့်မြင့်စိုးတို့ ၂ ဦးကို ဇီးဖြူကုန်းရဲစခန်းမှာ ပုဒ်မ ၃၃၆၊ ၃၃၇၊ ၅၀၆၊ ၁၈၆ တို့နဲ့ အမှုဖွင့်ထားပြီး ရဲစခန်းကလည်း အမှုလက်ခံထားပါတယ်။

ဒဏ္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေး အပါအ၀င် ပါတီ ၃ ခုက ကိုယ်စားလှယ် ၃ ဦး ၀င်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မြို့နယ်အတွင်း မဲပေးနိုင်သူပေါင်း ၁၇၀၀၀ ခန့်နဲ့ မဲရုံပေါင်း ၁၅ ခု ရှိပါတယ်။

ဒီမြို့နယ်ထဲမှာ ရပ်ကွက် ၂ ခု၊ ကျေးရွာပေါင်း ၂၈ ရွာရှိပြီး ပြည်သူအများစုဟာ လက်လုပ်လက်စား အခြေခံလူတန်းစားတွေ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013