DVB Logo
Home
မြန်မာသတင်း
ဘာသာရေး ပဋိပက္ခဖြစ်စေမည့် အပြောအဆိုမျိုးဖြင့် မဲဆွယ်စည်းရုံးခဲ့ခြင်းမရှိဟု ဒေါ်စုပြော
DVB
·
October 18, 2015
ဘာသာရေး ပဋိပက္ခဖြစ်စေမည့် အပြောအဆိုမျိုးဖြင့် မဲဆွယ်စည်းရုံးခဲ့ခြင်းမရှိဟု ဒေါ်စုပြော
1 / 4
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေမယ့် အပြောအဆိုမျိုးနဲ့ မဲဆွယ်စည်းရုံးခဲ့တာ လုံးဝမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ရခိုင်ပြည်နယ် ဂွမြို့နယ် သိမ်ကုန်းဇာတ်ရုံကွင်းမှာ ဒီနေ့ မနက်ပိုင်း ပြုလုပ်တဲ့ ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခဲ့တာ မရှိပါဘူး။ ဘယ်အဖွဲ့အစည်းကိုမှ မမှန်မကန်တဲ့ နည်းတွေနဲ့ အဆင့်မရှိတဲ့နည်းတွေနဲ့ တိုက်ခိုက်ခဲ့တာ မရှိပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တရားဥပဒေနဲ့ မကိုက်ညီတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေမယ့် အပြောအဆိုတွေနဲ့ စည်းရုံးခဲ့တာလည်း လုံးဝ မရှိခဲ့ပါဘူး။ ကျမတို့အနေနဲ့ ဘယ်သူ့ကို တိုက်ခိုက်၊ ဘယ်အဖွဲ့အစည်းကိုမှ တိုက်ခိုက်တဲ့ စာရွက်စာတမ်းတွေကို အမည်မခံဘဲနဲ့ ဖြန့်ဝေခဲ့တာမျိုးလည်း မရှိခဲ့ပါဘူးလို့ ကျမ ပြောချင်ပါတယ်။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်ကို မဲမပေးစေချင်လို့ နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်နေမှုတွေကိုလည်း မကြောက်ကြဖို့နဲ့ သတိရှိကြဖို့ ပြောကြားခဲ့ပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲမပေးစေချင်လို့ နည်းအမျိုးမျိုးနဲ့ ခြောက်နေတိုင်းလည်း မကြောက်ပါနဲ့လို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။ ဒါပေမယ့် ဆက်ပြောရမယ်ဆိုရင် မကြောက်ပဲလည်း မနေပါနဲ့။ မကြောက်ပဲလည်း မနေပါနဲ့ဆိုတာက ဒီလိုခြိမ်းခြောက်မှုတွေရှိရင် ကိုယ့်ဘက်က သတိဆိုတာ ရှိရမယ်။ ခြိမ်းခြောက်မှုတွေရှိရင် ခြိမ်းခြောက်တဲ့သူတွေက ဘာကိုရည်ရွယ်သလဲ၊ ဘာတွေများ လုပ်မလဲဆိုတဲ့ သတိဆိုတာ ရှိရမယ်။ အဲဒီတော့ အခုအချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲမပေးရဲအောင် ခြိမ်းခြောက်နေတဲ့ ပုဂ္ဂိုလ်တွေက ဘယ်လိုပုံစံနဲ့ မဲမသမာမှုတွေဖြစ်အောင်များ လုပ်မလဲဆိုတဲ့ သတိတော့ ရှိကြပါလို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ်  အောက်တိုဘာ ၁၆ ရက်နေ့က စတင်ပြီး ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်နဲ့ ဂွမြို့နယ်တွေမှာ လှည့်လည်ဟောပြောစည်းရုံးနေတာပါ။

ဓာတ်ပုံ - အိမမမွန်

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013