
ယူကရိန်းလက်နက် တချို့ ဘယ်လောက်မြန်မြန်သွားနိုင်မလဲနဲ့ SpaceX ရဲ့ Starlink အင်တာနက် ကွန်ရက်နဲ့ ဆက်လက်ချိတ်ဆက်နိုင်မလဲဆိုတဲ့အပေါ် ကန့်သတ်လာမှုတွေရဲ့ နောက်ကွယ်မှာ အမေရိကန်အစိုးရရှိနေနိုင်တယ်လို့ အီလွန်မက်စ်က အောက်တိုဘာ ၁၄ ရက်မှာ ပြောပါတယ်။
အောက်တိုဘာ ၁၃ ရက်ညက စတင်ခဲ့တဲ့ ကန့်သတ်ချက်ကြောင့် ၁ နာရီကို ကီလိုမီတာ ၁၆၀ ထက် ပိုမြန်မြန်ပျံသန်းတဲ့ ဒရုန်းတွေ Starlink နဲ့ ချိတ်ဆက်မှု ပြတ်တောက်ခဲ့ပါတယ်။
ကြိုတင်သတိပေးချက်မရှိတဲ့ ဒီကန့်သတ်မှုကြောင့် စစ်ဆင်ရေးတချို့ ပျက်ပြားခဲ့တယ်လို့ ယူကရိန်း ဘက်က ပြောပါတယ်။ ရုရှားရဲ့ မြန်နှုန်းမြင့်ဒရုန်းတွေကို ကြားဖြတ်ပစ်ချရာမှာလည်း အခက်အခဲ ဖြစ်စေခဲ့ပါတယ်။
အောက်တိုဘာ ၁၄ ရက် ညနေပိုင်းမှာ ချိတ်ဆက်မှုတချို့ ပြန်ရခဲ့တယ်လို့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဟောင်း မီခိုင်လို ဖက်ဒရော့ဗ်က ပြောပါတယ်။
ယူကရိန်းကာကွယ်ရေးအတွက် စစ်ဘက်သုံး Starshield စနစ်ရဲ့ မြန်နှုန်းကန့်သတ်ချက်တွေကို လုံးဝဖယ်ရှားပေးဖို့လည်း သူက တောင်းဆိုပါတယ်။
မက်စ်ကတော့ Starlink နဲ့ ဆက်စပ်တဲ့ Starshield စနစ်ကို အမေရိကန်အစိုးရက ပိုင်ဆိုင်ပြီး ထိန်းချုပ်ထားတယ်လို့ ရှင်းပြပါတယ်။
“မြန်နှုန်းနဲ့ အသုံးပြုမှုဆိုင်ရာ ကန့်သတ်ချက်မှန်သမျှကို အမေရိကန်စစ်ဘက်နဲ့ နောက်ဆုံးမှာ သမ္မတ က ဆုံးဖြတ်ပါတယ်” လို့ သူက X မှာ ရေးသားထားပါတယ်။
အရပ်ဘက်သုံး Starlink ကိုတော့ ကာကွယ်ရေးအတွက် သုံးနိုင်ပေမဲ့ ထိုးစစ်ဆင်ဖို့ အသုံးမပြုရဘူး လို့ မက်စ်က ပြောပါတယ်။ အမေရိကန်အဆင့်မြင့်အရာရှိ တယောက်ကတော့ ဒီကန့်သတ်မှုတွေမှာ အစိုးရ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ပြောကြောင်း Axios သတင်းဌာနက ဖော်ပြပါတယ်။
Source:Reuters











