
သမ္မတ ဦးသိန်းစိန်ဟာ ကယားပြည်နယ် ဖားဆောင်းမြို့နယ်က မော်ချီးသဘာဝဘေးဒဏ်ခံနေရတဲ့ ပြည်သူတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး လုံခြုံတဲ့ နေရာကို ပြောင်းရွှေ့ပေးမယ်လို့ ပြောကြားလိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန် နဲ့ တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဟာ အောက်တိုဘာလ ၁၆ ရက်နေ့က ကယားပြည်နယ် ဖားဆေင်းမြို့နယ်က မြေပြိုမှုဒဏ်ခံနေရတဲ့ မော်ချီးမြို့ကို သွားရောက်ခဲ့ပါတယ်။
သဘာဝဘေးဒဏ်ခံနေရတဲ့ ပြည်သူတွေ ယာယီစခန်းချထားတဲ့ လိုခါးလို ကျေးရွာက နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေအတွက် ကူညီကယ်ဆယ်ရေးတွေနဲ့ ပြန်လည်ထူထောင်ရေးကို အစိုးရရဲ့ ပံ့ပိုးမှုတွေနဲ့ ဆောင်ရွက်ဖို့ သမ္မတဦသိန်းစိန်က ပြောကြားလိုက်ပါတယ်။
“အခုလိုစောင်းမှာ ဆောက်ပြီးနေမယ်ဆိုရင် စိတ်မချရဘူး၊ အခုတကြိမ် အသက်အန္တရာယ်က လွတ်သွားပေမယ့် နောက်တကြိမ်တော့ လွတ်ချင်မှလွတ်မယ်။ လုံခြုံတဲ့နေရာတခုကို ဝန်ကြီးကနေတဆင့် ရွှေ့ပေးမယ်။ ထိုက်သင့်တဲ့ အိမ်တွေကိုလည်း ဝိုင်းပြီးဆောက်ပေးမယ်” လို့ ပြောပါတယ်။
ရပ်ဝေးက လာရောက်အလုပ်လုပ်နေတဲ့ အလုပ်သမားတွေအတွက် နေရပ်ပြန်နိုင်အောင် ကူညီပေးသွားမှာဖြစ်သလို အခုလို သဘာဝဘေးဒဏ်ခံစားနေရတဲ့ ဒေသခံတွေအနေနဲ့ စိတ်အားမငယ်ဖို့လည်း အားပေးစကားပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြေပြိုမှုဒဏ် ခံစားရတဲ့သူတွေအတွက် တပ်မတော်က ကယ်ဆယ်ရေးအကူညီတွေ ပေးခဲ့သလို ဆက်လက်ပြီးတော့ မော်ချီးမြို့တည်မြဲဖို့ အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။
“ရေရှည်တည်တန့်ခိုင်မြဲတဲ့ မော်ချီးမြို့ကို မြင်ချင်ပါတယ်။ မော်ချီးမြို့ မြေပုံကနေ ပျောက်သွားတယ်ဆိုတာကို မမြင်ချင်ဘူး။ ဒီလိုမဖြစ်အောင် ဒေသခံ အာဏာပိုင်နဲ့ ပြည်သူတွေ ပူးပေါင်းလုပ်ဆောင်ကြပါလို့ မေတ္တာရပ်ခံပါတယ်။ ကျနော်တို့ဘက်ကလည်း နိုင်သလောက်ကူညီပေးပါမယ်။”
မြေပြိုမှုတွေ ဖြစ်ပွားနေတဲ့ မော်ချီးသတ္တုတွင်းတွေကို အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားလိုက်ပါတယ်။
မိုးရွာပြီး မြေပြိုမယ့် အန္တရာယ်တွေကြောင့် အခုလို ရပ်ဆိုင်းလိုက်တာလို့ မော်ချီးဒေသ လိုခါးလိုရွာ တာဝန်ရှိသူတဦးက ပြောပါတယ်။
မော်ချီးဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် အောက်တိုဘာ ၁၁ ရက်နေ့က မြေပြိုမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူ ၂၈ ဦးထက်မနည်း သေဆုံးသွားခဲ့ပါတယ်။
မော်ချီးဒေသ တောင်ပေါ်၊ ဇီးပင်ကွေ့၊ ၁၃ ကုန်းက မြေပြိုမှုကြောင့် အိမ်ခြေ ၅၀ ကျော် မြေ ဖုံးလွှမ်းခဲ့ပြီး တချို့အိမ်တွေကတော့ တိမ်းစောင်းသွားခဲ့ရပါတယ်။
မြေပြိုမှုကြောင့် အဲဒီဒေသက ပြည်သူ ၁၄၀၀ လောက်ဟာ လိုခါးလို ဘုရားကျောင်း၊ လိုခါးလို အလယ်တန်းကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြရပါတယ်။ လက်ရှိမှာလည်း ပြန်လည်ထူထောင်ရေး အကူအညီတွေ အများအပြားလိုအပ်နေပါတယ်။
ဓာတ်ပုံ - Senior General Min Aung Hlaing











