DVB Logo
Home
မြန်မာသတင်း
မြေပြိုမှုကြောင့် မော်ချီးသတ္တုတွင်းများ အကန့်အသတ်မရှိ ရပ်ဆိုင်းထား
DVB
·
October 16, 2015
မြေပြိုမှုကြောင့် မော်ချီးသတ္တုတွင်းများ  အကန့်အသတ်မရှိ ရပ်ဆိုင်းထား
Donate to DVB

မြေပြိုမှုတွေ ဖြစ်ပွားနေတဲ့ ကယားပြည်နယ် ဖာဆောင်းမြို့နယ် မော်ချီးဒေသက သတ္တုတွင်းတွေကို အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားလိုက်ပါတယ်။

မိုးရွာပြီး မြေပြိုမယ့် အန္တရာယ်တွေကြောင့် အခုလို ရပ်ဆိုင်းလိုက်တာလို့ မော်ချီးဒေသ လိုခါးလိုရွာ တာဝန်ရှိသူတဦးက ပြောပါတယ်။

“အင်းဟုတ်တယ်။ ကျင်းအားလုံး ပိတ်ထားတယ်။ အဓိကကတော့ မိုးရွာပြီး မြေတွေ ဆက်ပြိုနိုင်မယ့် အန္တရာယ်တွေကြောင့် ပိတ်ထားတယ်။ ရက်အကန့်အသတ်မရှိသေးဘူး။ ”

လွိုင်ကော်မှာရှိတဲ့အမှတ် ၂ သတ္တုတွင်းရုံးကို မေးမြန်းရာမှာတော့ တာဝန်ကျ အရာရှိ ဒေါ်သိန်းသိန်းက “အခုက ပြည်နယ်က နေပိတ်တာရှင့်။ ကျမတို့ သတ္တုတွင်းကတော့ အမိန့် မထွက်သေးဘူး။ သတ္တုတွင်းက သူတို့ သွားကြည့်ဦးမယ်လေ။ လုပ်ကွက်စစ်ဆေးဦးမှာပေါ့။ တိတိကျကျမှ သူတို့ပိတ်လို့ရမှာပေါ့။ ပိတ်တယ်ဆိုရင်လည်း လုံးဝ ပိတ်တာမဟုတ်ပါဘူး။ ခဏနားမှာပါ။ ဘာလို့လဲဆိုတော့ ခဲထွက်နေတာကိုး။ အန္တရာယ်ကင်းတဲ့အချိန်အထိတော့ နားမှာပေါ့။ အန္တရာယ်ကင်းပြီဆိုရင်တော့ ပြန်လုပ်မှာပေါ့” လို့ ပြောပါတယ်။

မော်ချီးဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အောက်တိုဘာ ၁၁ ရက်နေ့က မြေပြိုမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မြေပြိုမှုကြောင့် လူ ၂၈ ဦးထက်မနည်း သေဆုံးသွားခဲ့ပါတယ်။

မော်ချီးဒေသ တောင်ပေါ်၊ ဇီးပင်ကွေ့၊ ၁၃ ကုန်းက မြေပြိုမှုကြောင့် အိမ်ခြေ ၅၀ ကျော် မြေ ဖုံးလွှမ်းခဲ့ပြီး တချို့အိမ်တွေကတော့ တိမ်းစောင်းသွားခဲ့ပါတယ်။

မြေပြိုမှုကြောင့် အဲဒီဒေသက ပြည်သူ ၁၄၀၀ လောက်ဟာ လိုခါခါလို ဘုရားကျောင်း၊ လိုခါးလို အလယ်တန်းကျောင်း နဲ့ ဘုန်းကြီးကျောင်းတွေမှာ အိုးအိမ်စွန့်ခွာ သွားရောက်ခိုလှုံနေကြရ ပါတယ်။

လက်ရှိမှာလည်း ပြန်လည်ထူထောင်ရေးအကူအညီတွေ အများအပြားလိုအပ်နေသေးပြီး ပျောက်ဆုံးနေတဲ့ သူတွေ ပြန်လည်ထူးဖော်နိုင်ခြင်းမရှိသေးတာလည်းရှိပါတယ်။

လက်ရှိမှာတော့ အစိုးရက ကယ်ဆယ်ရေးအဖွဲ့တွေစေလွှတ်ကူညီမှုတွေရှိသလို လူမှုကူညီရေး အဖွဲ့တွေလည်း အဲဒီဒေသကို သွားရောက်ကူညီမှုတွေရှိနေပါတယ်။

မော်ချီးသတ္တုတွင်းဟာ ၁၈၃၀ ခုနှစ်အစောပိုင်းက ဒေသခံတွေက သတ္တုတွေ တူးဖော်ပြီး တောင်ငူဘက်ကို အရောင်းအ၀ယ်လုပ်ဆောင်ခဲ့ရာကနေ ၁၈၃၀ ခုနှစ်ကနေ ၁၉၄၂ ခုနှစ်အထိ ဗြိတိန်အစိုးရက မော်ချီးသတ္တုတွင်းကို စီမံလုပ်ကိုင်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်အတွင်းမှာတော့ ဂျပန်တပ်က စီမံလုပ်ကိုင်ခဲ့ပါတယ်။

ဂျပန်က စစ်ရှုံးပြီးနောက်ပိုင်း ဗြိန်တိန်အစိုးရ ပြန်လည်ချုပ်ကိုင်ခဲ့ပြီး ၁၉၅၂ ခုနှစ်ကနေ အခုအချိန်ထိကတော့ မြန်မာအစိုးရက စီမံလုပ်ဆောင်နေတဲ့ သတ္တုတွင်းဖြစ်ပါတယ်။

လက်ရှိမှာတော့ အမှတ် ၂ သတ္တုတွင်းဝန်ကြီးဌာနလက်အောက်မှာ သတ္တုတူးဖော်ရေး လုပ်ငန်းဆောင်ရွက်နေတဲ့  ကုမ္ပဏီ ၉ ခု ရှိပြီး ကုမ္ပဏီကနေဆင့် ကျင်းစားအဖြစ် ဆောင်ရွက်သူ ထောင်ချီရှိနေပါတယ်။

သတ္တုတွင်းစတင်တဲ့ ၁၈၃၀ ကနေ အခု ၂၀၁၅ အထိ ကြီးမားတဲ့ မြေပြိုမှု ၃ ခုဖြစ်ပွားခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေအရသိရပါတယ်။ အကြီးမားဆုံး မြေပြိုမှုတွေကတော့ ၁၉၇၆ မှာ တကြိမ်၊ ၁၉၈၄ မှာတကြိမ်နဲ့ အခု ၂၀၁၅ အောက်တိုဘာလ ၁၁ ရက်နေ့မှာ တကြိမ် ဖြစ်ပွားခဲ့တာလို့ လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013