DVB Logo
Home
Lead Story
လူလားမူလား
DVB
·
October 16, 2015
လူလားမူလား
Donate to DVB

လွန်ခဲ့သော ၈ဝ ခုနှစ်များက စာပေလောကတွင် စာပေသဘောတရား အငြင်းအခုံများ ဖြစ်ခဲ့ဖူးသည်။ ထိုဖြစ်ပေါ်မှုများမှာ ၈ဝ ခုနှစ်များကသာမက လွန်ခဲ့သော ၆ဝ ခုနှစ်ကလည်း ဖြစ်ခဲ့ဖူးသည်။ ထိုသည်မှာ ဗီဇနဲ့ ပတ်ဝန်းကျင် ပြဿနာဖြစ်၏။ ထိုစဉ်က နာမည်ကြီးခဲ့သော ခေါက်ထီးကလေး မလုံ့တလုံဆိုသော စာအုပ်အပေါ် ဝေဖန်ငြင်းခုံချက်များ ပေါ်လာသည်။ ကိုယ်ကျင့်တရား ပျက်ပြားမှုသည် ဗီဇကြောင့်ဟု စာရေးဆရာတချို့က မိမိတို့သိသမျှ၊ အတွေ့အကြုံများနဲ့ တင်ပြလာကြသလို နိုင်ငံရေး အတွေးအခေါ်ရှိသော စာရေးဆရာတချို့ကမူ ပတ်ဝန်းကျင်ကြောင့်ဟု ခြေခြေမြစ်မြစ် ထောက်ပြခဲ့ကြပါသည်။ မိန်းကလေးတယောက် သို့မဟုတ် မိန်းကလေးတစု ဝါသနာအရ လျှပ်ပေါ်လော်လီကာ ပျက်စီးလာကြသလား။ ထိုသို့မဟုတ်ဘဲ မိမိ မိသားစု ဝမ်းရေးအတွက် ကိုယ်ခန္ဓာ ရောင်းစားကာ ပျက်စီးလာကြသလား ဆိုသည်မှာ ယခုလို ကျပ်တည်းသော အခြေအနေမျိုးတွင် အဖြေမှာ ရှင်းလင်းစွာ ပေါ်လာပါတော့သည်။

နောက်ထပ် နိုင်ငံရေးလောကတွင် ဆွေးနွေးကြ၊ ငြင်းခုံကြသည့် ပြဿနာမှာ လူနဲ့မူ ပြဿနာဖြစ်၏။ လူကြောင့်လား၊ မူကြောင့်လားဆိုသည် ဖြစ်ပါသည်။ နိုင်ငံရေးပါတီတရပ်၊ အစိုးရအဖွဲ့တဖွဲ့ Institution တခု၏ လုပ်ငန်းစဉ်များ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းမှာ လူတော်၍ အောင်မြင်သွားသည်လား၊ မူကောင်း၍ အောင်မြင်သွားသည်လား။ မူညံ့၍ မအောင်မြင်ခြင်းလား။ လူလျှော်၍ မအောင်မြင်ခြင်းလား ဆိုသည်ကို ဆွေးနွေး ငြင်းခုံကြလေသည်။ အသိဉာဏ်ပညာ ရှိသူများကမူ “မူ” သာလျှင် အဓိကဖြစ်သည်ကို သဘောပေါက် နားလည်ကြလေသည်။ လမ်းစဉ်မှန်လျှင် မှန်သလို အောင်မြင်ကြသလို လမ်းစဉ်မှားလျှင် မှားသလို ကျရှုံးကြသည်ကို နိုင်ငံရေးပါတီများက သက်သေပြခဲ့ပြီးဖြစ်သည်။ ၆၂ အာဏာသိမ်း စစ်ကောင်စီက တိုင်းပြည်တိုးတက်ဖို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ဆိုသည်ကို ချမှတ်လေသည်။ ယခင်က ညီညွှတ်ရေး ပြိုကွဲခြင်းများ၊ တိုင်းပြည်မတိုးတက်ခြင်းများမှာ မူကြောင့်ဖြစ်သည်ဟုဆိုကာ အညမည သဘောတရားနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ချမှတ်လိုက်တော့သည်။ လူထုနဲ့ကင်းကွာပြီး လူတစုက လက်တွေ့မကျသော မူကို ချလိုက်ခြင်းဖြစ်၏။ စစ်အာဏာရှင် ဗိုလ်နေဝင်းနဲ့ လူတစု၏ လက်တွေ့မကျသော စိတ်ကူးယဉ်မူကို ချလိုက်သောကြောင့် တိုင်းပြည်မှာ ဖွတ်ကျောပြာစု၊ ခရုဆံကျွတ် ဖြစ်သွားရလေတော့သည်။ ထို့ကြောင့် မူလား၊ လူလားဆိုသည့် ပြဿနာမှာ ထိုအချိန်ကတည်းက နိုင်ငံရေးလောကတွင် ငြင်းခုံစရာ ဖြစ်လာ၏။ လူက တော်ပါသည်။ မူက မှားနေသောကြောင့် ဖြစ်သည်ဟုဆို၏။ မူက ကောင်းပါသည်။ လူက အခွင့်အရေးသမား ပျက်ပြားသူများ ဖြစ်သောကြောင့် မအောင်မြင်ရခြင်းဖြစ်သည်ဟု ဆိုကြသည်။ အမှန်မှာ မူကိုက မကောင်းသောကြောင့် အကျိုးဆက် ခံစားရခြင်းဖြစ်သည်။ မဆလခေတ်တွင်မူ မူကလည်း မှား၊ လူကလည်း စစ်အာဏာရှင်များ ဖြစ်သောကြောင့် လူလည်းမှား၊ မူလည်းမှားပြီး တိုင်းပြည် ချောက်ထဲ ထိုးကျခဲ့ရလေသည်။ ၈၈ အာဏာသိမ်းစစ်ကောင်စီ  ခေတ်တွင်မူ ဘာမူမှလည်း မရှိ၊ လူကလည်း ပျက်၊ အုပ်ချုပ်ရေးလည်း မှားနေသောကြောင့် ချောက်ထဲချနေသော တိုင်းပြည်သည် ထို့ထက်နက်သော အမှောင်ထဲသို့ တိုး၍ တိုး၍ ကျသွားရလေတော့သည်။

အရေးကြီးသည်မှာ မူမှန်ဖို့လိုသလို လူလည်းကောင်းဖို့ လိုပါသည်။ မူမှန်ပြီး အခွင့်အရေးသမားများ၊ လူညံ့များ၊ လူလျှော်များကိုသာ အသုံးပြုထားလျှင် မူမှာလည်း ပျက်သွားပေမည်။ နိုင်ငံရေးပါတီများလည်း ထိုအတိုင်းပင်၊ ပါတီကောင်းသော်လည်း လူညံ့၊ လူလျှော်များ၊ လူအပုပ်အသိုးများဖြင့် ဆက်သွားနေလျှင်မူ ထိုပါတီမှာ ရည်မှန်းချက် ပန်းတိုင်ကို ဘယ်တော့မှ ရောက်မည်မဟုတ်ပေ။ ရွေးကောက်ပွဲ  အောင်နိုင်ရေးတွင် လူကြောင့်၊ မူကြောင့် ဆိုသော ပြဿနာ၊ ပါတီကြောင့်၊ လူကြောင့်ဆိုသော ပြဿနာ မြန်မာနိုင်ငံ ရွေးကောက်ပွဲ သမိုင်းတွင် ပြသပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ပါတီစုံ ရွေးကောက်ပွဲများ ကျင်းပပေးခဲ့သည်။ ၁၉၄၇ က တကြိမ်၊ ၁၉၅၁ - ၅၂ က တကြိမ်၊ ၁၉၆ဝ ခုနှစ်က တကြိမ်၊ ၁၉၉ဝ ခုနှစ်က တကြိမ်၊ ၂ဝ၁ဝ ခုနှစ်က တကြိမ်၊ ပါတီစုံ ရွေးကောက်ပွဲများ ကျင်းပခဲ့လေသည်။ ထိုရွေးကောက်ပွဲများကို ကြည့်လျှင် ပါဝင်ယှဉ်ပြိုင်သော သူက အဓိကကျသလား။ ပါဝင်ယှဉ်ပြိုင်သော ပါတီက အဓိကကျသလား ဆိုသည်ကို လူထုက မဲပေးရွေးချယ်၍ ပြသခဲ့ကြသည်။ ၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲမှ အတွေ့အကြုံတခုကို ပြောရမည်ဆိုလျှင် -

ထိုအချိန်က သန့်ရှင်းဖဆပလ တဖြစ်လည်း ဝန်ကြီးချုပ် ဦးနု ခေါင်းဆောင်သော ပထစပါတီနဲ့ တည်မြဲဖဆပလ တဖြစ်လည်း ဦးကျော်ငြိမ်းနဲ့ ဦးဘဆွေ ခေါင်းဆောင်သည့် ဖဆပလအဖွဲ့တို့ ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။ ဖဆပလက ဗိုလ်ချုပ်အောင်ဆန်းပုံကို ချိတ်ဆွဲ အသုံးပြုကြသလို ပထစပါတီက ဦးနု၏ပုံ လိုဂိုကို အသုံးပြုကာ ပြိုင်ကြလေသည်။ ထိုအချိန်က လူထုသည် စစ်တပ်ကို အော့နှလုံးနာနေကြသည်။ ထို့ပြင် ဖဆပလခေါ် တည်မြဲတို့ကိုလည်း အော့နှလုံးနာနေကြ၏။ ယခင်က ပျူစောထီး ခေါ် ဖဆပလ လူမိုက်များ၏ မိုက်ကြေးခွဲ ဗိုလ်ကျမှုကို စက်ဆုပ်ရွံရှာကြသလို ၁၉၅၈ ခုနှစ် ဗိုလ်နေဝင်း အိမ်စောင့်အစိုးရ၏ လုပ်ရပ်များကိုလည်း မကျေနပ်ကြပေ။ တည်မြဲဖဆပလကိုသာ မဲထည့်ခဲ့လျှင် ပျူစောထီးများ အနိုင်ကျင့် ရမ်းကားပြီး လူသတ်၊ မုဒိမ်းကျင့်ခဲ့မှုများကို ပြန်လည်ခံစားရမည်ဟု လူထုက စွဲမှတ်ခဲ့ကြသည်။ တချိန်တည်းတွင် အရှေ့တောင်အာရှ အပါအဝင် ကမ္ဘာတ၀ှမ်း၌ ကျူးကျော်ရမ်းကားနေသော အမေရိကန် နယ်ချဲ့တို့ကို အော့နှလုံးနာနေချိန်ဖြစ်သည်။ ဦးကျော်ငြိမ်းတို့ကိုသာ မဲထည့်လျှင် အမေရိကန်လက်ဝေခံနိုင်ငံ ဖြစ်သွားမည်။ ထိုင်းလို၊ ဖိလစ်ပိုင်လို အမေရိကန် လက်ဝေခံနိုင်ငံ ဖြစ်သွားမည်ဟု လက်ဝဲအင်အားစုများ၏ လူထုအပေါ် စည်းရုံးမှုမှာလည်း ကြီးမားခဲ့သည်။ ထိုအချိန်က ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးဆောင်ကာ ဆောင်ရွက်နေသည်။ ဒုတိယခေါင်းဆောင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောမှာလည်း လူထု၏ လေးစားချစ်ခင်ခြင်းကို ခံယူနေရချိန်ဖြစ်သည်။

ထိုအချိန်တွင် ၁၉၆ဝ ရွေးကောက်ပွဲ ကျင်းပရာတွင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ကြည့်မြင်တိုင်မြို့နယ်တွင် တသီးပုဂ္ဂလအမတ်အဖြစ် ဝင်အရွေးခံပါသည်။ သခင်စံဝေဆိုသော ပုဂ္ဂိုလ်မှာ လူထုချစ်ခင်မှုအရဆိုလျှင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကို အနိုင်ရစရာ မရှိပေ။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဘက်မှ လက်ဝဲသမားများ၊ ဗကသ၊ တကသ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ရဲဘော်များက ပါဝင်ကူညီကြသည်။ ပမညတ ဝိဓူရသခင်ချစ်မောင်တို့ကလည်း ထိပ်တိုက်ရင်မဆိုင်ရေးမူဖြင့် ဖဆပလ၊ ပမညတ၊ ပထစ အမတ်များကို ထိပ်တိုက်ယှဉ်မပြိုင်ရန် အဆိုတင်ထား၏။ သခင်စံဝေကလည်း ဗိုလ်မှူးချုပ်ကျော်ဇောလို ပုဂ္ဂိုလ်မျိုးကို နိုင်မည်ဟု ထင်မထားပေ။ သူရှုံးမည်ဟုသာ ထင်၏။ သို့သော် ပထစအမတ် အတော်များများမှာ သူတို့ကိုယ်သူတို့ နိုင်မည်ဟု ထင်ကြပါသည်။ မနက်ဖြန် ရွေးကောက်ပွဲကျင်းပမည်ဆိုလျှင် ညကတည်းက သခင်စံဝေတို့ အိပ်မပျော်ဟု ဆိုသည်။ အရက်သောက်သူကသောက်၊ စိတ်ပျက်သူက စိတ်ပျက် ဖြစ်နေကြသည်ဟု ဆိုကြသည်။ မနက် ဗိုလ်မှူးချုပ်ကျော်ဇောဘက်မှ အိုးစည်ဗုံမောင်းများဖြင့် အနုပညာရှင်များဖြင့် စည်ကားနေသည်။ မြတ်လေးတို့၊ စန္ဒရားချစ်ဆွေတို့၊ မာမာအေးတို့လည်း ပါလိမ့်မည်ထင်၏။ သို့သော် မဲရုံပိတ်၍ မဲများရေတွက်ရာ အရှုံးအနိုင် ကြေညာသည့်အခါ ပထစကိုယ်စားပြု သခင်စံဝေသည် ဗိုလ်မှူးချုပ်ကျော်ဇောကို အနိုင်ရရှိသွားပါတော့သည်။ လူပုဂ္ဂိုလ်လား၊ ပါတီလားဆိုသည်မှာ ထို ၁၉၆ဝ ရွေးကောက်ပွဲက သက်သေပြခဲ့ပါသည်။ လူထုကလည်း မိမိတို့၏ ဘဝနှင့်ယှဉ်သော အသိအရ ပါတီကို မဲထည့်ခဲ့ကြသည်။ သူတို့ချစ်သော လူပုဂ္ဂိုလ်ကို မဲမထည့်ခဲ့ကြပေ။

၁၉၉ဝ ပြည့် ရွေးကောက်ပွဲကို တချို့လူလတ်ပိုင်းက ကောင်းကောင်းမီပါသည်။ ထိုရွေးကောက်ပွဲမှာ ပို၍သိသာ၏။ မကြာသေးခင်က ကြေးမုံသတင်းစာထဲတွင် ဒီဗွီဘီ ရုပ်သံလွှင့်မီဒီယာမှ ကိုမျိုးသာထက်၏ ဆောင်းပါးတပုဒ်ကို ဖတ်ရ၏။ လူအဓိကလား၊ ပါတီအဓိကလား ဆိုသည်ကို သူက လူသာအဓိကဖြစ်ကြောင်း၊ လူသာကောင်းလျှင် အနိုင်ရရှိနိုင်ကြောင်း ရေးသွားသည်။ သမ္မတအကြံပေး ဖြစ်ခဲ့ဖူးသော ဦးနေဇင်လတ်ကလည်း လူသာအဓိကဖြစ်ကြောင်း၊ ပါတီမှာ သာမညဖြစ်ကြောင်း ပြောဆိုသွားသည်ကို ဖတ်ရပါသည်။ ၁၉၉၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလောက ရောက်လာသည်မှာ ၂ နှစ်သာ ရှိသေး၏။ အန်အယ်လ်ဒီ ခေါင်းဆောင်များမှာ လူထုက လုံးဝယုံကြည်ကိုးစားပြီး မဲပေးရမည့်ခေါင်းဆောင်များ၊ လူများဟု ပြောမရနိုင်သေးပေ။ ဗိုလ်ချုပ်ဟောင်းများ၊ စာရေးဆရာများ၊ ဗိုလ်ချုပ်အောင်ဆန်းသမီး ခုမှ နိုင်ငံရေးလောက၀င်လာသူတို့ ဖြစ်သည်။ သို့သော် နှစ်ပေါင်းများစွာ အုပ်ချုပ်လာသော စစ်အာဏာရှင်များကို လူထုက နာကြည်းစက်ဆုပ် မုန်းတီးနေကြသည်။ မဆလပါတီကို ကိုယ်စားပြုသော တစညပါတီနဲ့ ပါတီကို ကိုယ်စားပြုသော အန်အယ်လ်ဒီအဖွဲ့တို့ ယှဉ်ရာတွင် လူထုက အန်အယ်လ်ဒီကို တောင်ပြိုကမ်းပြို အနိုင်ပေးလိုက်ပါတော့သည်။ ထိုဖြစ်စဉ်မှာ လက်တွေ့ပြသသွားသော သာဓက ဖြစ်ပါသည်။ လူလား၊ ပါတီလား ဆိုသည်ကို အထွေအထူး အချိန်ကုန်ခံကာ ငြင်းခုန်နေစရာ မဟုတ်ပေ။ ၁၉၆ဝ ခုနှစ်ကဆိုလျှင် လူထုကြားထဲ၌ ပြောစရာစကားတခု ရှိသည်။ ခွေးတကောင်ကို လည်ပင်းတွင် ပထစပါတီဟု စာချိတ်ပေးလိုက်လျှင် လူထုက မဲထည့်မှာ သေချာပါသည်ဆိုသော စကားပင်။

ထက်မြက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013