
စစ်ကိုင်းတိုင်းအခြေစိုက်တဲ့ မုံရွာခရိုင်တပ်ရင်းတွေက ရဲဘော် ၁၂ ယောက်ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်နဲ့ ဇူလိုင်လပထမပတ်အတွင်း စစ်အာဏာရှင်တပ်နဲ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ကျဆုံးခဲ့တယ်လို့ တပ်ရင်းတွေဆီကနေ သိရပါတယ်။
မုံရွာခရိုင်တပ်ရင်း ၂၅ ရဲ့ ရဲဘော်တယောက်က “မုံရွာခရိုင်တပ်ရင်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်အောင်ဆန်းမိုး (ခေါ်) နဂါး နဲ့ ရဲဘော်မြင့်မြတ်နိုင် (ခေါ်) မဲလုံး တို့ ၂ ယောက်ဟာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ရင်း အခုလ ၃ ရက်နေ့က အင်းတော်မြို့နယ်ထဲက ရှေ့တန်းစစ်မြေပြင်တနေရာမှာ ကျဆုံးသွားခဲ့တာပါ” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ ထိုးစစ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ကျဆုံးခဲ့ရတာလို့ ဆိုပါတယ်။ ဇူလိုင် ၃ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးထားတဲ့ မြစ်ကြီးနား-ရွှေဘို လမ်းပေါ်က မဲဇာကျေးရွာနဲ့ နန့်သဲကျေးရွာတွေကို စစ်တပ်က မြေပြင်အင်အားအလုံးအရင်းအပြင် လေကြောင်းပစ်ကူတွေနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရသလို အဆိုပါကျေးရွာ ၂ ရွာကိုလည်း လက်လွှတ်ခဲ့ရပြီး လက်နက်မျိုးစုံ ၁၂ လက်၊ မော်တော်ယာဉ် ၂ စီး၊ ဒရုန်းတွေအပါအဝင် ဒရုန်းဗုံးသီးတွေနဲ့ ခဲယမ်းတွေလည်း သိမ်းဆည်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
မုံရွာခရိုင် 5+1 တပ်ရင်းရဲ့တပ်ဖွဲ့ဝင်တယောက်က “ကျနော်တို့ မုံရွာခရိုင် 5+1 တပ်ရင်းထဲက ရဲဘော် ၁၀ ယောက်ဟာလည်း ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က အရာတော်မြို့နယ်ထဲမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ပါသေးတယ်” လို့ DVB ကို ပြောပါတယ်။
မုံရွာခရိုင်အတွင်း ခရိုင်တပ်ရင်း ၄၊ ခရိုင်တပ်ရင်း ၂၂၊ ခရိုင်တပ်ရင်း ၂၃၊ ခရိုင်တပ်ရင်း ၂၅ နဲ့ ခရိုင်တပ်ရင်း ၂၈ တို့ တပ်ရင်း ၅ ရင်းပေါင်းပြီး မုံရွာခရိုင်တပ်ရင်း 5+1 အဖြစ် ဖွဲ့စည်းထားကြပြီး ရှေ့တန်းစစ်မြေပြင်တွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
အဆိုပါ ခရိုင်တပ်ရင်း ၅ ရင်းနဲ့ ဖွဲ့စည်းထားတဲ့ 5+1 တပ်ရင်းဟာ ဇွန် ၂၉ ရက် ညနေပိုင်းက မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (မုံရွာမြို့နယ် ပလဖ) စခန်းကို အထက်အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်မရဘဲ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၃ ယောက်နဲ့ မုံရွာမြို့နယ် ပလဖ ခေါင်းဆောင် ကိုအာကူး အပါအဝင် ၈ ယောက် သေဆုံးခဲ့ရပါသေးတယ်။










