DVB Logo
Home
Lead Story
အန်စီအေ လက်မှတ်မထိုးသည့် တိုင်းရင်းသားအဖွဲ့များ၏ သဘောထား
DVB
·
October 15, 2015
အန်စီအေ လက်မှတ်မထိုးသည့် တိုင်းရင်းသားအဖွဲ့များ၏ သဘောထား
1 / 3
Donate to DVB

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့အကြား ဒီကနေ့ မနက်က နေပြည်တော်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)ကို  လက်မှတ် ရေးထိုးခဲ့တာနဲ့ပတ်သက်ပြီး လက်မှတ်ထိုးရာမှာမပါဝင်ခဲ့တဲ့  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ အမြင်သဘောထားတွေကို မေးမြန်းထားပါတယ်။

ဗိုလ်မှူးကြီးစိုင်းလ (ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း)

“ဒီကနေ့ နေပြည်တော်မှာ တပြည်လုံးအပစ်ခတ်ရပ် လက်မှတ်ရေးထိုးပြီး အောင်ပွဲအ ထိမ်းအမှတ်တွေ လုပ်နေကြတယ်။ ကျနော်တို့ဆီမှာတော့ သေနတ်သံတွေ ညံနေတယ်။  အထူးသဖြင့် မိုင်းရှုးမြို့နယ် တာ့ဆမ်ပူး ဒေသနဲ့ တန့်ယန်းမြို့နယ် ဟိုမန်းဒေသထဲမှာ ၊ မနေ့တုန်းက တာ့ဆန်ပူးမှာ နေ့ခင်း ၁၂ နာရီကနေ ညနေ ၅ နာရီထိ အပြင်းအထန် ထိုးစစ်ဆင်တယ် ၊ ၁၂၀ မမ ၊ ၁၅၀ ပေါင်လေးတဲ့ လက်နက်ကြီးတွေနဲ့ ထုတယ်၊ ဒီကနေ့လည်း လက်နက်ကြီးတွေ ပါတဲ့ ကား ၁၂ စီး ကာလိရွာဘက်ကနေ တာ့ဆမ်ပူးဘက် ထပ်ပြီး တက်လာတယ်။ နေပြည်တော်မှာ အပြောတမျိုး မြေပြင်ပေါ်မှာ အလုပ်တမျိုး ထိုးစစ်ဆင်နေတာကြောင့်  အဲဒီ အပစ်အခတ်ရပ် လက်မှတ်ထိုးနေတဲ့ကိစ္စရပ်ဟာ မစစ်မှန်ဘူးလို့ ကျနော်တို့ ပြောချင်ပါတယ်။”

နိုင်ဟံသာ (ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ - ယူအန်အက်ဖ်စီ ဒုတိယဥက္ကဋ္ဌ)  

naing-han-thar-21“လုပ်တဲ့လူက လုပ်တာပဲလေ။ ကြီးကျယ်အောင်တော့ လုပ်မှာပေါ့။ ဒါပေမယ့် တကယ့်အနှစ်ကို ပြန်ကြည့်ရင် အဖွဲ့ နည်းနည်းလေးနဲ့ပဲ လုပ်တယ်ဆိုတဲ့ဟာက တပြည်လုံး အတိုင်းအတာဆောင်တဲ့ အပစ်ခတ်ရပ်စဲရေး နာမည်ခံပြီးတော့မှ အဖွဲ့နည်းနည်းလေးနဲ့ လုပ်တာတော့ အဓိပ္ပာယ်မရှိဘူးလို့ ထင်တယ်လေ။ အဓိပ္ပာယ်လည်း မပြည့်ဘူးလို့ မြင်တယ်။

“တဖက်က ကြိုးစားနေတာကတော့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး၊  လုပ်လိုက်တာကတော့ အစိတ်အပိုင်းတခုနဲ့ ဒေသဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောမျိုး ဖြစ်နေတယ်။ အဲဒါနဲ့ ဆက်လုပ်သွားမယ်ဆိုရင် မူလရည်ရွယ်ချက် ဘယ်လိုအဓိပ္ပာယ်ရှိမလဲ။ ဘာမှလည်း ထိရောက်မှု ရှိမှာ မဟုတ်ဘူး။

“တခြားအဖွဲ့တွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိမလဲတော့ အသေအချာတော့ ပြောလို့ မရသေးဘူး။ ဒါပေမယ့် လောလောဆယ်တော့  လွန်ခဲ့တဲ့ ၁ ပတ်အတွင်းမှာ ပြန်ကြည့်ရင် ကချင်မှာရော၊ ရှမ်းမှာရော၊ ပလောင်မှာရော ထိုးစစ်တွေ တော်တော်လေးကို တိုးချဲပြီးတော့ လုပ်လာနေတယ်။ ဒါကို ကြည့်လိုက်ရင် ဒါက ခွဲပြီးတော့မှ ချေမှုန်းတယ်ဆိုတဲ့ ဗျူဟာအရ အဲဒါမျိုးကို ကျင့်သုံးနေတာလားလို့ တွက်စရာတော့ ဖြစ်နေတယ်။”

ဦးအောင်ဆန်းမြင့် (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး)

“ကျနော်တို့ဘက်က အားလုံးပါဝင်ရေးမူကို ဆုပ်ကိုင်ထားတာပေါ့။ အစိုးရဘက်က အဲလိုမဟုတ်ဘဲနဲ့ အခု လက်မှတ်ထိုးပြီးသားလူတွေနဲ့ပဲဆိုရင်တော့ ကျနော် ထင်တယ် သူတို့ကတော့ နိုင်ငံရေးကို ဆက်သွားဖို့ဆိုတာ မလွယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်စီအေထဲမှာ ပါတဲ့ code of condact  နှစ်ဘက်လိုက်နာရမယ့်ကျင့်ဝတ် ကိစ္စတွေ ပူးတွဲစောင့်ကြည့်ရေး ကိစ္စတွေ၊ နောက် နိုင်ငံရေးမူဘောင်ကိစ္စတွေက တိုင်းရင်းသားတွေ အားလုံးပါဝင်မှသာ ကျနော်တို့က အကောင်အထည်ဖော်လို့ရမှာ ဖြစ်တယ်။ လက်မှတ်ထိုးတဲ့ ၈ ဖွဲ့နဲ့ ဘာမှ ခေါ်လို့ မရဘူး။ ဒါအပြင်ကို ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးဆွေးနွေးပွဲကို သွားမယ်ဆိုရင်လည်း ဒီအဖွဲ့ ၈ ဖွဲ့က ကျနော်တို့ တနိုင်ငံလုံးကို ကိုယ်စားမပြုနိုင်ဘူး။ လူမျိုးစုအားလုံးကို ကိုယ်စားမပြုနိုင်ဘူး။ ဒါကြောင့်မို့လို့ သူတို့ ဘယ်လိုညှိမလဲဆိုတဲ့ အဖြေပေါ်မှာ မူတည်တာပေါ့ဗျာ။ ဒါ့အပြင်ကို တိုက်ပွဲတွေကလည်း အခုတလောမှာ ပိုပြီးတော့ ပြင်းထန်လာတဲ့အတွက်ကို အန်စီအေက အဓိပ္ပာယ်ကော ရှိပါ့မလာပေါ့။ ”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013