DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသား ၈ ဖွဲ့ အန်စီအေ လက်မှတ်ထိုး၊ ထားရစ်ခဲ့မည့် သမိုင်းအမွေဟု သမ္မတပြောကြား
DVB
·
October 15, 2015
တိုင်းရင်းသား ၈ ဖွဲ့ အန်စီအေ လက်မှတ်ထိုး၊ ထားရစ်ခဲ့မည့် သမိုင်းအမွေဟု သမ္မတပြောကြား
1 / 17
Donate to DVB

ဆယ်စုနှစ်တွေနဲ့ချီ လက်နက်ကိုင်တိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့၈ဖွဲ့နဲ့ အစိုးရအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို ဒီကနေ့ အောက်တိုဘာ ၁၅ ရက် မနက်က နေပြည်တော်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) မှာ ကျင်းပတဲ့ လက်မှတ်ရေးထိုးပွဲ  အခမ်းအနားမိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က အန်စီအေစာချုပ်ဟာ   နောက်မျိုး ဆက်သစ်တွေရဲ့ အနာဂတ်အတွက် သမိုင်းလက်ဆောင်ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

“မြန်မာပြည်ရဲ့ အစိုးရ အဆက်ဆက်မှာ တခါမှ မရှိခဲ့ဘူးတဲ့ ကျနော်တို့အကြား ဘုံလက် ခံထားတဲ့ အနာဂတ်ပန်းတိုင်တခုကို သဘောတူညီနို်င်ခဲ့တာဖြစ်ပါတယ်။ ဒီဘုံအနာဂတ်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အန်စီအေပါ သဘောတူညီချက်များကို အကောင် အထည်ဖော်နိုင်ရေးက ကျနော်တို့ အားလုံးအတွက် အရေးကြီးတဲ့ သမိုင်းပေးတာဝန်ပဲ ဖြစ်ပါ တယ်။ အန်စီအေ ဆိုတာ ကျနော်တို့ ထားရစ်ခဲ့မယ့် သမိုင်းအမွေ ဖြစ်ပါလိမ့်မယ်။”

လက်မှတ်ရေးထိုးမယ့် တိုင်းရင်းသားအဖွဲ့တွေကိုယ်စား ကရင်အမျိုးအသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုးက ဒါဟာ ထူးခြားအောင်မြင်တဲ့ ဖြစ်စဉ်တရပ်ဖြစ်ပြီး "သမိုင်းစာမျက်နှာ" သစ် ဖွင့်လိုက်တာလို့ ပြောပါတယ်။

ဒါပေမယ့် ရှေ့မှာ စိန်ခေါ်မှုတွေ စောင့်ကြိုနေတယ်လို့လည်း စောမူတူးစေးဖိုးက သတိပေးပြောကြားသွားပါတယ်။

“တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အန်စီအေ လက်မှတ်ရေး ထိုးခြင်းဟာ သာမန် အပစ်ရပ်စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးတာ မဟုတ်ဘဲ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ထူထောင်ရေး လျှောက်လှမ်းရမယ့် ခရီးရှည်ကြီးရဲ့ ပထမဦးဆုံးသော အရေးကြီးတဲ့ ခြေလှမ်းဖြစ်ပြီး စိန်ခေါ်မှုများစွာကလည်း စောင့်ကြိုနေပါတယ် ဆိုတာကိုလည်း သတိပေးလိုပါတယ်။”

ဒီကနေ့ အစိုးရနဲ့ အန်စီအေ လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေကတော့ ကရင်အမျိုး သားအစည်းအရုံး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊  ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော်တောင်ပိုင်း၊ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်၊ ချင်းအမျိုးသားတပ်ဦး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီတို့ ၈ ဖွဲ့ ဖြစ်ပါတယ်။

သမ္မတကတော့ ကျန်နေသေးတဲ့ အဖွဲ့တွေ အားလုံးပါဝင်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပြီး သူတို့အတွက်လည်း တံခါးဖွင့်ထားတယ်လို့ပြောပါတယ်။

ကေအန်ယူခေါင်းဆောင် စောမူတူးစေးဖိုးကတော့  အန်စီအေကို လတ်တလော ပါဝင် လက်မှတ်မရေးထိုးနိုင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ထပ်မံ ပါဝင်လာရေး ဆောင်ရွက်ရာမှာ တပ်မတော်အနေနဲ့ အင်အားသုံးတဲ့နည်းထက် ညှိနှိုင်းအဖြေရှာတဲ့ နည်းလမ်းကို အသုံးပြုဖို့  အလေးထား တိုက်တွန်းတောင်းဆိုသွားပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအပါအ၀င် ပြည်တွင်းပြည်ပက အသိသက်သေတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဓာတ်ပုံ - MOI

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013