
တရုတ်နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုကြောင့် အနည်းဆုံး လူ ၁၀ ယောက် သေဆုံးခဲ့ပြီး၊ အနောက်မြောက်ပိုင်းမှာလည်း မြေပြိုမှုဖြစ်ပွားလို့ ၁၆ ယောက် ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က ဇူလိုင် ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
တိုင်ဖုန်းမုန်တိုင်း မိုင်ဆတ်ကြောင့် မြစ်တွေ၊ ရေကန်တွေမှာ ရေလျှံလာပြီး တရုတ်တောင်ပိုင်း နန်နင်းမြို့မှာ ရေကြီးလို့ အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇူလိုင် ၆ ရက်မှာ ပြောပါတယ်။
တရုတ်အလယ်ပိုင်း ဟူးပေပြည်နယ်မှာတော့ မိုးသက်မုန်တိုင်းတွေ ခပ်ပြင်းပြင်း တိုက်ခတ်ခဲ့တာကြောင့် အနည်းဆုံး လူ ၈ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဇူလိုင် ၇ ရက်မှာ ပြောပါတယ်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်ရဲ့ တောင်ထူထပ်တဲ့ ခရိုင်တခုမှာတော့ ဒီကနေ့ မြေပြိုမှုဖြစ်ပွားခဲ့လို့ လူ ၁၆ ယောက် မြေအောက်မှာ ပိတ်မိနေဆဲဖြစ်တယ်လို့ CCTV က ဆိုပါတယ်။
အစပိုင်းတုန်းက လူ ၃၃ ယောက် ပိတ်မိခဲ့တာဖြစ်ပြီး လက်ရှိမှာ ၁၇ ယောက်ကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပြီလို့လည်း CCTV က ပြောပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပြီး ထိုင်ဝမ်ဘက်ကို ဦးတည်ရွေ့လျားနေတဲ့ အင်အားပြင်း စူပါတိုင်ဖုန်းမုန်တိုင်း ဘာဗီအတွက်လည်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ဒီမုန်တိုင်းဟာ ဇူလိုင် ၇ ရက် ဂူအမ်၊ တီနယန်၊ ဆိုင်းပန်နဲ့ ရိုတာကျွန်းတွေကို ဖြတ်သန်းသွားချိန်မှာ ၁ နာရီကို ၁၈၀ မိုင်အထိရှိတဲ့ လေပြင်းတွေကို သယ်ဆောင်လာတာလို့ အမေရိကန် အမျိုးသားမိုးလေဝသဌာနက ပြောထားပါတယ်။
Source: Reuters










