DVB Logo
Home
Lead Story
တပ်မတော်ရဲ့ဂုဏ်သိက္ခာ ပြန်ဆယ်နိုင်မယ့် နောက်ထပ်အခွင့်အလမ်း
DVB
·
October 14, 2015
တပ်မတော်ရဲ့ဂုဏ်သိက္ခာ ပြန်ဆယ်နိုင်မယ့် နောက်ထပ်အခွင့်အလမ်း
Donate to DVB

လက်ရှိ အခြေအနေမှာတော့ စစ်နဲ့ အခွင့်ထူးခံခွင့်ရပြီး ကျိကျိတက်ချမ်းသာနေရလို့ စစ်သိပ်တိုက်ချင်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အုပ်စီးခံ မြန်မာ့တပ်မတော်ဟာ သူတို့ရဲ့ ရိုးသားမှု မရှိတဲ့ တပြည်လုံးအပစ်ရပ် လက်မှတ်ရေးထိုးပွဲ(အန်စီအေ)ကို အောက်တိုဘာ ၁၅ ရက်မှာ သဘောတူတဲ့ အဖွဲ့အချို့နဲ့ပဲ ရသလောက်သာ လက်မှတ်ထိုးဖို့ ပြင်ဆင်နေကြတယ်။ လက်မှတ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုတော့ လုပ်နေကျ အကျင့်ဟောင်း အတိုင်း စစ်အင်အားသုံး ဖိအားပေးခြိမ်းခြောက်နေပြန်တယ်။

ရှမ်းပြည်မြောက်ပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ(အက်စ်အက်စ်ပီပီ)ရဲ့ဌာနချုပ် ဝမ်ဟိုင်း အထိ တိုက်ခိုက်မယ်လို့ အစိုးရတပ်ဘက်က ကြွေးကြော်ပြီး တိုက်ပွဲကြီးတွေ ဆင်နွှဲနေသလို တအာင်းပလောင်တပ် (တီအန်အယ်လ်အေ)နဲ့ ကချင်တပ် ကေအိုင်အိုတပ်ဖွဲ့တွေအပေါ်မှာလည်း စစ်ရှိန်မြှင့်လာတာ တွေ့ရတယ်။

တစက္ကန့် တမိနစ်နောက်ကျရင် နောက်ကျသလောက် ပြည်တွင်းစစ်မီးတောက်အောက်မှာ စစ်ဂျပိုးလူဂျပိုးတွေရဲ့ လက်အောက်မှာ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူတွေ အဖမ်းခံရမှု၊ အသတ်ခံရမှု၊ တပ်မတော်သားတွေ မလိုအပ်ဘဲ အသက်ဆုံးရှုံးမှု၊ နိုင်ငံအနှံ့ လူသတ်မုဒိမ်း၊ မြေသိမ်းမှုတွေ၊ မတရားပုဒ်မတွေနဲ့ မမျှမတ တရားစီရင်ခံရမှုတွ ဆက်ဖြစ်နေမှာ အသေအချာပါဘဲ။

လက်နက်ခဲယမ်းမီးကျောက်နဲ့ ကျည်ဆန်ဖိုးနဲ့ စစ်စရိတ် ဘီလီယံနဲ့ချီ ကုန်ကျခဲ့တဲ့အပြင် နှစ်ဖက်စလုံးက အောက်ခြေတပ်မတော်သားတွေ၊ အရာရှိပေါက်စတွေ မြေဇာပင်ဖြစ်နေတဲ့ ဒေသခံပြည်သူတွေရဲ့ တန်ဖိုးရှိတဲ့ လူ့အသက်သွေးပေါင်းများစွာ ၀မ်းနည်းဖွယ်ရာ အလဟဿဿသ ဆုံးရှုံးနေတာ နှစ်ပေါင်း ၇၀ နီးပါးရှိပါပြီ။ ဒီပြည်တွင်းစစ်ဟာ ပြည်သူလူထုကို ဘာကောင်းကျိုးမှ မပေးစွမ်းနိုင်ပေမယ့် တိုင်းပြည်အပေါ် အောက်ပါဆိုးကျိုးပေါင်းမြောက်များစွာတော့ သက်ရောက်လို့ နေပါပြီ။

၁) တိုင်းပြည်ဘဏ္ဍာတွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ နေရာတွေမှာ မသုံးစွဲနိုင်ဘဲ စစ်စရိတ်အတွက် သုံးနေရပြီး အချည်းအနှီးဆုံးရှုံး ပြုန်းတီးကုန်တယ်။

၂) ပြန်မရနိုင်တဲ့ နိုင်ငံသားတွေရဲ့ အသက်သွေးချွေးတွေ မလိုအပ်ဘဲ ပေးဆပ်ဆုံးရှုံးနေရတယ်။

၃) အပြစ်မဲ့တဲ့ ဒေသခံပြည်သူတွေ အသက်လုံခြုံမှုမရှိဘဲ စစ်မီးတောက်အောက်မှာ သေကျေပျက်စီးလို့ အိုးပျက်အိမ်ပျက်နဲ့  အသက်တွေ ဆုံးရှုံးနေရတယ်။

၎) တိုင်းပြည်အတွက် အရေးတကြီးလိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အနှောင့်အယှက် အဟန့်အတားဖြစ်စေတယ်။

၅) ဒေသတွင်း ရောင်းဝယ်ဖောက်ကားမှုတွေပျက် စီးပွားရေးလုပ်လို့ မရတာမို့ ဖွံ့ဖြိုးတိုးတက်မှု ရပ်ဆိုင်း သွားတယ်။

၆) စစ်ပွဲတွေကြောင့် ပညာရေးနဲ့ လူမှုရေးဘ၀တွေ ကမောက်ကမဖြစ် ဘ၀တွေ အဖျက်ခံနေရ တယ်။

၇) အချုပ်အခြာ အာဏာတည်မြဲရေးတို့ ပြည်ပကျူးကျော်မှုဆိုတဲ့ ငါးစာတွေကို သုံးပြီး လူမျိုးကြီးဝါဒ၊ အစွန်းရောက်မျက်ကန်းမျိုးချစ်ဝါဒတွေကို မီးလောင်ရာလေပင့်ပြီး လမ်းမှားကို ဆက်လျှောက်အောင် ပို့ဆောင်ခံနေရတယ်။

၈) မီးစာကုန်ဆီခမ်းနေတဲ့ စစ်တပ်ကြီးစိုးဗိုလ်ကျတဲ့ အာဏာရှင်စနစ်၊ လက်နက်နဲ့ အကြမ်းဖက် ဖြေရှင်းနည်းကို ပြန်ခေတ်စားအောင်လုပ်ပြီး စစ်ဂျပိုးတွေ ပိုပေါက်ဖွားလာအောင် အခြေအနေကို ဖန်တီးနေတယ်။

ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ ကျောက်စိမ်းတွင်းတွေ သိမ်းပိုက်နိုင်ဖို့ အဟန့်အတားဖြစ်နေတဲ့ ကေအိုင်အေရှိတဲ့ ကချင်ဒေသကို နှိပ်ကွပ်ဖို့ စစ်အင်အားသုံး စစ်အင်းအားတိုးချဲ့ရန်စနေတာ ကလည်း စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွားနဲ့ တရုတ်ကြီးအကျိုးစီးပွားအတွက် ရည်ရွယ်လှုပ်ရှား နေတာ ထင်ရှားပါတယ်။ ကေအိုင်အေကို အင်အားချိနဲ့သွားအောင်နဲ့ နယ်မြေစိုးမိုးမှုရအောင် တချိန်တုံးက ကရင်တွေရဲ့ မာနယ်ပလောကို သိမ်းသလို မကြာခင် အကြောင်းတခုခုရှာပြီး ကေအိုင်အေဌာနချုပ်ရှိတဲ့ လိုင်ဇာစခန်းကို တိုက်ဖို့ ဦးတည်နေပုံရတယ်။ တဖက်မှာတော့ အယောင်ပြ တပြည်လုံးအပစ်ရပ်သဘောတူစာချုပ်မှာ လက်မှတ်ထိုးမယ့် ကေအန်ယူ စတဲ့ အဖွဲ့တွေနဲ့ ပွေ့ဖက်လက်ဆွဲနှုတ်ဆက်နေလိမ့်မယ်။ လက်မှတ်မထိုးမဲ့အဖွဲ့တွေကို စစ်ရေးဖိအားပေး ခြိမ်းခြောက်မယ်။ စစ်အာဏာရှင်တွေဟာ သိပ်ပါးနပ်တယ်။ စစ်နဲ့ လုပ်စားနေတာ အံခွနေကြပြီ။ တော်လှန်ရေးသတိ အထူးရှိဖို့ လိုပါတယ်။။ သမိုင်းဆိုတာ အမြဲဖုံးကွယ်လို့ မရနိုင်ပါဘူး။

လူမျိုးကြီးဝါဒ အလံထူပြီး ဗိုလ်ကျခြင်တိုင်း ဗိုလ်ကျခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကို သောင်းကျန်းသူတွေ၊ သူပုန်တွေလို့ နာမည်တပ် သိက္ခာချခဲ့တာ စစ်အာဏာရှင်တွေပါ။ သူတို့ လုပ်စားနေတာကို တိုင်းပြည်အသက်ပေး ကာကွယ်နေတဲ့ပုံမျိုး ဖြစ်အောင်၊ သူတို့ မတရားသဖြင့် အခွင့်ထူးခံနေတာကို ထိုက်တန်သယောင် ၀ါဒဖြန့်နေတာကို သံယောင်လိုက် မသုံးမိအောင် သတိပြုကြဖို့ လိုတယ်။

သူတို့ အာဏာထိပါးတဲ့သူဆို ဘယ်သူကိုမဆို သူပုန်လို့ သမုတ်တာဘဲ။ ကျောင်းသားဆိုလည်း သူပုန်လို့ ခေါ်တာဘဲ။ သံဃာအစစ်တွေတောင် သင်္ကန်းဝတ်တွေလို့ ခေါ်ခဲ့တာ မဟုတ်လား။ ကျောင်းသားသမဂ္ဂဆိုတဲ့ နာမည်နဲ့ တော်လှန်ရေးဆိုတဲ့စကားတောင် တလျှောက်လုံး အသိအမှတ်မပြုခဲ့ဘူး မဟုတ်လား။ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ အသက်မသေရလို့ သူတို့ ခြေပြတ်လက်ပြတ်မဖြစ်လို့ ပြည်တွင်းစစ်ပွဲကို အားရပါးရ ဆင်နွှဲနေတာ ဖြစ်တယ်။

အောက်ခြေစစ်ဗိုလ် စစ်သားလေးတွေ မသေဘဲ သူတို့ (သို့) သူတို့ သားသမီးတွေ ရှေတန်းက တိုက်ရမယ် သေရမယ်၊ ခြေပြတ်လက်ပြတ်ဖြစ်ရမယ်ဆိုရင် ဒီစစ်ဗိုလ်ချုပ်ကြီးတွေ ပြည်တွင်းစစ်ကို တိုက်မှာ မဟုတ်ဘူး။ သူတို့ အိတ်ကပ်ထဲက ပိုက်ဆံစိုက်ပြီးမှာ တိုက်ရမယ်ဆိုရင် သူတို့ ဒီပြည်တွင်းစစ်ကို မဆင်နွှဲဘူး။ ပြည်သူ့ဘဏ္ဍာ၊ ပြည်သူတွေ သက်သာချောင်ချိရေးအတွက် သုံးရမယ့် ငွေကြေးတွေနဲ့မို့သာ စစ်တိုက်နေကြတာ။ ပြည်တွင်းစစ်ပွဲကို စဉ်းစားဥာဏ်ရှိတဲ့ ပြည်သူတိုင်းက မလိုလားဘူး။ မထောက်ခံဘူး။ ရာစုနှစ်ဝက်ကျော် တိုင်းပြည်အဖက်ဖက်က ချွတ်ခြုံကျ ဆင်းရဲတွင်းနက်ခဲ့ရတာဟာ.. ပြည်တွင်းစစ်မီး မငြှိမ်းသတ်ခဲ့လို့ပါ။

ပြည်ပကျူးကျော်မှု၊  အချုပ်အခြာ အာဏာထိပါးလာမှုစသည်ဖြင့် ဘာအကြောင်းဘဲပြပြ စစ်တိုက်ချင်သူတွေ စစ်ကို ထောက်ခံသူတွေ စစ်မီးမငြိမ်းလိုသူတွေဟာ တနည်းမဟုတ်တနည်း စစ်ကြောင့် အရေးပါနေသူ အခွင့်အရေးရနေသူ၊ စစ်နဲ့ လုပ်စားနေသူ ဖြစ်ရင်ဖြစ် မဖြစ်ရင် လူမျိုးကြီးဝါဒမှိုင်းမိပြီး ကျပ်မပြည့်တဲ့ မျက်ကန်းမျိုးချစ်တွေဘဲ ဖြစ်လိမ့်မယ်။ တကယ့်တကယ် စစ်ကြောင့်အသက်ပေးရတာ ဘ၀တွေ အဖျက်ဆီးခံရတာ သူတို့ မဟုတ်ဘူး။ နှစ်ဖက်လုံးက အောက်ခြေစစ်သည်စစ်သားနဲ့ ဒေသခံပြည်သူတွေပါ။

ဒါကြောင့် အပြစ်မဲ့ပြည်သူတွေနဲ့ နှစ်ဖက်စလုံးက စစ်ဗိုလ်စစ်သားလေးတွေ အသက်ပေးနေရတဲ့ ပြည်တွင်းစစ်ပွဲတွေကို ချက်ခြင်းရပ်ပါ။

တိုင်းပြည်ဘဏ္ဍာ၊ ပြည်သူ့ပိုင်ငွေကြေးတွေ အချည်းနှီး ဆုံးရှုံးနေရတဲ့ ပြည်တွင်းစစ်ပွဲတွေကို ချက်ခြင်းရပ်ပါ။

တိုင်းသူပြည်သားတွေ မတိုက်ခိုင်းတဲ့ ပြည်တွင်းစစ်ပွဲတွေကို ချက်ခြင်းရပ်ပါ။

စားပွဲဝိုင်းပေါ် ၀င်ထိုင်ပြီး ငြိမ်းချမ်းစွာ အဖြေရှာတတ်တဲ့ ယဉ်ကျေးတဲ့ နိုင်ငံရေး အလေ့အထကို မွေးမြူပါ။

အားကြီးသူက အနိုင်ကျင့်စတမ်းဆိုတဲ့ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ တောရိုင်းဥပဒေသကို အပြီးတိုင်စွန့်လွှတ်ပြီး ရိုးရိုးသားသားနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဆီ ဦးတည်ပါ။

တကယ်တော့ ဗြိတိသျှကိုလိုနီနယ်ချဲ့နဲ့ ဖက်ဆစ်ဂျပန်ကို တွန်းလှန်ဖို့ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ပေါ်လာစဉ်ကာလတုံးကတော့

“ စစ်တပ်ဆိုတာ အမှန်သာ လိုက်နာနိုင်ရင် …

တကယ့်ယောကျာင်္းကောင်း၊ ယောကျာင်္းမြတ်ဖြစ်စေနိုင်တဲ့တရားတွေကို …

သင်ကြားပေးတဲ့ ကျောင်းကြီးပေါ့ ”

လို့ ဆိုခဲ့ရလောက်အောင် တိုင်းရင်းသားမိဘပြည်သူတွေရဲ့ အားထားယုံကြည် မြတ်နိုးလေးစားခံခဲ့ရလို့ လူတိုင်းက ပန်းကုံးစွပ်ချင်ကြတဲ့ ပြည်သူချစ်တဲ့တပ်မတော်ဖြစ်ခဲ့ဖူးတာ လူတိုင်းအသိပါ။

ဒါပေမယ့် ကံဆိုးစွာနဲ့ဘဲ ၁၉၆၂ ခုနှစ်မှာ မြန်မာ့တပ်မတော်ဟာ အတ္တကြီးမားသလောက် အကျင့်သီလချို့ယွင်းတဲ့ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေ၀င်းလက်အောက် ရောက်ခဲ့ရတယ်။ သူခိုးဓားမြရွာရောက်ခဲ့ရတဲ့ ကျေးသားငယ်လို မြန်မာ့တပ်မတော်ဟာ အတုမြင်အတတ်သင်ပြီး ပြည်သူကိုတောင် သတ်ဖြတ်နှိပ်စက်ကလူပြုတဲ့ အာဏာရှင် ခါးပိုက်ဆောင်တပ်ဘ၀ ရောက်မှန်း မသိ ရောက်သွားခဲ့တယ်။

ပိုဆိုးသွားစေတာက တကမ္ဘာလုံးကိုတောင် အံ့အားသင့်စေခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကို သွေးချောင်းစီးသတ်ဖြတ်ခဲ့ပြီးတဲ့နောက် ပိုမို ကြမ်းကြုတ်ရက်စက်တဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လက်အောက်မှာ မြန်မာ့ တပ်မတော်ဟာ ပြည်သူတွေရဲ့ ကျိန်စာအတိုက်ခံရတဲ့ ပြည်သူ့ချဉ်ဖတ်တပ်မတော်အဖြစ် ၀မ်းနည်း ကြေကွဲဖွယ် ရောက်ရှိသွားခဲ့ရတယ်။ တပ်မတော်ဟာ ဥပဒေအထက်မှာ နေခွင့်ရပြီး စစ်ကို အကြောင်းပြလို့ လိုင်စင်ရ လူသတ်၊ မုဒိမ်း၊ မြေသိမ်းဓားမြ အခွင့်ထူးခံဘ၀ ရောက်ရင်း ပြည်သူတွေနဲ့ ဝေးကွာသထက် ဝေးကွာခဲ့ရတယ်။

မြန်မာစစ်တပ်ရဲ့ ထင်ရှားတဲ့ သမိုင်းအမဲကွက်ကြီးတခုကတော့ အတားအဆီး ခြိမ်းခြောက်မှုတွေ ကြားက သက်စွန့်ဆံဖျား ဆန္ဒပြုထားတဲ့ ပြည်သူ ၅ သန်းရဲ့ သဘောထား စစ်ကျွန်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို မြေမှာချနင်းပြီး အာဏာရှင်အလိုကျ ဆန့်ကျင်ပြခဲ့တာ မဟုတ်လား။

ဒီတော့ …

“စစ်တပ်ဆိုတာ အမှန်သာ မလိုက်နာနိုင်ရင် …

တကယ့်ယောက်ျားဆိုး၊ ယောက်ျားဂျပိုးဖြစ်စေနိုင်တဲ့ တရားတွေကို …

လက်ဆင့်ကမ်းပေးတဲ့ ကျောင်းကြီးဖြစ်ခဲ့တော့တာပေါ့ ”

အခု လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မှာပါ။ ပြည်သူလက်ခံတဲ့ အစိုးရတရပ် တင်မြှောက်နိုင်မလား မတင်မြှောက်နိုင်ဘူးလားဆိုတာ အဆုံးအဖြတ် ပေးမှာမို့ မြန်မာ့သမိုင်းမှာ အရေးကြီးတဲ့ မှတ်တိုင်တခု ဖြစ်ကျန်ရစ်မယ့် ပွဲကြီးပါဘဲ။

အဲ့ဒီအချက်အပြင် နောက်အရေးကြီးတဲ့အချက်က ဒီရွေးကောက်ပွဲဟာ သမိုင်း အညစ်အကြေး ဗရပျစ်ပေကျံနေတဲ့ မြန်မာ့တပ်မတော်ကို ဆေးကြောသုတ်သင် သန့်စင်ပေးနိုင်စွမ်း ရှိပါတယ်။ တကယ်လို့များ မြန်မာ့တပ်မတော်ဟာ ပရော်ဖက်ရှင်နယ်တပ်မတော်တခုလို ရိုးသားရဲရင့်စွာ ကြားနေခဲ့၊ ဘက်မလိုက်ဘဲ ရပ်တည်ခဲ့မယ်ဆိုရင်ပေါ့။

ဘယ်လိုကြားနေနိုင်မလဲဆိုရင် ပထမအချက်က စစ်ဗိုလ်စစ်သား၊ တပ်မတော်သားအားလုံး သူတို့ ယုံကြည်ရာ ပါတီကို မဲပေးနိုင်တဲ့ ခြိမ်းခြောက်မှုကင်းတဲ့ အခြေအနေပတ်ဝန်းကျင်ဖြစ်အောင် ခွင့်ပြုပေးဖို့ လိုပါတယ်။ ဒုတိယအချက်ကတော့ ထောင်ချထားသလို အရပ်သားပြည်သူတွေနဲ့ အဆက်ဖြတ်ခံထားရတဲ့ မြန်မာတပြည်လုံးက တပ်မိသားစုအားလုံးကို ပြည်သူတွေရဲ့ အစိတ်အပိုင်းတခု ဖြစ်အောင် ပြန်လည်ဆက်သွယ် ပေါင်းစည်းခွင့်ပေးဖို့ လိုပါတယ်။

အရေးအကြီးဆုံးကတော့ တပ်မတော်ရဲ့ ဘက်လိုက်မှုကို ကမ္ဘာသိ ထင်ထင်ရှားရှားပြသပြီး သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် စောင့်ရှောက်ပေးဖို့လိုသလို မှန်ကန်တဲ့ ရွေးကောက်ပွဲ ရလဒ်ကို ရဲရဲဝံ့ဝံ့ အသိအမှတ်ပြုမယ်ဆိုရင် ပြည်သူတွေ အားကိုးလေးစားထိုက်တဲ့ ပြည်သူချစ်သော တပ်မတော်ကြီး ပြန်ဖြစ်လာပါလိမ့်မယ်။

ဒါကြောင့် တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ပြန်ဆယ်နိုင်မယ့် ကြုံတောင့်ကြုံခဲ နောက်ထပ် အခွင့်အလမ်းဖြစ်တဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲကြီးမှာ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ တကယ့်ယောက်ျားကောင်း၊ ယောက်ျားမြတ် ဖြစ်စေတဲ့ အစဉ်အလာကောင်းတွေ ဖော်ထုတ်ပြသလို့ မိဘပြည်သူအပေါ် တင်ရှိခဲ့တဲ့ အတိတ်က အမှားကြွေးတွေ ပြန်ဆပ်နိုင်ကြပါစေ၊ အသုံးချခံဘ၀က လွတ်မြောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဒီဆောင်းပါးကို နိဂုံးချုပ်လိုက်ပါတယ်။

မင်းကောင်းချစ်

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013